၈၈ မှာ ကျဆုံးသူ ကိုစိုးနိုင်ရဲ့ မိသားစုကို ABSDF ထောက်ပံ့

Thursday, August 8, 2013

-

၈၈ အရေးအခင်းကာလမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရ လက်ထက် လုံခြုံရေးတပ်တွေရဲ့ လက်ချက်ကြောင့် ကိုဖုန်းမော်နဲ့အတူ သေဆုံးခဲ့တဲ့ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားက ကိုစိုးနိုင် ဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ် ကျောင်းသား

တပ်ဦး (ABSDF) က သူ့မိသားစုအတွက် ငွေကျပ် ၃ သိန်းကို ဒီနေ့ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

ပုသိမ်မြို့ ခါတော်မှီကျောင်းတိုက်မှာ ဒီကနေ့ကျင်းပတဲ့ ၈ လေးလုံး ၂၅ နှစ်မြောက် ငွေရတု အခမ်းအနားမှာ ABSDF က တပ်ရင်း ၈ ရဲ့တပ်ရင်းမှူး ဦးမင်းဇော်က ပုသိမ်သားဖြစ်တဲ့ ကိုစိုးနိုင်ရဲ့အစ်မကြီး မမြင့်မြင့်ရီကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။

“ကိုစိုးနိုင်အတွက် ကျနော်တို့ကျောင်းသားတပ်မတော်က ကူညီတာဖြစ်ပါတယ်။ ကိုစိုးနိုင်မျှော်မှန်းခဲ့တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရဖို့အတွက် ကျနော်တို့ ကျောင်းသား တပ်မတော်အနေနဲ့ ဆက်လက်ပြီးတော့ အဆုံးတိုင်ကြိုးပမ်းသွားပါ့မယ်ဆိုတဲ့အကြောင်း ရေးသားထားတဲ့စာလေးကို ပေးခဲ့ပါတယ်”လို့ တပ်ရင်းမှူး ဦးမင်းဇော်က ပြောပါတယ်။

ကိုစိုးနိုင်မိသားစုကို ABSDF အပြင် ပုသိမ်မြို့က ကွန်ရက်တွေ၊ လုပ်ဖော်ကိုင်ဘက်တချို့နဲ့ မြို့ခံတွေက အလှူငွေကျပ် ၁၈ သိန်းကျော် ၀ိုင်းဝန်းကူညီထောက်ပံ့ခဲ့ကြပါတယ်။

ခါတော်မှီကျောင်းတိုက်မှာပြုလုပ်တဲ့ ၈ လေးလုံးအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဝင်းနိုင်တက်ရောက်ခဲ့ပါတယ်။

“အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ပါတီတွေဆောင်ရွက်တာကို ပူးပေါင်းပါဝင်ချင်တဲ့အတွက် ၀န်ကြီးချုပ်က အခမ်းအနားတက်ဖို့ စီစဉ်ထားပါသေးတယ်။ နေပြည်တော်ကို အစည်းအဝေးသွားနေရလို့ မတက်ဖြစ်တာပါ။
အခုက တိုင်းအစိုးရကိုယ်စား ၀န်ကြီးချုပ် ကိုယ်စားလာတက်ပေးတာပါ။ ရှစ်လေးလုံးအမှတ်တရစကားအနေနဲ့ကတော့ လွန်ခဲ့တဲ့ ၂၅ နှစ်ကကြုံတွေ့ခဲ့ရသူတွေရဲ့ အဖြစ်အပျက်တွေ၊ အနေအထားတွေ ပုံရိပ်တွေ ပြန်သိခွင့် ရခဲ့ပါတယ်”လို့ ၀န်ကြီး ဦးကျော်ဝင်းနိုင်က ပြောပါတယ်။

အခမ်းအနားကို ၈၈ ပွင့်လင်းအဖွဲ့၊ ABSDF,  လူမှုကွန်ရက်တွေ၊ ကျောင်းသားသမဂ္ဂတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ စိတ်ပါဝင်စားတဲ့ မြို့ခံတွေ အင်အား ၅၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတွေ ကျောင်းဝင်းထဲမှာ ဆန္ဒပြနေတာကို ဦးနေ၀င်းဦးဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက  အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့အတွက် ကျောင်းသားကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ သေဆုံးခဲ့ပါတယ်။

အဲဒီလိုကျောင်းသား ၂ ဦး သေဆုံးမှုက အစပြုပြီး တက္ကသိုလ်ကျောင်းသားတွေ ဆက်လက်ဆန္ဒပြပြီးနောက်ပိုင်း သိပ်မကြာခင်မှာပဲ တနိုင်ငံလုံး အနှံ့အပြား ဆန္ဒပြမှုတွေပေါ်ပေါက်ခဲ့ပြီး ဦးနေ၀င်းရဲ့ မဆလတပါတီစနစ် ချုပ်ငြိမ်းခဲ့ရပါတယ်။

ဆလိုင်း သန့်စင်




.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved