စက်တင်ဘာ ဒိုင်ယာရီ တပိုင်း တစ

Sunday, September 8, 2013

အခု စက်တင်ဘာလ ဆိုတော့ စက်တင်ဘာ အကြောင်း တွေးမိတယ်။  

တကယ်တော့ စက်တင်ဘာ လ ဟာ ဒီဘက် အနှစ် ၂၀ ကျော် မြန်မာ့နိုင်ငံရေး ခရီးကြမ်းမှာ အထင်ကရ တွေ ဖြစ်တဲ့ "လ" လို့ ပြောရင် ရပါမယ်။ 

(လွန်ခဲ့တဲ့ ၆ နှစ်၊ စက်တင်ဘာလ ၅ ရက်နေ့က ပခုက္ကူက သံဃာတချို့ ဒီလိုဖြစ်ခဲ့တာကို ကာတွန်း ဟန်လေးက သရုပ်ဖော်ထားချက်)

၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ လူထု အရေးတော်ပုံကြီးကို အဆုံးစေခဲ့တဲ့ စစ်တပ်က အာဏာ သိမ်းခဲ့ တာ စက်တင်ဘာ ၁၈ ရက် နေ့ပါ။ 

ဦးအောင်ကြီး ( ကွယ်လွန်)၊ ဒေါ်အောင်ဆန်းစုကြည် ( လက်ရှိ ဥက္ကဋ္ဌ )၊ ဦးတင်ဦး ( လက်ရှိ နာယက)တို့ ဦးဆောင်တဲ့ အောင်၊ စု၊ တင် က စက်တင်ဘာလ ၂၇ ရက်နေ့မှာ ရှစ်လေးလုံး ဒီမိုကရေစီ လှုပ်ရှားမှုကနေ ပေါက်ဖွားလာတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ပါတီ ကို တည်ထောင်ခဲ့ကြပါတယ်။

တချို့ ၁၉၉၀ ရွေးကောက်ပွဲ ၀င် နိုင်ငံရေးပါတီတော်တော်များများလည်း ဒီ စက်တင်ဘာလမှပဲ ဖွဲ့စည်း တည်ထောက်ခဲ့ကြတယ်။ 

စက်တင်ဘာလ ၂၅ ရက်နေ့မှာတော့ အင်းစိန် အကျဉ်းထောင်မှာ ထောင်းတွင်း ဖိနှိပ်မှုကြီးဖြစ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေ သွေးမြေကျခဲ့ကြရတယ်။ 

၁၄ နှစ်ကြာ ခဲ့တဲ့ ညောင် ၂ ပင် အမျိုးသားညီလာခံကလည်း ၂၀၀၇ ခုနှစ် စက်တင်ဘာလ မှ အဆုံးသတ် ကာ ၂၀၀၈ ဖွဲ့စည်းပုံဆိုတာကို မွေးဖွားပေးခဲ့ပါတယ်။ 

အဲဒီ ၂၀၀၇ ခုနှစ် စက်တင်ဘာ လ ၅ ရက်နေ့ မှာ ပခုက္ကူက သံဃာတော်တချို့ အာဏာပိုင်တွေရဲ့ ရိုက်နှက်စော် ကား ခံခဲ့ရတာက အစ သံဃာတော်တွေ စိတ်မသက်မသာ ဖြစ်ခဲ့ကြရတယ်။ 

ပခုက္ကူသံဃာတော်တွေ ကိစ္စ တောင်းပန်ပို့ တောင်းဆိုကြရက ရခိုင်ပြည်နယ် စစ်တွေမှာလည်း သံဃာတော်တွေကလည်း အဲဒီကိစ္စအပေါ် မကျေနပ်ခဲ့ကြလို့ စုဝေးခဲ့ကြ၊ ငြိမ်းချမ်းစွာ မေတ္တာပို့ ဆန္ဒဖော် ထုတ်ခဲ့ကြတယ်။ 

ဒီစက်တင်ဘာလ ထဲမှာ ပဲ ရန်ကုန်နဲ့ မြို့ကြီးတွေမှာ ငြိမ်းချမ်းစွာ မေတ္တာပို့ ဆုတောင်းတဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ စစ်အစိုးရ အာဏာပိုင်တွေက ရက်ရက် စက်စက် ပစ်ခတ် သတ်ဖြတ် ဖြိုခွင်းမှုတွေဟာ ကမ္ဘာသိ ဖြစ်ခဲ့ကြတယ်။ 

စက်တင်ဘာ ၂၆ ရက်နေ့မှာ ရွှေတိဂုံ ခြေရင်း အပါအ၀င် ပစ်ခတ်မှုတွေကြောင့် သံဃာတော်တွေ သွေးမြေကျခဲ့ရတယ်။ 

ဒီအပြင် ဂျပန် သတင်းထောက် တဦးလည်း သေဆုံးခဲ့ရတယ်။ သံဃာတော်တချို့ အနှိပ်စက်ခံ၊ အကျဉ်းစံ ခဲ့ကြရတယ်။ တချို့လည်း တိုင်းတပါး ထွက်ပြေးခဲ့ကြရပါတယ်။


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved