အမေရိကားမှာ မြန်မာစာနဲ့ ဘာသာ ယဉ်ကျေးမှု ထိန်းသိမ်းနေပုံတချို့

Tuesday, September 3, 2013

သြဂုတ်လ ၃၁ ရက်နေ့က နွေရာသီ မြန်မာစာ မြန်မာစကားနှင့် ဗုဒ္ဓဘာသာ သင်တန်းဆင်းပွဲတခုကို အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ် ယူတီကာမြို့ သန္တိသုခကျောင်း တိုက်တွင် ကျင်းပပြု လုပ်ခဲ့ပါတယ်။



ရက် ၄၀ကြာ ပြုလုပ်တဲ့ သင်တန်းမှာ မြန်မာစာနဲ့ မြန်မာ စကား၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဘာသာ ရပ်တွေ ကို ဆရာ ဆရာမ ၃ ဦးတို့က သင်ကြားပြသပေးခဲ့တာပါ။ 

သင်တန်းစဖွင့်ခါစကတော့ ကျောင်းသား ၇၄ ဦးအထိ ရှိပါတယ်တဲ့။ 

ဒါပေမယ့် သင်တန်းရက် နောက်ပိုင်းတွေမှာ ပျက်ကွက်သူတချို့ရှိခဲ့ပေမယ့် ကျောင်းသား ၆၀ ခန့်ကတော့ နေ့စဉ် တက် ရောက် သင်ကြားခဲ့ကြတယ်လို့ သိရပါတယ်။ 

သင်တန်းကာလအတွင်းမှာ ကျောင်းသားတွေကို ကြိုပို့ တဲ့ကိစ္စ၊ စာသင်ကြားနေစဉ်မှာ ကျောင်းသားတွေရဲ့ လုံခြုံရေး ကိစ္စတွေကိုတော့ ကျောင်း ဂေါပကနဲ့ အမူဆောင်တွေက တာဝန်ယူပေးခဲ့တယ်။ 

သင်တန်းဆင်းပွဲမှာတော့ သဘာပတိ ဆရာတော် ဦးဇဝန ( နိုင်ငံရေး အကျဉ်းသားဟောင်း) က နိုင်ငံ ရပ်ခြားရောက် မြန်မာတွေ ကိုယ့်ဘသာ၊ သာသနာနဲ့ စာပေ ယဉ်ကျေးမှုတွေကို စိတ်အားထက်သန်စွာနဲ့ ထိန်းသိမ်းနေကြတာ တွေ့ရလို့ ၀မ်းမြောက် ဂုဏ်ယူတယ်လို့ မိန့်ကြားခဲ့ပါတယ်။ 

ပြီးဆော့ ဆရာတော် ဦးဇ၀နက ဘာသာတရားက ပေးတဲ့ အသိတရားနဲ့ ဘဝကိုတည်ဆောက် နေထိုင်ရင် အဆင့်အတန်း မြင့်မားသိက္ခာရှိတဲ့ လူမှုဘဝကို ရရှိမှာ ဖြစ်တယ်လို့လည်း မိန့်ကြားပါတယ်။

အဲဒီ့ သင်တန်းဆင်းပွဲမှာ သင်တန်းဆရာတဦးက သင်တန်း အကြောင်း ပြောခဲ့သလို ကျောင်းသား မိဘ တဦးကလည်း သင်တန်းနဲ့ပတ်သက်တဲ့ ခံစားချက်ကို ပြောခဲ့ပါတယ်။ 

အလားတူ သင်တန်းသူ တဦးကလည်း သင်တန်းအပေါ် ခံစားမှု၊ သင်တန်းရဲ့ အတွေ့အကြုံတွေကို ပြောပြခဲ့သလို သင်တန်းသား ၃ ဦးကလည်း သင်တန်း ဆရာ၊ ဆရာမတွေကို လက်ဆောင်ပေးခဲ့ ပါသေးတယ်။ 

သင်တန်းဆင်းပွဲမှာ ပရဟိတ(လူကြီး) လုပ်အားပေး ဆု၊ ပရဟိတ(လူငယ်)ဆုတွေကို ပေးအပ်တာတွေနဲ့ သင်တန်းသားတွေကို လက်ရေးလှဆု နဲ့ အောင်လက်မှတ် တွေပေးခဲ့ပါတယ်။ 

ကျောင်းသားလေးတွေရဲ့ ဆိုတေး သံပြိုင် ကဗျာရွတ်ဆိုသံတွေနဲ့ ကြည်နှုးစရာလည်းဖြစ်ခဲ့တယ်လို့ သိရပြီး အဲဒီအစီအစဉ်ပြီးတာနဲ့ အခမ်းအနား ပြီးဆုံးခဲ့ပါတယ်။ 

အလားတူ နယူးယောက်ပြည်နယ် Albany နဲ့ Rensselaer မြို့မှာလည်း  ဗုဒ္ဓဘာသာ မြန်မာကလေးငယ်
တွေ ဟာ နွေရာသီ မြန်မာစာနဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဆင်းပွဲကို သြဂုတ်လ ၃၁ ရက်နေ့က  ဓမ္မ ဝါဒီ အောင်မြေ မင်္ဂလာကျောင်းတိုက်မှာ ကျင်းပခဲ့ပါသေးတယ်။

အဲဒီ အခမ်းနားကို နမောတဿ ရွတ်ဆိုပြီး ဖွင့်လှစ်ကာ ကျောင်းထိုင်ဆရာတော် ဦးဣဿရိယ  က သြ၀ါဒ စကား မိန့်ကြားပါတယ်။ 

သင်တန်းသား ကလေးငယ်တွေက အနန္တောအနန္တ ငါးပါး ရှိခိုးခြင်းကို အသံမှန်မှန်နဲ့ ရွတ်ဆို ကန်တော့ ကြပါတယ်။ 

ဆုရကြတဲ့ မနု၊ မသီတာ၊ မဝါဝါခိုင် တို့ ၃ ဦးကို သီလရှင် ဆရာကြီး ဒေါ်စန္ဒာသီရိက ဆုတွေ ချီးမြှင့်ပေး ခဲ့ပါတယ်။ ကျောင်းသားမိဘတွေကလည်း ကျေးဇူးတင်စကားတွေ ဆိုကြပါတယ်။

အဲဒီသင်တန်းဟာ ဇူလိုင်လ ၅ ရက်နေ့ကတည်းက စတင်ခဲ့ပြီး တပတ်မှာ ၅ ရက် နဲ့ မြန်မာစာ၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဘာသာရပ်တွေကို ဆရာတော် ဦးဣဿရိယ ရဲ့ လမ်းညွှန် သြဝါဒကို ခံယူပြီး သီလရှင် ဆရာကြီး ဒေါ်စန္ဒာသီရိ၊ ဆရာမ ဒေါ်ဝါဝါခိုင်တို့က သင်ကြားပေးခဲ့တာပါ။ 

သင်တန်း ရက်တွေမှာတော့ သင်တန်းသူ သင်တန်းသားတွေအတွက် အာဟာရ ဒါနကို အလှူရှင်တွေက နေ့စဉ်လှူဒါန်းကြပါတယ်တဲ့။

အခုလို တိုင်းတပါး ရောက်နေကြပေမယ့် မြန်မာစာနဲ့ ယဉ်ကျေးမှုကို သင်ကြားပေးမှုတွေကြောင့် ကလေး ငယ်တွေဟာ  တရားစာတွေနဲ့ မြန်မာစာ အရေးအဖတ် တို့မှာ တိုးတက်မှုတွေ ရှိလာတယ်လို့လည်း သိရပါတယ်။ 



























 

အိမ့်သံစဉ် ~

1 comments :

  1. Unknown said... :

    လူမျိုးခြားဘာသာခြားတိုင်းတစ်ပါးမှာ ကိုယ့်လူမျိုးဘာသာသာသနာ
    စောင့်ေ၇ှာက်ခွင့်၇တာပျော်သလိုဘဲ မြန်မာပြည်မှာရှိတဲ့လူမျိုးခြား ဘာသာ
    ခြားတွေ ကိုယ့်လူမျိုးဘာသာသနာစောင့်ရှောက်နေတာကိုနားလည်ပေးနိုင်
    ကြပါစေ။လွတ်လပ်ခွင့်ပေးနိုင်ကြပါစေ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved