ABSDF ဥက္ကဋ္ဌ ရဲဘော် သံခဲနဲ့ ၀န်ကြီး ဦးအောင်မင်း လက်ဆွဲနုတ်ဆက်စဉ်၊ ဓာတ်ပုံ- ညိုအုန်းမြင့်
အဲဒီနောက် သမ္မတ အကြံပေး တဦးလည်းဖြစ်၊ မြန်မာငြိမ်းချမ်းရေး စင်တာ MPC က ဦးလှမောင်ရွှေက ဒီလို သဘောတူ လက်မှတ်ရေးထိုးပွဲဖြစ်မြောက်လာဖို့ ဘယ်လို ဖြတ်သန်းခဲ့ရပြီး အခု ဘယ်လို ခံစားရတယ်ဆို တာ သူ့ဖေ့စ်ဘုတ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါတယ်။
နိုင်ငံသားတစ်ဦးရဲ့ ငြိမ်းချမ်းရေးမှတ်စု
(ABSDF နဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခြင်း)
၂၀၁၃ ခုနှစ် သြဂုတ်လ (၅) ရက်နေ့၊ ရန်ကုန်မြို့
ကျွန်တော့်အနေနဲ့ ဒီအပစ်အခတ်ရပ်စဲရေးတွေ လက်မှတ်ရေးထိုးနိုင်ဖို့ စခဲ့ကြတဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ကတည်းက တစ်ထောင့် တစ်နေရာက ပါဝင်ခဲ့သူ တစ်ယောက်အနေနဲ့ တစ်နှစ်ခွဲ ကျော်ကျော် ဖြတ်သန်း ခဲ့ပြီးမှ ရလာတဲ့ ရလဒ်အပေါ်မှာ နိုင်ငံသားတစ်ယောက်အနေနဲ့ ၀မ်းမြောက် ၀မ်းသာဖြစ်မိပါတယ်။
ဒီအပစ်အခတ်ရပ်စဲရေး Agreement ဟာ အစိုးရအဖွဲ့သစ်ရဲ့ (၁၄) ဖွဲ့မြောက် အပစ်အခတ်ရပ် စဲရေး ဖြစ် ပါတယ်။ တစ်ပြိုင်နက်ထဲမှာ ဆွေးနွေးညှိနှိုင်းနေဆဲ ဖြစ်တဲ့ ပလောင်လွတ်မြောက်ရေး တပ်မတော်(TNLA )နဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့(KIO) တို့နဲ့လည်း ဒီလိုမျိုး လက်မှတ်ရေးထိုးနိုင်ဖို့ ကျွန်တော့်အနေ နဲ့
မျှော်လင့်မိပါတယ်။
ABSDF ကျောင်းသားတပ်မတော်အနေနဲ့ ၁၉၈၈ လူထုလှုပ်ရှားမှုတွေ အပြီးမှာ သူတို့အနေနဲ့ လက်နက် ကိုင် လမ်းစဉ်နဲ့ ဆောင်ရွက်တာဟာ အဖြစ်နိုင်ဆုံးလို့ အဲဒီအချိန် အဲဒီအခါက ယုံကြည်ကြပြီးတော့ နယ်စပ်တွေ ကို ထွက်ခွါပြီး ကျောင်းသားတပ်မတော်ကို ထူထောင်ခဲ့ကြတဲ့ အဖွဲ့တွေပါပဲ။
အခုဆိုရင် ၈၈ ရဲ့ ၂၅ နှစ် ပြည့်မြောက်တဲ့ အချိန်မှာ ဒီလို အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး နိုင်တာ ဟာ အနာဂတ် အမျိုးသား ရင်ကြားစေ့ရေး၊ အားလုံးလိုချင်တဲ့ ဒီမိုကရေစီအရေးနဲ့ သိပ်မကြာခင် ဖြစ်လာ မယ် လို့ မျှော်လင့်ရတဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေး ညီလာခံကြီးဖြစ်မြောက်ရေးအပေါ်မှာ ပိုပြီးတော့ လမ်း ကျယ် ကျယ်ဖွင့်ရာရောက်တယ်လို့လည်း ကျွန်တော့်အနေနဲ့ မှတ်ယူမိပါတယ်။
သမ္မတဦးသိန်းစိန်အနေနဲ့ အစိုးရအဖွဲ့တက်လာပြီးတဲ့နောက်မှာ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့မှာ တစ်နိုင်ငံလုံးကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့တာ အားလုံးသိကြပါတယ်။
အဲ့ဒီနောက်ပိုင်း နောင်မှာ Chief Negotiator ဖြစ်လာမယ့် ၀န်ကြီး ဦးအောင်မင်း အနေနဲ့ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၉၊ ၂၀ မှာ KNU ကို ပထမဦးဆုံးအကြိမ်ဖိတ်စာပေးပြီးတဲ့ နောက်ပိုင်းမှာ ငြိမ်းချမ်းရေး
တွေ့ဆုံဆွေးနွေးမှုတွေ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာခဲ့တာ တွေ့ရပါတယ်။
KNU, NMSP အပါအ၀င် အခြားအဖွဲ့တွေကို သွားရောက်တွေ့ဆုံ ရင်းကနေပြီးတော့မှ ABSDF နဲ့ တွေ့ ဆုံဖို့ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလလောက်မှာ စပြီးတွေ့တယ်လို့ ကျွန်တော့်အနေနဲ့ မှတ်သားမိပါတယ်။
ပထမဦးဆုံး တွေ့ဆုံမှုကိုတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့ မှာ ဆောင်ရွက်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲ ကိုတော့ ကျွန်တော်တို့ရဲ့မိတ်ဆွေ ဦးညိုအုန်းမြင့် (ခု MPC မှာ တာဝန်ယူနေတဲ့သူ) က စပြီးတော့ တွေ့နိုင်ဖို့ စီစဉ်ပေး ခဲ့ပါတယ်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာစတွေ့တဲ့ပွဲမှာ ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ တွေ့ခဲ့ရ ပါတယ်။ ပထမဦးဆုံး တွေ့ဆုံဆွေးနွေးပွဲမှာတော့ အခက်အခဲများ ရှိခဲ့တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ ဒီကနေ့ အခြေနေရောက်လာဖို့အတွက် ဒီနေ့ဆွေးနွေးပွဲမှာ ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲ အနေနဲ့ ညွှန်းဆိုသွားတဲ့ ၀န်ကြီးဦးအောင်မင်းနဲ့ တွေ့ဆုံခဲ့တဲ့ ၃ ကြိမ်၊ Technical Teamနဲ့
တွေ့ ဆုံတဲ့၂ ကြိမ်အသီးသီး တွေ့ဆုံပြီး ပြင်ဆင်ခဲ့ရတယ်လို့ ပြောသွားပါတယ်။
ကျွန်တော့်အနေနဲ့ ၅ ကြိမ်လုံးမှာ ပါဝင်ခွင့် ရခဲ့သလို ၅ ကြိမ်ထက်ပိုတဲ့ ဆက်ဆံမှုတွေကို လဲ ဆောင် ရွက်နိုင် ပါတယ်။
နောက်တစ်ကြိမ် တွေ့ဆုံပွဲကိုတော့ ၂၀၁၂ ခုနှစ် ထဲမှာ ဆောင်ရွက်ခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာတော့ ဥက္ကဋ္ဌ ရဲဘော်သံခဲ ကိုယ်တိုင် ပါဝင်ခဲ့ပြီးတော့ ၀န်ကြီး ဦးအောင်မင်းနဲ့ ဆွေးနွေးခဲ့ပါတယ်။
ဒီဆွေးနွေးမှုတွေမှာ နှစ်ဖက်ညှိနှိုင်းမှုတွေက ပိုပြီးတော့ အနည်းငယ် နီးစပ်လာခဲ့တာကို တွေ့ရပါတယ်။ ၀န်ကြီးဦးအောင်မင်းနဲ့ တွေ့ဆုံပွဲတွေ အပြီးမှာတော့ ကျွန်တော်တို့ MPC အလုပ်အဖွဲ့ အနေနဲ့ သီးခြား ABSDF ခေါင်းဆောင်တွေနဲ့ ချင်းမိုင်မှာ ည ၁၂ နာရီ ခန့်အထိ ဆွေးနွေးဖြစ်ပါတယ်။
သူတို့ကိုလဲ ကျွန်တော်တို့နိုင်ငံထဲမှာ တစ်ကယ်ဖြစ်နေတဲ့ Reality ကိုလဲ အတတ်နိုင်ဆုံး ရှင်းပြဖို့ ကြိုးစား ခဲ့ ပါတယ်။
ဒီနေရာမှာတော့ အထွေထွေအတွင်းရေးမှုးလုပ်တဲ့ ရဲဘော်ဆန်နီရဲ့ ပိုပြီးတော့ ပါးနပ်လိမ္မာမှုနဲ့ သဘော ထား ကြီးမှုတွေကိုလဲ တွေ့ရပါတယ်။
ဝန်ကြီးဦးအောင်မင်း ဒီနေ့ပွဲမှာ ပြောဆိုသွားတဲ့ တိုင်းရင်းသား လူမျိုးစုတွေကြားမှာ နှစ်ပေါင်း ၂၄ နှစ်ကြာ
ဖြတ်သန်းခဲ့တဲ့ ABSDF ရဲ့အတွေ့အကြုံတွေဟာ အနာဂါတ် အမျိုးသား ရင်ကြားစေ့ရေးနဲ့ အားလုံး လိုချင် တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေမှာ အဖြေထုတ်ပြီး နှစ်ဖက်ကို မျှတတဲ့ အနေထားမျိုးဖြစ်အောင် Negotiator တွေဖြစ်နိုင်တယ်။
အဲ့ဒီကာလ မတိုင်ခင်မှာတော့ သူတို့ဟာ Peace Ambassador ငြိမ်းချမ်းရေး သံတမန်တွေလည်း ဖြစ်နိုင်ပါ တယ် ဆိုတာကိုလည်း ထပ်ပြီးတော့ ကျွန်တော်တို့ High Light လုပ်ခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ ABSDF က ဆက်သွယ်ရေး အရာရှိလို့ ပြောလို့ရမယ့် ရဲဘော် ကျော်ကျော်လင်း နဲ့ ကျွန်တော်တို့ ဖက်ကတော့ ဒေါက်တာမင်းဇော်ဦး၊ ဦးညိုအုန်းမြင့်နဲ့ ကျွန်တော်တို့က ဆက်ပြီးတော့
ဆောင်ရွက်ခဲ့ကြပါတယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ ၀န်ကြီးဦးအောင်မင်းအနေနဲ့ ABSDF အဖွဲ့ကို ပြည်တွင်းမှာ လေ့လာရေးလာဖို့ စီစဉ်ပေးခဲ့ပါတယ်။ အဲ့ဒီအဖွဲ့ကိုတော့ ရဲဘော်သံခဲဦးဆောင်ပြီးတော့ ပထမဦးဆုံး အကြိမ် နှစ်ပေါင်း ၂၄ နှစ်ကျော် အကြာမှာ သူတို့တွေ ပြည်တွင်းကို အလည်လာနိုင်ခဲ့ကြပါတယ်။
သူတို့အားလုံး မိဘရပ်ဌာနေ ပြန်နိုင်ကြတယ်။ သူတို့ တွေ့ချင်တဲ့ လူတွေကို လွတ်လွတ်လပ်လပ်
တွေ့နိုင်ခဲ့တယ်။ ပြီးတော့ နောက်ဆုံး သူတို့ပြန်ခါနီး MPC မှာ သတင်းစာ ရှင်းလင်းပွဲ တစ်ခုလဲ သူတို့
ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်တို့နဲ့လည်း အလွတ်သဘောတွေ ထပ်ပြီးတော့ ဆွေးနွေးနိုင်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ သူတို့တွေ ပြန်လည်ထွက်ခွါသွားကြပါတယ်။
၂၀၁၂ ခုနှစ် မေလထဲမှာတော့ ရဲဘော်ဦးဆန်နီ ဦးဆောင်တဲ့ ABSDF ရဲ့ Technical Team ဟာ မြန်မာ
နိုင်ငံ ထဲကို နောက်ထပ် တစ်ကြိမ် လာရောက်ခဲ့ပါတယ်။ သူတို့ MPC မှာပဲ တည်းကြပြီးတော့ MPC က အလုပ်အဖွဲ့ တွေနဲ့ နှစ်ရက်တာ ဆွေးနွေးပွဲတွေကို လုပ်ခဲ့ပါတယ်။
Technical Team level မှာအလွတ်သဘော နွေးနွေးထွေးထွေး ဆွေးနွေးနိုင်တဲ့အတွက် ABSDF အဖွဲ့ စဉ်းစားတဲ့ အနေအထားကို ကျွန်တော်တို့ ပိုမိုနားလည်ခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့ MPC မှာကိုက ABSDF ဟောင်းတွေဖြစ်တဲ့ ဦးအောင်နိုင်ဦးနဲ့ ဒေါက်တာ မင်းဇော်ဦး တို့ ရှိနေပြီးသားဖြစ်တဲ့အတွက်လည်း နှစ်ဖက် ညှိနှိုင်းဆွေးနွေးရတဲ့ နေရာမှာ ပိုမိုပြီးတော့ လွယ်ကူတယ်လို့ ထင်ပါတယ်။
နှစ်ရက်တာ တွေ့ဆုံဆွေးနွေးပွဲအပြီးမှာတော့ ရဲဘော်ဆန်နီ တို့အဖွဲ့ ပြန်လည်ထွက်ခွါ သွားပါတယ်။
နောက်ဆုံး ညှိနှိုင်းမှုကိုတော့ ၂၀၁၃ ခုနှစ် ဂျူလိုင်လလယ်မှာ MPC ဖက်က Technical Team ချင်းမိုင်ကို သွားတဲ့အချိန်မှာ နှစ်ရက်တာ တွေ့ဆုံဆွေးနွေးပွဲတွေ နောက်ဆုံး အပြီးသတ် ညှိနှိုင်းခဲ့ပါတယ်။
ဖြစ်နိုင်ခြေအများစုကို ကျွန်တော်တို့ဖက်ကနေပြီးတော့ တင်ပြခဲ့ပြီးတော့ ABSDF ဖက်က ပေးတဲ့ အချက် အလက်များကိုလည်း ၀န်ကြီးဦးအောင်မင်းဦးဆောင်တဲ့ လုပ်ငန်းကော်မတီ ဖက်ကို ပြန်လည်ပေးပို့ ခဲ့ပါတယ်။
စုစုပေါင်း နှစ်ရက်တာ ၉ နာရီလောက် ကြာတဲ့ ဆွေးနွေးပွဲတွေ ကနေပြီးတော့ နှစ်ဖက် အပစ်အခတ် ရပ်စဲရေး ဖြစ်နိုင်ချေတွေကို အများဆုံး ညှိနှိုင်းနိုင်ခဲ့ကြပါတယ်။
အခု ဒီရလာဒ်က နှစ်ဖက် အပစ်အခတ် ရပ်စဲရေးအထိ ဖြစ်မြောက်လာခဲ့ပါတယ်။ ဇူလိုင်လ လယ်ကစပြီး ABSDF နဲ့ အစိုးရ လက်မှတ်ရေးထိုးနိုင်ဖို့အတွက် အသေးစိတ် Logistic ကိစ္စရပ်တွေကို ဒေါက်တာ မင်းဇော်ဦးနဲ့ MPC အဖွဲ့ဝင်တွေ နေ့တိုင်း ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။
ABSDF အနောက်ပိုင်းက (၅)ဦး၊ မြောက်ပိုင်းက (၅)ဦး၊ ဗဟိုက စုစည်းထားတဲ့ (၂၄)ဦး စုစုပေါင်း (၃၄) ဦးတို့ ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။
ဒီနှစ်ဖက် အပစ်အခတ် ရပ်စဲရေးဟာ ပြည်ထောင်စု အစိုးရအဖွဲ့ နိုင်ငံတော် သမ္မတဖက်က ချပေးထားတဲ့ မူဝါဒအရ ပြည်နယ်အဆင့် ဖြစ်ပါတယ်။ ABSDF အဓိက အင်အားစုတွေရှိတဲ့ ကရင်ပြည်နယ် တာဝန်ရှိတဲ့ နယ်လုံဝန်ကြီးနဲ့ ပြည်နယ်အဆင့် လူတွေ တက်ရောက်ပေမယ့်အများစုကတော့ ပြည်ထောင်စု အဆင့် ဖြစ်
နေ တာကိုလည်း တွေ့ရပါတယ်။
ဒါကတော့ ၀န်ကြီးဦးအောင်မင်းနဲ့ အစိုးရအဖွဲ့ဖက်က ABSDF အပေါ်မှာ အလေးအနက် ထားပြီးတော့ အဖွဲ့ကြီးသည်ငယ်သည် မဟုတ်ဘဲနဲ့ ငြိမ်းချမ်းရေးအတွက်ကို အာရုံစိုက်တဲ့ သဘောမျိုး မှတ်ယူပါတယ်။ ထူးထူးခြားခြား ဒီပွဲမှာ တပ်မတော်ဖက်က ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း ကိုယ်တိုင် တက်ရောက် ခဲ့တာ တွေ့ပါတယ်။
ပြည်ထောင်စု ၀န်ကြီးတွေ ဖြစ်ကြတဲ့ ၀န်ကြီး ဦးအောင်မင်း၊ ၀န်ကြီး ဦးအုန်းမြင့်၊ ၀န်ကြီး ဦးခင်ရီ၊ ၀န်ကြီး ဦးဇေယျာအောင် တို့ တက်ရောက်ခဲ့ပြီးတော့ ပြည်နယ်နယ်လုံဝန်ကြီး၊ ပြည်နယ်အဆင့် ဥပဒေချုပ် အပါ အ၀င် ပြည်နယ်အဆင့် တာဝန်ရှိသူများလည်း တက်ရောက် ခဲ့ပါတယ်။ တပ်မတော်ဘက်က အရာရှိကြီး
တွေလည်း တက်ရောက်ခဲ့ပြီးတော့ လွှတ်တော်များက ကိုယ်စားလှယ်နှစ်ဦးလည်း တက်ရောက်ပါတယ်။
ဒါအပြင် ABSDF က အဆိုပြုခဲ့တဲ့ Observer များဖြစ်ကြတဲ့ ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နဲ့ ဦးမြအေးတို့လဲ တက်ရောက်ခဲ့ပြီးတော့ ABSDF နဲ့ ၀န်ကြီးဦးအောင်မင်း၊ MPC တို့ကြား ထဲမှာ ကူညီခဲ့တဲ့ Emma Lesley နဲ့ အထောက်အကူပြုပေးတဲ့ နီပွန်ဖောင်ဒေးရှင်းလဲ တက်ရောက်ခဲ့ ပါတယ်။
ကျောင်းသားနိုင်ငံရေးပါတီများဖြစ်တဲ့ မြန်မာ့လူ့ဘောင်သစ် ပါတီကဦးဇင်လင်းနဲ့ မြန်မာအမျိုးသား ကွန်ဂရက် ပါတီက ဦးကောင်းမြင့်ထွဋ် တို့ နှစ်ယောက်လည်း Observer အနေနဲ့ တက်ရောက် ခဲ့ပါတယ်။
ဝန်ကြီး ဦးအောင်မင်းရဲ့ အဖွင့်နှုတ်ခွန်းဆက် စကားမှာ ဒီနေ့ကြိုးစားဆောင်ရွက်မယ့် အပစ်အခတ် ရပ်စဲမှုဟာ ABSDF နဲ့ အစိုးရ ရဲ့ အပစ်အခတ် ရပ်စဲရေးမဟုတ်ဘဲနဲ့ နောက်တစ်ဆင့် အမျိုးသား ရင်ကြားစေ့ရေး အနေနဲ့ တွေ့ဆုံဆွေးနွေးမှုပွဲ ဖြစ်မြောက်ဖို့အတွက် ခြေလှမ်းဖြစ်တယ် ဆိုတာကို လဲ ထောက်ပြသွားပါတယ်။
ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းဖက်ကလည်း တပ်မတော် အရာရှိကြီး တစ်ဦးအနေနဲ့ ပြောသွားတဲ့ စကားတွေကလည်း ကျွန်တော်တို့အတွက်တော့ ထည့်သွင်းစဉ်းစားစရာ အများကြီးရပါတယ်။
ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲဖက်က ပြောသွားတဲ့စကားတွေကလည်း သူတို့ရဲ့ ရပ်တည်ချက် ကျောင်းသား
တွေ ရဲ့ သဘောထားတွေကိုလည်း တိတိကျကျ ပြောသွားပါတယ်။
ဒီနေ့ အခမ်းအနားကတော့ ကြိုတင်ညှိနှိုင်းမှုတွေ အများကြီး လုပ်ခဲ့ပြီးတဲ့အတွက် Agreement အတွက် စကားလုံးရွေးချယ်မှုနဲ့ တိတိ ကျကျ အဓိပ္ပါယ်ဖွင့်ဆိုမှုတွေက အဓိကဖြစ်ပါတယ်။
လက်မှတ်ရေးထိုး ပြီးတဲ့အခါမှာ နှစ်ဖက် အပြန်အလှန် လက်ဆွဲနှုတ်ဆက်တဲ့အခါမှာ ကျွန်တော့်ရင်ထဲမှာ မဖော်ပြနိုင်တဲ့ ခံစားချက်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဒီနေရာမှာ ၀မ်းသာမှုတွေ၊ ၀မ်းနည်းမှုတွေ ရောထွေးနေတယ်လို့ ထင်ပါတယ်။ ၀မ်းသာတာကတော့ ကိုယ်ယုံကြည်တာကို ယုံကြည်ချက်အတိုင်း ဆောင်ရွက်ခဲ့တဲ့ ၂၅ နှစ်တာ အပြီးမှာ တွေ့ဆုံဆွေးနွေးရေး သည်သာ အဓိက အဖြေထုတ်ဖို့ဖြစ်တယ်။
ဒါကြောင့်အပစ်အခတ် ရပ်တယ်ဆိုတာပါ။ ၂၅ နှစ်ကျော် ကာလအတွင်းမှာ ရဲဘော်သံခဲ ပြောဆိုခဲ့တဲ့ ကျဆုံးခဲ့တဲ့ ABSDF ရဲဘော် ၆၀၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ ၄၀၀ ကျော်ဆိုတာဟာ ကျွန်တော့်ရဲ့ သားသမီးတွေဖြစ်ရင် ကျွန်တော့်ရဲ့ ညီအစ်ကို မောင်နှမတွေဖြစ်ရင် ဆိုတဲ့ ခံစားချက်ကလည်း ကျွန်တော့် ကို မသက်မသာဖြစ်စေတယ်လို့ ထင်ပါတယ်။
အားလုံးက ကျွန်တော်တို့ ပြည်သူလူထု ညီအစ်ကိုမောင်နှမတွေ မဟုတ်လား။ ထပ်ပြီးဝမ်းသာတာကတော့ အပစ်အခတ် ရပ်စဲရေးမှသည် အားလုံးလိုချင်တဲ့ ဒီမိုကရေစီနိုင်ငံသစ် ကြီးဆီသို့ သွားနိုင်ဖို့ အတွက် ၀ိုင်းဝန်း အဖြေရှာမယ့် နိုင်ငံတော်သမ္မတ ညွှန်းဆိုတဲ့ All Inclusive ဆိုတဲ့  Political Dialogue ပိုရောက်
နိုင်တဲ့ ခြေလှမ်းတစ်ခု ရတယ်လို့ ထင်ပါတယ်။
ဒီနေရာမှာ KNU ခေါင်းဆောင်၊ KNU ဥက္ကဋ္ဌ အဘမူတူးဆေးဖေါ ပြောတဲ့စကားကို ညွှန်းပါရစေ။ ကရင်
တော်လှန်ရေး ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှာ ၆၄ နှစ်ပြည့်ခဲ့ပါပြီ။ သူ့အသက်လဲ ၈၂ နှစ် ကျော်ခဲ့ပါပြီ။ သူလက်ရှိ လက်နက်ကိုင်တိုက်ပွဲဝင်လာတာ ၂၀၁၂ ခုနှစ် လက်မှတ်ရေးထိုးတဲ့ အချိန်ထိဆိုရင်
တော်လှန်ရေးသက် ၆၂ နှစ်ရှိပါပြီ။ နှစ်ပေါင်းများစွာအတွင်း ဘယ်သူ့ဘက်ကမှ အပြတ်မချေမှုန်းနိုင် ခဲ့ပါဘူး။
ဒီ zero sum game က တိုင်းပြည်ကို ဆင်းရဲတွင်း နက်စေတယ်။ ဒုက္ခတွင်းထဲကို တွန်းပို့ခဲ့တယ်။ အခု ဘယ်သူက သူ့ကို ဘာပြောပြော သူငြိမ်းချမ်းရေးကို မရရအောင် ကြိုးစားဆောင်ရွက်မယ်။ သူ့ကို လူဆိုးကြီးပြောပြော အရူးကြီးပြောပြော ငြိမ်းချမ်းရေးရမှ ဖြစ်မယ်လို့ ပြောခဲ့ပါတယ်။
အဘ မူတူးဆေးဖေါ ပြောတဲ့အထဲမှာ ငါတို့နိုင်ငံ၊ ငါတို့ သမ္မတ ဆိုတာကိုလည်း ထည့်သုံးသွားပါ တယ်။ မြန်မာနိုင်ငံဟာ ကျွန်တော်တို့ ခင်ဗျားတို့ အားလုံးရဲ့နိုင်ငံ၊ အနာဂါတ် သားစဉ်မြေးဆက်တွေ ရဲ့ နိုင်ငံပါပဲ။
ဒီနိုင်ငံကို ပိုမိုကောင်းမွန်တဲ့ အခြေအနေနဲ့ သူတို့ကိုလွှဲပေးခဲ့ဖို့ ငြိမ်းချမ်းရေးလိုပါတယ်။ ထာဝရ ငြိမ်းချမ်းရေး ရဖို့ ဆက်ကြိုးစားရပါဦးမယ်။
ဒီကနေ့ အပစ်အခတ်မှုကနေ သိပ်မကြာခင်မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲမှုကို ဆောင်ရွက်နိုင်မယ့် Nation Wide Ceasefire Accord ကိုသွားနိုင်ဖို့လိုပါတယ်။
ပြီးရင်ပါဝင်သင့်ပါဝင်ထိုက်တဲ့သူတွေပါဝင်ပြီး ပြည်တွင်းမှာ ကျင်းပဆွေးနွေး အတည်ပြုမယ့် Frame work meeting တစ်ခု ဆောင်ရွက်ကြရပါဦးမယ်။ ဒီ Frame work meeting ကနေအနာဂါတ် နိုင်ငံရေး
ဆွေးနွေးပွဲကြီးမှာ အားလုံးပါဝင်နိုင်ဖို့ ဆွေးနွေးမယ့်အကြောင်း အရာ၊ ကော်မတီတွေ၊ Time line တွေ နဲ့ လိုအပ်တာတွေ ဆုံးဖြတ်နိုင်ကြမယ်ထင်ပါတယ်။
အဲ့ဒီနောက် သူတို့ရဲ့ Time line အတိုင်း အနာဂါတ် မြန်မာပြည်နဲ့ စစ်မှတ်တဲ့ ငြိမ်းချမ်းရေးရဖို့တိုင်းရင်း သားတွေ တောင်းဆိုတဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှရေး၊ Federal အရေးတွေလည်း ဆွေးနွေး အဖြေထုတ်နိုင်ကြဖို့ သာမန်နိုင်ငံသား တစ်ဦးအနေနဲ့ မျှော်လင့် စောင့်စားနေပါတယ်။
ဆွေးနွေးပွဲ ရောက်လာခဲ့ရင်လည်း အစွန်းနှစ်ပါးကို ရှောင်နိုင်ကြပြီး ဆင်ခြင်တုံတရား ကိုယ်ချင်းစာတရား ၊ စိတ်ရှည်သီးခံမှု၊ သဘောထားကြီးမှုတွေနဲ့ ဆွေးနွေးညှိနှိုင်း နိုင်ကြဖို့ကိုလဲ နိုင်ငံသား တစ်ဦးအနေနဲ့ တိုက်တွန်းလိုပါတယ်။
ကျွန်တော်တို့ ငြိမ်းချမ်းရေး ရကြမှ ဖြစ်ပါမယ်။
လှမောင်ရွှေ ~
ဆက်စပ်သတင်း
အစိုးရနှင့် ABSDF ပြည်နယ်အဆင့် အပစ်ရပ် လက်မှတ်ထိုး
0 comments :
Post a Comment