"မငြိမ်းချမ်းလို့ ကျနော်တို့ နိုင်ငံကြီးဟာ မတိုးတက်ခဲ့တာ"

Monday, October 21, 2013

~




ပြီးခဲ့တဲ့ စနေနေ့၊  သီတင်းကျွတ်လပြည်နေ့က ကျိုက်ထီးရိုးရင်ပြင်မှာ တွေ့ရတဲ့ ဒေသခံ နိုင်ငံရေးသမားကြီး ၃ ယောက်ကို ဧရာဝတီသတင်းထောက် ထက်နိုင်ဇော်က လတ်တလော အခြေအနေဲ့ ဆက်စပ်တဲ့ မေးခွန်းတချို့  မေးမြန်းခဲ့ပါတယ်။


သူတို့ကတော့   မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့်၊  မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်တလငြိမ်း၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ အမှတ် ၁ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောကျော်လင်းတို့ ဖြစ်ပါတယ်။
အမေးအဖြေများကို ဖော်ပြပေးလိုက်ပါတယ်။


ဧရာဝတီ- အခုလို ဗုံးခွဲမှုဖြစ်စဉ်တွေမှာ KNU ပါဝင်ပတ်သက်မှုတွေ ရှိနေတယ်လို့ အသံတွေထွက်လာတော့ အစိုးရနဲ့ ငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်မှုတွေမှာ  ဘယ်လိုအခက်အခဲတွေ ဖြစ်လာနိုင်မလဲ။


စောကျော်လင်း- ဒီလိုပြဿနာတွေ ဖြစ်လာရင် ညှိနှိုင်းမယ်။ အဆင့်ဆင့် တင်ပြပေးရမယ်။ ပြဿနာပိုမကြီးသွားအောင် လုပ်ရမယ်။
အောက်ခြေမှာ ညီညီညွှတ်ညွှတ်ဖြစ်ဖို့ အရေးကြီးတာပဲ။ အဓိကက အောက်ခြေမှာ ညီညီညွှတ်ညွှတ်ဖြစ်နေရင် အထက်မှာလည်း လုပ်ရကိုင်ရတာ လွယ်ကူတာပေါ့။


တပ်မဟာမှူး ဗိုလ်မှူးချုပ် စောကျော်လင်း

ဧရာဝတီ- KNU တပ်တွေက   စုစုစည်းစည်း
ညီညီညွှတ်ညွှတ်နဲ့ ဗဟိုထိန်းချုပ်မှုအောက်မှာ ရှိရဲ့လား။ အခုဆိုရင်  တပ်မဟာ ၅ က သဘောထားတင်းမာတယ်၊ အခုနိုင်ငံရေးဖြစ်စဉ်တွေကို မယုံကြည်ဘူးဆိုတာမျိုး ပြောသံ ကြားနေရတယ်။


စောကျော်လင်း- စုစုစည်းစည်းတော့ ရှိတယ်။  ဒါပေမဲ့ ညီညွှတ်ရဲ့လားမေးရင် တယောက်တလေတော့လည်း ဒါမျိုးက ရှိတတ်တယ်လေ။
 သားသမီးထဲမှာတောင် ပေတာ တေတာရှိတာပဲ။ ဆိုးတဲ့ သားသမီးလည်း ရှိတာပဲ။ မွေးတဲ့ သားသမီးတိုင်း မလိမ္မာပါဘူး။ ဘောင်မလွတ်တဲ့ အလုပ်မျိုးတွေ လုပ်နေတဲ့ သားသမီးတွေ ရှိသလို KNU မှာ ကောင်းတဲ့ သာသမီးတွေလည်း ရှိပါတယ်။

ဧရာဝတီ- နေရာအများအပြားမှာ  အထိတ်တလန့်ဖြစ်အောင် လုပ်နေတဲ့ သူတွေကို KNU က ဘာပြောချင်လဲ။ သူတို့တွေက KNU နဲ့ ပတ်သက်ခဲ့ရင် ဘယ်လိုတာဝန်ယူမလဲ။

စောကျော်လင်း - ဒီလိုမျိုးလုပ်တာတော့ မကောင်းဘူး။ ပြည်သူတွေ မထိတ်လန့်ရအောင် အခုကျနော်တို့ အဖွဲ့တွေနဲ့ တပ်နဲ့ပေါင်းပြီးတော့ ပူးပေါင်းဆောင်ရွက်နေတယ်။ တိုင်းပြည်က ငြိမ်းချမ်းမှ တိုးတက်မှာ။
ကျနော်တို့က နှစ်ပေါင်း ၆၀ ကျော် မငြိမ်းချမ်းလို့ ကျနော်တို့ နိုင်ငံကြီးဟာ မတိုးတက်ခဲ့တာ။ အခုကျနော်တို့က ငြိမ်းချမ်းအောင် ပြန်ကြိုးစားနေတယ်။
မြတ်စွာဘုရားတောင်မှ တောထွက်တာကို လိုက်ဖျက်တာခံရသေးတာပဲ။ အဖျက်သမားကတော့ ရှိတာပဲ။

မွန်ပြည်နယ်အစိုးရ၀န်ကြီးချုပ် ဦးအုန်းမြင့်
ဝန်ကြီးချုပ် ဦးအုန်းမြင့် - အခုချိန်မှာ အားလုံးအေးအေးဆေးဆေး ဖြစ်နေပါပြီ။ ...  KNU တပ်မဟာမှူး၊ ဒီမှာက မွန်ပြည်သစ်၊ စစ်တပ်လည်းပါတယ်။
အခုအားလုံး တစည်းတလုံးတည်း ရှိတယ်။ အဲဒါပြယုဂ်ပဲ။ ရှင်းပြီးနော်။ မနှစ်ကထက်စာရင် ကျိုက်ထီးရိုးဘုရားဖူးက ဒီနှစ်ပိုလာတယ်။
 မောင်ရင်တို့ ပြောတဲ့ ဗုံးက ဟိုဘက်ကဗုံး။ သူ့ဟာသူရှိနေပစေ။ တို့က ဗုံးအကြောင်းမစဉ်းစားဘူး။ ဘုရားရဲ့တန်ခိုးနဲ့။ တို့စည်းလုံးမှုနဲ့ တို့မွန်ပြည်နယ်မှာ အေးချမ်းနေတယ်။

ဧရာဝတီ- ဗုံးလန့်မှုတွေ ဖြစ်နေတာကို မွန်ပြည်သစ်ပါတီအနေနဲ့ရော  ဘာပြောချင်ပါသလဲ။

နိုင်တလငြိမ်း - အခုဗုံးကွဲမှုတွေကို သက်ဆိုင်သူအားလုံး ၀ိုင်းဝန်း ဟန့်တားနိုင်ဖို့ လိုတယ်။ တရားခံကို ဖော်ထုတ်ပေးရမယ်။


နိုင်တလငြိမ်း

ဧရာဝတီ- မွန်ပြည်သစ်ပါတီနဲ့ အစိုးရ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ ဘယ်တော့လောက်ပြန်စမလဲ။

နိုင်တလငြိမ်း- ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကို အပစ်ရပ်အဖွဲ့တွေ အားလုံး ညှိနှိုင်းပြီးတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေးဖြစ်အောင် အရင်လုပ်မယ်။ ပြီးမှ နိုင်ငံရေး ဆွေးနွေးပွဲသွားဖို့ ရှိတယ်။ ကျနော်တို့ တဖွဲ့ချင်းအနေနဲ့ နိုင်ငံရေးဆွေးနွေးတာ မလုပ်ဘူး။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးအနေနဲ့ ဆက်ဆွေးနွေးသွားဖို့ ရှိတယ်။




.

1 comments :

  1. Unknown said... :

    မွန်ပြည်သစ်ကနိုင်တလညီဇြစ်ပါတယ်...အမည်လွဲနေပါသည်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved