ဒုက္ခတွေ ရင်ဆိုင်ခဲ့ရလို့ ထိုင်း ရောက် မြန်မာအလုပ်သမားတချို့ ပြည်တော်ပြန်

Sunday, August 25, 2013

ထိုင်းနိုင်ငံကို မြန်မာနိုင်ငံကနေ လာရောက်အလုပ်လာလုပ်ရင်း ရင်ဆိုင်ရတဲ့ ဒုက္ခတွေအကြောင်း ပြောပြ ထားတဲ့ မြန်မာပြည် ပြန်သွားကြတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားများ ရဲ့ ရင်ဖွင့်ထားချက်များပါ။ 

 ထိုင်းနိုင်ငံမှာ ဒုက္ခတွေရင်ဆိုင်ခဲ့ရလို ပြည်တော်ပြန်ကြတဲ့ မြန်မာအလုပ်သမား၊ ဓာတ်ပုံ- ဦးဇောတိက

မြန်မာ- ထိုင်း ၂ နိုင်ငံ နားလည်မှု စာချွန်လွှာ MoU ဆိုတာနဲ့ မြန်မာနိုင်ငံက တရားဝင် အလုပ်သမား စေလွှတ်ခွင့် ရထားတဲ့ ကုမ္ပဏီတွေက တဆင့် ထိုင်းနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကြတဲ့ သူတချို့ ထိုင်းနိုင်ငံလုပ်ငန်းခွင်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ 

သူတို့ရဲ့ မြန်မာနိုင်ငံသား ပါ့စ်ပို့ကို ထိုင်းအလုပ်ရှင်က သိမ်းထားတာလည်း ခံရသူတွေပါ။ အလုပ်ခွင်ထဲ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ၊ တရားမမျှတမှုတွေကြောင့် ထိုင်းနိုင်ငံကို စိတ်နာပြီး အလုပ်ရှင် သိမ်းထားတဲ့ ပါ့စ်ပို့ကိုပင် မယူတော့ဘဲ အားကိုးရာ ဘန်ကောက်မြို့ က မြန်မာဗုဒ္ဓဘာသာ ဆရာတော် ဦးဇောတိက ထံ အပြေး ခိုလှုံကာ ပြည်တော်ပြန်ရေး ကြိုးစားကြသူတွေလည်း ဖြစ်ပါတယ်။ 

ဦးဇောတိက ဆိုတာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အောင်သပြေကျောင်း ဆရာတော်ဖြစ်ပြီး အခက်အခဲ တွေ ရင်ဆိုင်နေကြရတဲ့ မြန်မာအလုပ်သမားတွေ၊ မြန်မာနိုင်ငံသားတွေကို အကူအညီပေးနေတာပါ။

ဦးဇောတိက ဆီ အလာလမ်းမှာ ထိုင်းရဲတွေရဲ့ ပါ့စ်ပို့မပါလာလို့ ငွေညှစ်တာလဲ သူတို့ မှာ ခံစားလိုက်ရ ပါသေး တယ်။ သူတို့ရဲ့ အခက်အခဲကို ဆရာတော် ဦးဇောတိက ကူညီပေးခဲ့ပြီး ယမန်နေ့ကတော့ မဲဆောက်ကတဆင့် မြန်မာပြည်ကို ပြန်သွားကြပါပြီ။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ အလုပ်သမား ရပိုင်ခွင့်တွေကို အရင် စစ်အစိုးရများ လက် ထက် ကတော့ မြန်မာသံရုံးဆိုတာက ကူညီမှုတွေ မရှိခဲ့သလို ငဲ့မကြည့်ခဲ့ကြပါဘူး။ အခုနောက်ပိုင်း ကူညီမှုတွေ ရှိလာပေမယ့် လုံလောက်တဲ့ အနေအထားတော့ မရှိသေးပါ။

နိုင်ငံခြား ဆိုပြီး  အထင်ကြီးစရာ လို့ ထင်နေကြသူတွေ မြန်မာပြည် ပြင်ပ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေရ သူတွေဟာ နေ့စဉ်ဘ၀ကို ဘယ်လို ရုန်းကန်လှုပ်ရှားနေကြရတယ်ဆိုတာ ပြည်တွင်းနေ မြန်မာအတော်များ များ မသိကြပါဘူး။  ဒီဗီဒီယို ဖိုင်ကြောင့် ပြည်ပမှာ အလုပ်လုပ်နေရသူတွေ အပေါ် တစုံတရာ နားလည် သွားကြမယ် ထင်ပါတယ်။


အိမ့်သံစဉ် ~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved