အာကာကျော် ဂရပ်ဖ်တီလာဆွဲဖို့ နေပြည်တော် ဖိတ်ခေါ်

Tuesday, August 20, 2013

 ~



 ရန်ကုန်မှာ ပိတ်ပင်မှုနဲ့ ကြုံရတဲ့ လမ်းဘေးပန်းချီဖန်တီးသူ အာကာကျော်ကို အစိုးရက နေပြည်တော်လာဖို့ ဖိတ်လိုက်ပါပြီ။
နေပြည်တော်မှာ လမ်းဘေးပန်းချီ ဂရပ်ဖ်တီ ဆွဲဖို့ ဖိတ်လိုက်တာပါ ဆိုပဲ။


မနေ့က ဧရာဝတီကို အာကာကျော် ပြောပြတာက လာမယ့် နေပြည်တော် အားကစားရုံမှာ နံရံပန်းချီ ဖန်တီးဖို့ လေ့ကျင့်နေပါတယ် တဲ့။

ကျွန်းဆွယ်အားကစားပွဲကျင်းပရေးကော်မတီဝင် တဦးက ကျနော့်ကို ဖိတ်ထားပါတယ်၊  သိပ်မကြာသေးပါဘူး လို့ သူက ဧရာဝတီသတင်းဌာနကို ပြောပါတယ်။

အာကာကျော်က အိုဘားမားကြီး ရန်ကုန်လာတော့ အိုဘားမားပုံကို လမ်းဘေးအုတ်နံရံတခုမှာ ဆွဲပါတယ်။ အဲဒီပုံကြောင့် အာကာကျော်ကို အများက သတိပြုမိလာကြတာပါ။

နောက်ပိုင်း သမ္မတ ဦးသိန်းစိန်ကြီးပုံကို ဆွဲပါတယ်။
 ဦးသိန်းစိန်ကြီးပုံကို ဆွဲတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သူ့ကို အရေးယူပါလေရော။

အိုဘားမားကြီးနဲ့  ဦးသိန်းစိန်ကြီးတို့ ဘယ်လို ကွာခြားသလဲ၊ ဒါမှမဟုတ် ဦးသိန်းစိန်ကြီးပုံမှာ အရောင်နည်းနည်းပိုသွားလို့လား။
အင်း ... အဲဒါတွေကို စည်ပင်သာယာရေးကော်မတီက ထည့်မပြောပါဘူး၊ ပြောတာက ဒီပုံတွေဟာ မြို့အလှကို ပျက်စေတယ် ဆိုလားပဲ။
ဦးသိန်းစိန်ကြီး ဒီကိစ္စ သိများ သိသွားရင် စိတ်ဆိုးကောင်း ဆိုးသွားနိုင်ပါတယ်။

လာမယ့် ဒီဇင်ဘာ ဆိုရင် အရှေ့တောင်အာရှ ဆယ်နိုင်ငံ နဲ့ အရှေ့တီမောတို့က အားကစားသမားတွေ မြန်မာပြည်လာပြီး ကျွန်းဆွယ်အားကစားပွဲ ၀င်ပြိုင်ကြမှာပါ။

သူတို့ကို ကြိုဆိုကြမယ့်ထဲမှာ အာကာကျော်ရေးခြယ်မယ့် နံရံပန်းချီတွေလည်း ပါဝင်ပါလိမ့်မယ်။

မူရင်းသတင်းကို ဧရာဝတီ ပင်မစာမျက်နှာ http://www.irrawaddy.org/archives/42317 မှာ ဖတ်နိုင်ပါတယ်။

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved