~
ကျွန်မတို့ပြောပြောနေကြသော၊ ကျွန်မတို့ကြားကြားနေသော ဒီမိုကရေစီဆိုသည်မှာ အဘယ်နည်း ဟုဆိုလျှင် ပြည်သူသဘောကျ အုပ်ချုပ်သော လူတန်းစားကို ကိုယ်တိုင် လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသော၊ နိုင်ငံရေးရာကို နိုင်ငံသားတိုင်း ပါဝင်လှုပ်ရှားနိုင်သော၊ နိုင်ငံသားအားလုံး၏ လူ့အခွင့်အရေးများကို ကာကွယ်နိုင် သော၊ နိုင်ငံသားတိုင်းကို တူညီသော ဥပဒေကို ခံစားရရှိစေသော အုပ်ချုပ်ရေးစနစ်ဟု နိုင်ငံရေးပညာရှင်မဟုတ်သော ကျွန်မမှာ ဤရွေ့ဤမျှသာ နားလည်သဘောပေါက်နိုင်ပါသည်။
ဤသို့သဘောပေါက်လျှင် ဒီမိုကရေစီတွင် အုပ်ချုပ်သောလူတန်းစား နှင့် ပြည်သူ မည်သူ့ အခန်းကဏ္ဍက ပို၍ အရေးကြီးပါသနည်းဟု စဉ်းစားသောအခါ ပြည်သူ၏ အခန်းကဏ္ဍသည် ပိုမိုလေးနက်အရေးကြီးသော အသွင်ကို ဆောင်သည်ဟု တွေးမြင် သဘောပေါက်လာ ရပါသည်။
ဒီမိုကရေစီတွင် ပြည်သူက ရှေ့ကသွား၍ အုပ်ချုပ်သူလူတန်းစားက နောက်ကလိုက်သည် ဟု အောက်မေ့ ပါသည်။
ပြည်သူက မိမိကိုအလုပ်အကျွေးပြုမည့် အုပ်ချုပ်သူလူတန်းစားကို ရွေးချယ်တင်မြှောက်ရမည်ဟု ဆိုသော် ပြည်သူသည် မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်နိုင်ရန် တွေးမြင်ဆင်ခြင်တတ်ရပါသည်။
မသမာသောနည်းဖြင့် ရွေးကောက်ပွဲကို အနိုင်ရဗိုလ်စွဲအောင်ပြုကျင့်ခြင်းသည်ကတော့ ဂိုးသွင်းနိုင်ရန် လူကို ချပြီး သွင်းယူလိုက်သည့် သဘောမျိုးဖြစ်၍ လူချသည့် ကစားသမားကို ကွင်းလယ် ဒိုင်သူကြီးက ကစားကွင်းက အနီကတ်ပြကာ ထုတ်လိုက်ရ မည်သာဖြစ်ပြီး ၎င်းကိုလည်း ပြစ်ဒဏ်ဘော သတ်မှတ်ပေးရပေမည်။ ဤသို့ မပြုမူခြင်းပင် ကွင်းလယ် ဒိုင်သူကြီး ရော၊ ဂိုးသွင်းသမားရော နှစ်ဦးစလုံးက ကိုယ့်သမိုင်း ကိုယ်ရေးသွားခြင်းသာ ဖြစ်ပါသည်။
ပြည်သူသည် ပညာပြည့်ဝ ရပါမည်။ ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲ ဖြင့် မဟုတ်ဘဲ အုပ်ချုပ်သူ လူတန်းစားကို ရွေးချယ်နိုင်စွမ်းသည် အလွန်အရေးကြီးသော အခန်းကဏ္ဍဖြစ်သည်ကိုလည်း နားလည်သဘောပေါက်ပါသည်။ ပြည်သူသည် မှန်ကန်ရမည်၊ ရဲရင့်ရမည်။
ပြည်သူ့အရည်အသွေးပြည့်မီရပါမည်။
ပြည်သူသည် ဒီမိုကရေစီအုပ်ချုပ် ရေးစနစ်နှင့် အတူ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာရေးသားခွင့်ရပါသည်။ ထိုထိုသောလွတ်လပ်ခြင်းတို့အ တွက် ပြည်သူ့ များ၏ လူ့အဖွဲ့အစည်းသည် ဦးစွာ ယဉ်ကျေးသော လူ့အဖွဲ့အစည်းဖြစ်ရပါမည်။
ရက်ပိုင်းအနည်းငယ်က ရေနံချောင်းမှ ဗိုလ်ချုပ်၏ လက်ရေးမူစာအုပ်ဟု ဆိုသော ကိစ္စတစ်ရပ်ပေါ်ပေါက် ခဲ့ပါသည်။
ကျွန်မတို့ ဂျာနယ်များတွင် ဖတ်ရစဉ်က လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ထိုစာအုပ်ကို လက်ဝယ် ထိန်းသိမ်းထားသော ကျောင်းသို့အာဇာနည်နေ့တွင် သွားရောက်ကာ အတင်းပဲ ယူသလိုလို၊ ခြိမ်းခြောက်၍ပဲ ယူလိုက်သလိုလို သတင်းများစွာ ထွက်ပေါ်ခဲ့ပါသည်။
ဤအရေးကိစ္စနှင့်စပ်လျဉ်း၍လည်း ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကလည်း လုံးဝဆန့်ကျင်ကြောင်း၊ အပြင်းအထန်ဆန့်ကျင်ကြောင်း မိန့်ကြားခဲ့သည်ကို News Week ဂျာနယ်တွင် ဖော်ပြခဲ့ပါသည်။
ဆရာတော်က တစ်ဖက်ကတောင်းခဲ့စဉ် ဆရာမကြီးမှ အများသ ဘောတူမှ လှူပါရစေဟု ပြောသင့်ကြောင်း ဆရာမကြီးအား မိန့်စဉ် ဆရာမကြီးက ကြောက်၍ မပြောရဲကြောင်း ပြန်လည် လျှောက်တင်ခဲ့ကြောင်းမိန့်ကြားခဲ့ပါသည်။
ရာပြည့်ပွဲတော်အတွက် ထိုစာအုပ်ကို ပြန်ပေးရန် ရေမြေ့ရှင် များကို နှလုံးသားကလာတဲ့ စကားနဲ့ အသနားခံတောင်းပန်ပါတယ် ဟု သက်ဆိုင်ရာကို အသနားခံစကား မိန့်ကြားတော်မူကြောင်း ဖတ်ရပါသည်။
ဤသို့နှင်နှင် သိရသော ကျွန်မမှာ လွှတ်တော်နာယကကြီးနှယ် ဗိုလ်ချုပ်လက်ရေးမူအတွက် ဒီလောက် နံမည်ပျက်ခံစရာမလိုပါဘူး ဟုတွေးရင်း ဘာလို့ဒီလိုလုပ်တာလဲ၊ တခြားနည်းလမ်းများမရှိတော့ဘူးလား ဟုသာ တွေးမိပါသည်။
နောက်တော့ ဦးခင်အောင်မြင့်၏ ဗိုလ်ချုပ်လက်ရေးမူ စာအုပ်လွှဲ ပြောင်းပေးခြင်း အခမ်းအနားကို လွှတ်တော်ကဏ္ဍတွင် ကြည့်လိုက်ရပါသည်။
ဦးခင်အောင်မြင့်က ဗွီဒီယိုမှတ်တမ်းကိုဖွင့်ပြပြီး ရေနံချောင်းက ဆရာမကြီးတို့ ပေးလိုက်သဖြင့် ယူခဲ့ရခြင်းနှင့် မိမိက မယူမီ အခြေအနေကို ပြောပြခြင်း တို့ကို ကြားမြင်ခဲ့ရ ပြန်ပါသည်။ ဂျာနယ်မှတစ်ဆင့် ကြားရသောစကားသံများ၊ ဆရာမကြီး၏ အသံဖိုင် စသည်ဖြင့် ပြောသောအခါ ထိုအသံဖိုင်ကို ဗွီဒီယိုနှင့် ယှဉ်လျက် ဖွင့်ပြလိုက်မလား ဟုလည်း တထိတ်ထိတ်ဖြစ်ခဲ့ရပါသည်။ ဦးခင်အောင်မြင့်က သက်သေအထောက်အထားများဖြင့် ပြောနေချိန်တွင် ဆရာမကြီးက မည်သည့်စကား တစ်ခွန်းကိုမျှမဆို။ နှုတ်ဆိတ် အသံတိတ်ကာ ငုတ်တုတ်ထိုင်နေရှာပါသည်။ ထိုနာယကကြီး ရှေ့တွင် ငုတ်တုတ်ထိုင်နေသော ဆရာမကြီး အစား ကျွန်မပင် မျက်နှာမထားတတ်။ ဘာ့အတွက်ကြောင့်များ ကျောင်းအုပ်ဆရာမကြီးဆိုသူက ဒီလိုတွေပြော၊ ဒီလိုတွေ လုပ်ပါလိမ့်။ ဘာကြောင့်များ စကားတွေကို သက်သေသာဓက မခိုင်လုံဘဲနှင့် တာဝန်မဲ့စွာ ဆိုလိုက်ပါလိမ့်ဟု ၀မ်းနည်းစွာ တွေးမိပါသည်။
တစ်စုံတစ်ဦးက နောက်မှနေ၍ လိမ္မာပါးနပ်စွာ တွန်းပို့လိုက်ခြင်းကို ဆရာမကြီး ခံလိုက်ရသည်လား ဟုလည်း ဆရာမကြီး၏ အသက်မွေးဝမ်းကျောင်းမှုကို နောက်ခံပြုပြီး နှမြောတသစိတ်သာ ဖြစ် ခဲ့ရပါသည်။
တစ်ဖန် Hot News ဂျာနယ်တွင် မကြာမတင်က ဖော်ပြခဲ့သော မြန်မာအမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌဦး ကောင်းမြင့်ထွဋ်၏ ပြောစကားများကို ဖတ်ရှုရပါသည်။
ထိုသူသည် အင်ပါယာ နေ့စဉ်သတင်းစာကို ဦးဆောင်ဦး ရွက်ပြုနေသူတစ်ဦးလည်းဖြစ်သည် ဟုဆိုပါသည်။
ထိုပြောစကားများကို ၎င်း၏ ရုံးဝန်ထမ်း(တချို့) ဖမ်းယူုထားသော အသံဖိုင်ကို သတင်းမီဒီယာသို့ မျှဝေသည့်အတွက် ရေးသားဖော်ပြခြင်းဖြစ်ကြောင်း Hot News ဂျာနယ်က ဖော်ပြထားပါသည်။
ဒေါ်စုကို ပါတီထောင်ဖို့ ငါ ၄၅မိနစ် lecture ရိုက်တာ၊ ဒေါ်စုကို ငါဆုံးမခဲ့တာ၊ သမ္မတရောပဲ။ ဖေမြင့်ကို ပြောလိုက်။ အမည်မဖော်လိုရင် စာနယ်ဇင်းသမားမလုပ်နဲ့၊ ဆိုက်ကားပြောင်းနင်းလိုက်၊ ဦးသုဝေက သူ့မွေးသက္ကရာဇ် သူများပြုစားမှာစိုးလို့ ပြောင်းထားတာ သိလား။ နိုင်ငံရေးသမား တဲ့။
ငယ်ငယ်တုန်းက သူ့ရည်းစား တွေက သူ့ကို ကိုကိုညွှန့်လို့ခေါ်တာသိလား။ ခေါင်းထဲမှာ သိထားရမှာက အဲဒီ့နိုင်ငံရေးသမားတွေ တစ်ကောင်မှ သောက်သုံးမကျဘူး။ သတင်းထောက် လောကမှာ ကြောင်တောင်တောင်အကောင်တွေ အများကြီးရှိတယ်။ ငါ့လိုကောင်မှ လာပြီးတော့ လူလေးကြည့်တော့ လက်တောက်လောက် လေးနဲ့………… စသည်စသည် "ငါ" ပေါင်းများစွာဖြင့် ပါတီဥက္ကဋ္ဌတစ်ဦးက ငါတကောကော ပြောဆိုနေပုံသည် ကိုယ့်ကို ကိုယ်ဖော် မသူတော် ဖြစ်မှန်း မသိဖြစ်နေသည်ကိုလည်း ၀မ်းနည်းစွာတွေ့ရပါသည်။ ထိုသူက လွတ်လပ်စွာ ပြောဆိုခွင့်ကို လွဲမှားစွာ အရသာ ခံစားနေပုံရပါသည်။
ဦးကောင်းမြင့်ထွဋ်၏ စကားများနှင့် စပ်လျဉ်းပြီး ၀ါရင့် နိုင်ငံရေးသမားကြီး ဦးဝင်းတင်က Hot News ဂျာနယ်မှာပင် " နိုင်ငံရေးဝေဖန်တာမဟုတ်တဲ့ အပုပ်ချမှုတွေနဲ့ပတ်သက်ပြီးတော့ သာမန်အားဖြင့် ချေပတာလည်း မလုပ်ချင်ဘူး။
လုပ်စရာလိုတယ်လို့လည်း မယူဆဘူး။ ဝေဖန်ချက်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့အကဲဖြတ် အသိအမှတ်ပြုတာ ကတော့ ပြောတဲ့သူ၊ ဝေဖန်တဲ့သူက တကယ့်ကို နိုင်ငံရေးသိက္ခာရှိတဲ့ ပုဂ္ဂိုလ်လား" စသဖြင့် ပြောကြားရာတွင် ဆရာကြီိးပြောသော နိုင်ငံရေးသိက္ခာ ဆိုသည့်အနက်က အလွန်ပင်ကျယ်ပြန့်ပါသည်။
NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေကလည်း လူငယ်နိုင်ငံရေးသမားတစ်ယောက်အနေနှင့် ဖဆပလ ခေတ်ကကဲ့သို့ အပုပ်ချနိုင်ငံရေးကို မလုပ်စေချင်ကြောင်း။
ဟိုလူ ဒီလူကို တိုက်ပြီးမှ နိုင်ငံရေးကိုယ်ရည်သွေးတာ ခေတ်ဟောင်းနိုင်ငံရေးအတွေးအခေါ်မှာ ကျန်ခဲ့ပြီဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။
ဒီမိုကရေစီက ပေးသော လွတ်လပ်စွာပြောဆိုရေးသားခွင့်သည် ဤသို့ဤနှယ် အပုပ်ချပြောဆိုရန် သက်သက်မျှသာ ဖြစ်သည်ဆိုလျှင်မူ ကျွန်မတို့ သည် တစ်နေ့တစ်နေ့ ဘာမျှမလုပ်ဘဲ ပြိုင်ဖက်ကို အပုပ်ချရန်သာ အားထုတ်ကြ ဖို့သာ ရှိပါတော့သည်။
သို့တည်းမဟုတ်လျှင် ဒီမိုကရေစီက ပေးသော လွတ်လပ်စွာ ပြောဆိုခွင့်ကို ကျင့်ဝတ်ကလေးဖြင့်၊ မူလေး ဘောင်လေးဖြင့်၊ စည်းလွတ်ဝါးလွတ် မဟုတ်ဘဲ အသုံးချတတ်အောင်ကြိုးစားရမည် သာ။
ဤသို့ဆိုလျှင် ထိုထိုသော ကျင့်ဝတ်ကို မည်သူက မည်သို့မည်ပုံ ပြဋ္ဌာန်းပါသနည်း ဟုမေးခွန်းထုတ်စရာ ရှိပါသည်။
ကျင့်ဝတ်သည် ဘာသာတရားက ပြဌာန်းမှမဟုတ်၊ ဥပဒေက ပြဌာန်းမှ မဟုတ်၊ အဖွဲ့အစည်းတစ်ခုခုက ထုတ်ပြန်ထားမှ မဟုတ်။
အသက်အရွယ်အပိုင်းအခြား၊ အတွေ့အကြုံ၊ စာတွေ့ လက်တွေ့ အဖြစ်အပျက်များ အားလုံးမှ ကိုယ့်ဘာသာကိုယ် ရလာသော ကျင့်ဝတ်ဖြစ်သည်ဟုဆိုချင်ပါသည်။
ကိုယ်ပြောလိုက်သောစကားသည် ဆင်ခြင်တုံ တရား အပြည့်အ၀ဖြင့် ပြောလိုက်သော စကားဖြစ်ရပါမည်။ လူတစ်ဦး၏ ပုဂ္ဂလိကဘ၀ (personal life) ကို သိနားလည်ရမည်။
ဒီမိုကရေစီစနစ်တွင် ပြည်သူသည် အဓိကကျသည်ဟု ဆိုလျှင် ပြည်သူသည် ယဉ်ကျေးသောလူ့အဖွဲ့အစည်းမှ ပြည်သူ ဖြစ်ရန်လိုပါသည်။
ပြည်သူသည် ပြည်သူ့ကျင့်ဝတ်ကို နားလည်စွဲမြဲသော ပြည်သူဖြစ်ရပါမည်။ လွတ်လပ်ခြင်းကို သတိဖြင့် ခံစားရမည်ဖြစ်ပါသည်။ ကိုယ့်မျက်လုံးကိုဖောက်လျှင် သူ့မျက်လုံးကိုလည်း ပြန်ဖောက်ရမည် ဟူသော ဟမ္မူရာဘီခေတ်က လူ့အဖွဲ့အစည်း မျိုး မဖြစ်စေဘဲ ခရစ်ယာန် သမ္မာကျမ်းလာ ရှင်မဿဲ ခရစ်ဝင် အခန်းကြီး၅၊ ခန်းငယ် ၃၉-၄၀ တွင်
"သင်၏ ပါးတစ်ဖက်ကို သူတစ်ပါးပုတ်လျှင် ပါးတစ်ဖက်ကို လှည့်၍ပေး ဦးလော့။ သင့်အင်္ကျီကိုယူလို၍ တရားတွေ့သောသူ အား သင့်ဝတ်လုံကိုလည်း ယူစေခြင်းငှာ အခွင့်ပေး ဦးလော့" ဟူသော စိတ်ဓါတ်ဖြင့် တစ်နည်းအားဖြင့် ရန်ကို ရန်ခြင်း မတုံ့နှင်းသော လူမှုအဖွဲ့အစည်းမှ ပြည်သူ ဖြစ်ရန်လို အပ်ပါသည်။
သီလငါးပါးလုံခြုံသော လူမှုအဖွဲ့အစည်းမှ ပြည်သူဖြစ်ရန်လိုအပ်ပါသည်။
ဒီမိုကရေစီစနစ်တွင် ပြည်သူသည် ဆင်ခြင်တုံတရားရှိသော ပြည်သူဖြစ်ဖို့ အရေးကြီးလာချေပြီ။
လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ရှိသည် ဟုဆိုရာတွင်လည်း တရားလက်လွတ်ပြောဆိုရခြင်းမဟုတ်။
လွတ်လပ်စွာ ပြောဆို ခွင့်သည် မဟုတ်တာကို အဟုတ်လုပ်၍ ပြောဆိုခွင့်ရှိခြင်းမဟုတ်။ မိမိ၏ဆုံးရှုံးနစ်နာမှု၊ သူတစ်ပါး၏ ဆုံးရှုံးနစ်နာ စသော အမှန်တရားကိုသာ မည်သူ့ကို ကြောက်ရွံ့စရာ မလိုဘဲ ပြောဆိုခွင့်ရှိရမည်ဖြစ်ပါသည်။ မည်သည်ကမှ အမှန်တရားကို ဖုံးလွှမ်းနိုင်စွမ်းမရှိ သော စနစ်သည်သာ ဒီမို ကရေစီစနစ်ဟု ဆိုရမည်ြုဖစ်ပါသည်။
တစ်ချိန်က မိမိတို့၏ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်သည် ဆယ်စုနှစ် ၅စုစာမျှ ပျောက်ဆုံးသွားခဲ့သည်။
ပျောက်ဆုံးသွားသည့် ပစ္စည်းလေးပြန်ရလျှင် အသစ်ရသည်ထက်ပို၍ ၀မ်းမြောက်ဝမ်းသာ ရှိတတ်ပြီး ပြန်လည် ပျောက်ဆုံးသွား မည်စိုး၍ အရိပ်တကြည့်ကြည့် ရှိတတ်ပါသည်။
ပြန်ပျောက်သွားမည်ကိုလည်း စိုးတထင့်ထင့်ရှိသလို ခိုးယူမည့်သူကိုလည်း စီရင်ချက်များ ကြိုတင်ပြင်ဆင် တတ်ခြင်းသည်လည်း လူ့သဘာဝတစ်ခုပင်ဖြစ်ပါသည်။ ဤသို့ လူအများလိုလား တောင့်တအပ်သော လွတ်လပ်စွာပြောဆိုရေးသားခွင့်သည် မည်သူတစ်ဦးတစ် ယောက် ကြောင့်မျှ ပျောက်ဆုံးမသွားသင့်ပါကြောင်း မျှော်လင့်တောင့်တမိပါသည်။
ဘာရာဒွါဂျာ(မြန်မာပြည်)
.

0 comments :
Post a Comment