ကချင်ပြည်နယ်၊ မိုးညှင်းမြို့လယ်ရှိ ညောင်ပင် အခွန်လွတ်ဈေးကို ဖျက်သိမ်းအပြီး နေရာသစ်တွင် နေရာချထားရေး အဆင်မပြေသည့်အတွက် ဒေသခံ စည်ပင်သာယာရေးကော်မတီ တရားစွဲခံရဖွယ် ရှိနေသည်။
နေရာသစ်ဖြစ်သော မြို့စွန်ရှိ အောင်သပြေအမှတ်(၂)ဈေးတွင် ဈေးသည်စုစုပေါင်း ၆၀၀ ကျော် ရှိရာ နေရာမရသူ ၂၀၀ ကျော် အလုပ်လက်မဲ့ဖြစ်နေသည်ဟု ဆိုသည်။
ဈေးဖျက်သိမ်းမှု မပြုလုပ်ရန် ဈေးသည်တို့က လွှတ်တော်သို့ စာပို့ခဲ့သည်ဟု သိရသည်။
“လွှတ်တော်ကို ၂ကြိမ်တိတိ စာတင်ခဲ့ပါတယ် ။ ဒါပေမယ့် ဘာမှမထူးခြားခဲ့ဘူး။ ဆန္ဒထုတ်ဖော်ဖို့ ရဲစခန်းကို လျှောက်တာလည်း အကြိမ်ကြိမ်ရှိပြီ ခွင့်ပြုမိန့်ရဖို့ အသာထား လျှောက်လွှာစာရွက်တောင်မရခဲ့ဘူး”
ဟု ညောင်ပင်ဈေး ဖျက်သိမ်းခြင်းနှင့် ပတ်သတ်၍ တရားမ၀င်ဆန္ဒထုတ်ဖော်မှုဖြင့် ထောင်ဒဏ်၂လ ကျခံခဲ့ရသော ကိုဗညားက ဆိုသည်။
- အခွန်လွတ်ပေးရန်၊
- ရောင်းချနေသောဈေးသည်များ အားလုံးကို နေရာပြန်လည်စီစဉ်ပေးရန်၊
- ဈေးအသစ်ဖွင့်လှစ်ပေးပြီး ဈေးအနီးတွင်ကားဂိတ်၊ သုံးဘီးဂိတ်စီစဉ်ပေးရန်
စသောအချက်များကို ၂၀၁၂နှစ်ကုန်ပိုင်းတွင် သဘောတူညီခဲ့သော်လည်း ယခုအချိန်ထိ စည်ပင်သာယာက စီစဉ်ပေးခြင်း မရှိဟု ငါးရောင်းသူတစ်ဦးကပြောသည်။
ရှေ့နေများကွန်ယက်ကို အကူအညီတောင်းသွားမည်ဖြစ်ပြီး ကတိပေးထားသောအချက်များကို မလိုက်နာမှုကြောင့် တရားမမှုဖြင့် တရားစွဲဆိုသွားမည်ဟုသိရသည်။
နောက်ဆုံးအကြိမ်သတိပေးစာအဖြစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ဇူလိုင်၁ရက်နေ့က စာပို့ထားကြောင်း သိရသည်။
၂ပတ်အတွင်း အကြောင်းပြန်ကြားခြင်း မရှိပါက တရားစွဲမည်ဟု သိရှိရသည်။
ဈေးပြောင်းရွှေ့ရေးကော်မတီတွင် ပါဝင်သော ခရိုင်အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် ...
“ညောင်ပင်ဈေးက အခု အောင်သပြေအမှတ်(၂)ဈေးဖြစ်သွားပါပြီ။ အစထဲက ညောင်ပင်ဈေးကို အခွန်လွတ်ဈေးရယ်လို့ တိတိကျကျ စာထုတ်ထားတာမရှိပါဘူး။ သူတို့ဘာသာသူတို့ ပြောနေကြတာပါ။ ဟိုဘက်ဈေးမှာလည်း ပျံကျရောင်းလို့ရပါတယ်” ဟု ခရိုင်ရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကဆိုသည်။
ဈေးနေရာတွင် ကြက်ခြေနီရုံးနှင့် ၀န်ထမ်းအိမ်ယာများဆောက်လုပ်ရန် ပန္နက်ရိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။
.
0 comments :
Post a Comment