မော်စကိုမှာခိုလှုံခွင့်ရသွားတဲ့ စနိုးဒင် နဲ့ နောက်ဆက်တွဲအခြေအနေ

Thursday, August 8, 2013

.
   ထောက်လှမ်းရေးဟောင်း စနိုးဒင်ကို အမေရိကန်ပြန်ပို့ပေးဖို့ တောင်းဆိုခဲ့ပေမယ့်  ရုရှားနိုင်ငံက တနှစ်တာ ခိုလှုံခွင့် ပေးလိုက်တဲ့အတွက် "စိတ်ပျက်မိတယ်" လို့ သမ္မတအိုဘားမားက အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။


စနိုးဒင် ခိုလှုံခွင့်ရပြီး ပထမဆုံး ထွက်ပေါ်လာတဲ့ အိုဘားမားရဲ့ မှတ်ချက်ပါပဲလို့ နိုင်ငံတကာသတင်းတွေမှာ ရေးထားကြပါတယ်။

အမေရိကန်အစိုးရရဲ့ ထောက်လှမ်းရေးဆိုင်ရာ ထိပ်တန်းလျှို့ဝှက်ချက်တွေကို ပေါက်ကြားစေခဲ့တယ် ဆိုတဲ့ စနိုးဒင်က ပြည်ပမှာ တိမ်းရှောင်နေခဲ့ရပြီး မော်စကိုလေဆိပ်မှာ ရက်အတန်ကြာ ပိတ်မိနေခဲ့တာပါ။

အခုလို ရုရှားအစိုးရက ခိုလှုံခွင့်ပြုလိုက်တဲ့အတွက် အိုဘားမား ရှေ့လထဲ ရုရှား သွားမယ့်အစီအစဉ် အတိုင်းအတာ တခုအထိ  ထိခိုက်နိုင်ပါတယ်။

ရုရှားနိုင်ငံ စိန်ပီတာစဘတ်မြို့မှာ ကျင်းပမယ့် နိုင်ငံတကာညီလာခံတခုကို အိုဘားမား တက်ဖို့ စီစဉ်ထားပါတယ်။
ဒီအတိုင်းဆိုရင် ရုရှားသမ္မတ ပူတင်နဲ့ သူတွေ့ချင်မှ တွေ့ပါတော့မယ်။

နယူးယောက်မြို့ 9/11 အကြမ်းဖက်မှုနဲ့ ရင်ဆိုင်ရအပြီးမှာ  အမေရိကန်က ထောက်လှမ်းရေးလုပ်ငန်းကို ပိုမို တိုးချဲ့လာဟန် ရှိပါတယ်။
အဲဒီထဲမှာ တယ်လီဖုန်း ကြားဖြတ်နားထောင်မှု၊ အီးမေးတွေ ခိုးဖတ်မှုတို့လည်း အပါအ၀င် ဖြစ်ပါတယ်။
ဒီလို ထောက်လှမ်းရေးလုပ်ရပ်တွေကို ဆက်လုပ်ခွင့်ပြုရေးနဲ့ ပတ်သက်ပြီး အမေရိကန်မှာ ထောက်ခံသူ အများအပြား ရှိသလို ကန့်ကွက်သူလည်း မနည်းမနောပါပဲ။

အမေရိကန်က တခြားနိုင်ငံက ပြည်သူတွေကနေ အစိုးရပိုင်းအထိ အတွင်းကျကျ ထောက်လှမ်းရေးလုပ်နေတာပါ။
ဒီအကြောင်း စနိုးဒင်ရဲ့  ဖွင့်ချချက်များထဲမှာ ပါဝင်တာကြောင့် နိုင်ငံတကာမှာ ပွက်လောရိုက်သွားပြီး  အမေရိကန်အစိုးရလည်း ဂွကျနေပါပြီ။

ထောက်လှမ်းရေးလုပ်ခံရတဲ့အစိုးရတွေကလည်း အမေရိကန်ကို ဒေါသထွက်ကြပါတယ်။ သူတို့ကိုရော သူတို့ရဲ့ ပြည်သူတွေကိုပါ အမေရိကန်ရဲ့ ထောက်လှမ်းရေးလုပ်မှုက တရားလွန်လွန်းတယ်ပေါ့လေ။

ဒီအစိုးရတွေက ဒေါသထွက်တယ် ဆိုသော်ငြားလည်း ဖော်ကောင် စနိုးဒင်ကို ခိုလှုံခွင့်ပေးဖို့တော့ လက်တွန့်ကြပါတယ်။

ဒါနဲ့ပဲ စနိုးဒင်ဟာ မော်စကိုလေဆိပ်မှာ ရက်ပေါင်းများစွာ သောင်တင်ခဲ့ပါတယ်။
သောင်တင်နေတဲ့ရက်များမှာ ရုရှားအစိုးရဆီက လေသံမာမာပဲ ထွက်ခဲ့တာပါ။
ခိုလှုံခွင့် မပေးဘူး ပေါ့လေ။
အစိုးရက လက်မခံသေးချိန်မှာ  စပိုင်ဟောင်း အလှမယ် အင်နာချပ်မင်းဆိုသူက စနိုးဒင်ကို သနားစိတ်ဝင်ခဲ့ပါတယ်။ ဒီအကြောင်းကို ဧရာဝတီဘလော့မှာ
ပြေးနေရတဲ့ စနိုးဒင်ကို ရုရှ အမျိုးသမီး ကယ်တင်မယ်  ဆိုပြီး ဖော်ပြခဲ့ပါတယ်။ လင့်က
http://blog.irrawaddy.org/2013/07/blog-post_4582.html ဖြစ်ပါတယ်။

အခုတော့  စနိုးဒင်က ရုရှားမှာ တနှစ်တာ ခိုလှုံခွင့် ရသွားပါပြီ။
သူ ဘယ်မှာ ရှိတယ်၊ ဘယ်လို နေထိုင်တယ် ဆိုတာကိုတော့ သူ့အကျိုးဆောင် ရှေ့နေက ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ စနိုးဒင်ရဲ့ လုံခြုံရေးအတွက်ပါ။

စနိုးဒင်က ထိပ်တန်းလျှို့ဝှက်ချက်တွေကို ပေးလိုက်တာ Glenn Greenwald ဆိုတဲ့ သတင်းထောက်တယောက်ကို  ဖြစ်ပါတယ်။

သူပေးလိုက်တဲ့ အမေရိကန်ထောက်လှမ်းရေးဌာန National Security Agency ရဲ့ လျှို့ဝှက်ဖိုင်ပေါင်းပေါင်းက တသောင်းခွဲထက်မနည်း ရှိတယ်လို့ ဆိုတယ်။
ဖတ်စရာ များလွန်းလို့ အချိန်ယူပြီး ဖတ်ပါလိမ့်မယ်။ ပြီးရင် မီဒီယာမှာ ဖိုင်တွေ တခုပြီးတခု ဖွင့်ချဖွယ် ရှိနေပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved