ဆိုင်နာမည်က အနုတ် ၃ဝ ဒီဂရီ စင်တီဂရိတ်

Thursday, September 5, 2013

 ~



ဆိုင်နာမည်က − 30 degree C 
တိုက်ရိုက် ဘာသာပြန်ရရင် အနုတ် ၃ဝ ဒီဂရီ စင်တီဂရိတ်

သြဂုတ် ၁၈ တနင်္ဂနွေနေ့က ရန်ကုန်မြို့လယ် ၄၁ လမ်း အောက်ဘလောက်မှာ လမ်းလျှောက်နေတုန်း ဒီဆိုင်ကို တွေ့တာပါ။
အဲဒီနေ့က နေကလည်းပူတာကြောင့် ဒီဆိုင်နာမည်က ပိုပြီး ဆွဲဆောင်မှု ရှိသွားပါတယ်။

ခြစ်ဖို့အတွက် ရေကို ခဲအောင်လုပ်ရာမှာ အနုတ် ၃ဝ ဒီဂရီ စင်တီဂရိတ်အထိ အပူချိန် အဲ ... အအေးချိန် ရှိရမယ်၊ ဒါကြောင့် ဒီဆိုင်ကို ဒီနာမည် ပေးလိုက်တာပါပဲ လို့ ဆိုင်ဝန်ထမ်းတယောက်က ရှင်းပြပါတယ်။
ဆိုင်ကို သြဂုတ်လ ၁၃ ရက်နေ့က ဖွင့်တာလို့ သူက ဆက်ပြောပါတယ်။
တချို့က ၁၃ ဂဏန်းကို ရှောင်ကြပါတယ်။ ဒီဂဏန်းက လပ်ကီးသိပ်မကောင်းဘူးပေါ့လေ။
ပြက္ခဒိန်ကြည့်လိုက်တော့ အဲဒီနေ့က ပြဿဒါးနေ့ ဖြစ်နေပြန်တယ်။ ပြဿဒါး ဆိုတာကလည်း လပ်ကီးနေ့ မဟုတ်ပြန်ဘူး။
ဆိုင်နာမည်ကလည်း အနုတ် ၃ဝ ဆိုတော့ အင်း... အယူသီးသူအတွက်တော့ ဒီနာမည်က ဟန်မကျပြန်ဘူး။
ဆိုင်ရှင်အတွက်တော့ ဒီနာမည်၊ ဒီရက်တို့က ပြဿနာ ရှိဟန် မတူ။
ကိုယ့်အစားအသောက် အရသာရှိဖို့၊ သန့်ရှင်းဖို့ကို ပိုပြီး အလေးထားဖို့ကိုပဲ ဦးစားပေးသလား?
ဒါကတော့ အချိန်ယူပြီးစောင့်ကြည့်ပြီးမှ ပြောနိုင်ပါလိမ့်မယ်။


 လောလောဆယ် ဆိုင်က အသစ်စက်စက် ဆိုတော့ သစ်သစ်လွင်လွင်ပါပဲ။
အရောင်ရွေးချယ်မှု၊ ဆိုင်အပြင်အဆင်ကလည်း ဆွဲဆောင်မှုရှိပါတယ်။
ဒီဆိုင် အရောင်းမသွက်ဘူး ဆိုရင် ရန်ကုန်သူရန်ကုန်သားတို့ အအေးမကြိုက်လို့ မဖြစ်နိုင်သလို သူ့အစားအသောက် အားနည်းချက်ရှိလို့ မဖြစ်နိုင်ပါ၊
၄၁ လမ်း အောက်ဘလောက်က လူသွားလူလာ နည်းပါးလို့ပဲ ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။

အဲဒီနေ့က ဝန်ထမ်း ၂ ဦးကို တွေ့ပါတယ်၊ ၂ ဦးစလုံး သွက်သွက်လက်လက်ပါပဲ။
ငွေရှင်းတော့ ၁,၆ဝဝ ကျကြောင်း ရေးထားတဲ့ ဘောက်ချာစာရွက်လေး လာပေးတယ်။
ပိုငွေကို မုန့်ဖိုးအဖြစ် ထားခဲ့လိုက်တယ်။
ပိုငွေ ၄ဝဝ ဆိုတာက မုန့်ဟင်းခါးတပွဲ ၀ယ်စားလို့ရတဲ့ပမာဏ။

မုန့်ဖိုး - တစ်မန်းနီးပေးတဲ့ထုံးစံက မြန်မာထုံးစံတော့ မဟုတ်ပါ။
မြန်မာပြည်ကို အနောက်တိုင်းအစားအစာတွေနဲ့အတူ အနောက်တိုင်းထုံးစံတွေလည်း ရောက်လာတာ ကြာပါပြီ။
တစ်မန်းနီးက အနောက်တိုင်း ထုံးစံ။
ကျနော်ကတော့ ပေးလေ့ မရှိပါဘူး။ တခါတရံပေးဖြစ်တော့လည်း မုန့်ဖိုးကို မုန့်ဖိုးနဲ့တူအောင် ပေးလိုက်ပါ့မယ်လို့ စဉ်းစားမိပြီး ပေးလိုက်တာပါ။

တခြားနိုင်ငံတွေလိုပါပဲ ... တစ်မန်းနီးပေးတာကို အားပေးတဲ့ ရန်ကုန်ဆိုင်တွေက ဘောက်ချာစာရွက်ကို ဗန်းကလေးပေါ်တင် သို့မဟုတ် ဘုတ်အုတ်လေးထဲထည့်ပြီး လာချပေးပါလိမ့်မယ်။

ပေးချင်တယ် မပေးချင်ဘူးက ကိုယ့်သဘောပါပဲ။
တစ်မန်းနီး ဆိုတာ ဝန်ဆောင်မှုအတွက် ပေးကြတာပါ။
ဒီအကြောင်း နောင်မှ ဆက်ရေးပါဦးမယ်။

အာရှသားတွေက ဟိုတယ်တွေ သွားစားရင် ပေးတတ်ကြပေမယ့် ဆိုင်ငယ်လေးတွေရောက်တဲ့အခါ ပေးလေ့ မရှိတာ တွေ့ရပါတယ်။
ဝယ်သောက်ဖြစ်ခဲ့တာကတော့ ဒိန်ချဉ်စမူးတီးဖြစ်ပါတယ်။
ဘာသီးနဲ့ သောက်ချင်လဲ မေးတော့ peach လို့ ဖြေလိုက်တယ်။
ဖန်တီးထားတဲ့အရသာမှုန့် ထည့်ဖျော်မှာ မဟုတ်ဘူး၊ တကယ့် သစ်သီးအစစ်ပါလို့ ဝန်ထမ်းတယောက်က အာမဘန္တေခံတယ်။


 ဖန်ခွက်နဲ့လာချပေးမယ်ထင်တာ ရောက်လာတော့ တခါသုံးခွက်နဲ့ဖြစ်နေပါတယ်။
ကောင်းပါတယ် ... ကွဲတာရှတာ မဖြစ်တော့ဘူး။ ပြီးတော့ သောက်မကုန်လို့ ဆိုင်ကအပြန် လက်ထဲ ကိုင်သွားလည်း ရတာပဲမဟုတ်လား။
ဆိုခဲ့သလိုပဲ အဲဒီနေ့က ရှားရှားပါးပါး တနေကုန် မိုးမရွာဘဲ နေပူတဲ့နေ့ ဖြစ်နေလို့ နည်းနည်းပဲ မြည်းစမ်းကြည့်၊ ပိုက်ဆံရှင်း၊ ခွက်ကိုင်ပြီး ဆိုင်ထဲက ထွက်ခဲ့ပါတယ်။
အပြင်ဘက်မှာ နေကပူတော့ အအေးသောက်ရင်း လမ်းလျှောက်ရတာ သိပ်အဆင်ပြေတာပေါ့။

ကြော်ငြာခ မရဘဲ ပြောရင် ... သောက်လို့ တော်တော်လေး ကောင်းပါတယ်။
အအေးကြိုက်တယ် ဒိန်ချဉ်ကြိုက်တယ်ဆိုတဲ့သူတွေ လမ်းကြုံတဲ့အခါ ဝင်ပြီး မြည်းစမ်းကြည့်သင့်ပါတယ်။
ရန်ကုန်မှာပဲ ဆိုင်ခွဲနောက်တခု ဖွင့်ဖို့ အစီအစဉ်ရှိတယ်၊ လူစည်ကား ယာဉ်ကျောပိတ်တတ်တဲ့ မြေနီကုန်းဘက်မှာ ဖြစ်ပါလိမ့်မယ် တဲ့။

တခွက်ကို တထောင်ကျော် (US$ 2 နီးပါး) ပေးရပေမယ့် ဒါဟာ ရန်ကုန်မှာ ပေါက်ဈေးပါပဲလို့ ဆိုရမယ်။
လမ်းဘေး ထီးဖွင့်ရောင်းတဲ့ အအေးဆိုင်တွေမှာလည်း ဒီဈေးပါပဲ။

ဆိုင်မှာ အအေးနဲ့အတူ ချပေးတဲ့ ရေ တဖန်ခွက်အတွက်လည်း ကျေးဇူးတင်ကြောင်း ဆိုင်ဝန်ထမ်းတွေကို မပြောခဲ့မိဘူး။

ဒီအတွက် ပြဿနာမရှိပါဘူး။
ဘာကြောင့်လဲ ဆိုတော့ မြန်မာပြည်က ဆိုင်တွေမှာ ဆိုင်ဝန်ထမ်းတွေကို ကျေးဇူးတင်ကြောင်း ဟန်လုပ်ပြောတာပဲဖြစ်ဖြစ်၊ စိတ်ပါလက်ပါ ပြောတာပဲ ဖြစ်ဖြစ် အခုချိန်အထိ ကြားရခဲလို့ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်လိုက်ပါတယ်။

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved