သေချာတယ်၊ စိတ်ချလိုက် တို့လူငယ်

Saturday, October 12, 2013

~


 

ဘ၀မှာ အလွန်အင်မတန် အောင်မြင်ချင်ပြီး ပျင်းတတ်တဲ့ လူငယ်တိုင်းအတွက် အကောင်းဆုံးနဲ့ အသေချာဆုံး နည်းလမ်းတွေ ဆက်မပြောခင်.. အတွေးစိတ်ကူး အမှားနဲ့ လူတယောက် အကြောင်း ပြောပါဦးမယ်။




(ပျင်းပျင်းရိရိ ပြင်းပြင်းပြပြ ဘ၀အောင်မြင်ရေးစာစု - ၃)

Sure Methods for Lazy Crazy Youth


    ပျင်းတတ်တဲ့ လူငယ်တိုင်း ပျင်းပျင်းနဲ့ သီချင်းတွေ နားထောင်ကြမှာပါ။ တခါတလေ ကိုယ်တိုင် နားမထောင်တာ မဟုတ်ဘဲ နားထဲကို ရောက်လာ၊ ကြားလာတဲ့ သီချင်းတွေ ရှိနိုင်ပါတယ်။ အဲဒီထဲမှာ “ကိုပေါ” ဆိုတဲ့ သီချင်းလေးကိုလည်း ကြားဖူးကြမယ် ထင်ပါတယ်။ သီချင်းလေးက ဒီလိုပါ…

♫♪ # ♬ ♩ တခါတုန်းက တို့ရွာမှာ သဘောကောင်းပြီး ဆင်းရဲတဲ့ ကိုပေါလို့ အများခေါ်တဲ့ ပေါချာချာ လူတယောက်ဟာ.. သူ အလုပ်လုပ်တဲ့ အိမ်က မြို့ကျောင်းတက် သူဌေးသမီးကို
ရင်မှာ မြိုသိပ် ကြိတ်မှိတ်ကာ ချစ်နေရှာတော့တယ်….

သူဌေးသမီး ကျောင်းကို အပြန်… နွားလှည်းနဲ့ သွားလို့ အကြို..ရင်ထဲက အချစ်တွေဟာ အိုးမလုံအုံပွင့်ကာ … သူဌေးသမီးက ဆိုသတဲ့ အချစ်စစ်တော့ ဖြစ်ခဲ့ရင် ငွေအသပြာ တသောင်းတိတိသာ အဖေ့ဆီ တင်တောင်းပါ… ♫♪ # ♬ ♩

  • သူဌေးသမီး ငွေမက်တာလား

အဲဒီလိုနဲ့ စိတ်သဘောထား ကောင်းပြီး ကြိုးစားချင်စိတ်ရှိတဲ့ ကိုပေါဟာ ငွေ တသောင်းတိတိ ရရှိရေး အတွက် ရသမျှ အလုပ်တွေကို နေရာ မရှောင် နေပူမိုး ရွာ မရှောင် လုပ်ကိုင်ပြီး၊ မစားရက် မသောက်ရက်နဲ့ ရသမျှ ငွေကြေးကို စုဆောင်း ရှာတယ်။
ဒါပေမယ့် ကံဆိုးချင်တော့ သူ စုထားတဲ့ ငွေကလေး ကျပ် တသောင်း မပြည့်တပြည့်မှာ သူလိုချင်တဲ့ အမျိုးသမီးဟာ တခြားတယောက်နဲ့ အိမ်ထောင်ပြု သွားသတဲ့။ ကိုပေါလည်း အဲဒီ စိတ်နဲ့  သေဆုံးသားသတဲ့။ လူ အတော်တော်များကတော့ ...  ကိုပေါဟာ တကယ့်ကို သနားစရာကောင်းပြီး အချစ်ကို ယုံကြည်ကိုးကွယ်သူလို့ ယူဆကြတယ်။

    သို့ပေမယ့်… ပျင်းတတ်တဲ့ တို့လူငယ်တွေအနေနဲ့ အဖြစ်မှန်ကို သုံးသပ်ကြည့်ကြရအောင်။ တကယ်တော့ ကိုပေါဟာ ငွေ တသောင်း ရဖို့ပဲ အာရုံစိုက် လုပ်ကိုင်နေတာကြောင့် မိန်းကလေးနဲ့ ဝေးရတာပါ။ သူ့ စိတ်ကူးထဲမှာ ငွေရဖို့ပဲ ရှိနေတော့ မိန်းကလေးနဲ့ ဘယ်လို အတူနေမယ်၊ ဘာစကားတွေ ပြောမယ်၊ ဘယ်လို ကြင်နာမယ် စသဖြင့် စိတ်မကူးခဲ့ဘူး လေ။ ပြီးတော့ မိန်းကလေးဆိုတာ ကိုယ့်ချစ်သူရဲ့ဂရုစိုက်တာကို ခံချင်ကြသူတွေချည့်ပဲ။ သူ့ကို ဂရုစိုက်ဖို့ ထက် ငွေကိုပဲ ကြိုးစားရှာနေတဲ့၊ ငွေနောက်ကိုပဲ လိုက်နေတဲ့  ကိုပေါကို မိန်းကလေးက ဘယ်လိုလုပ် ယုံမလဲ။ မိန်းကလေး တခြား တဦးဦးနဲ့ တွဲနေသလား ဆိုတာလည်း စဉ်ဆက်မပြတ် ဂရုစိုက် လေ့လာနေရမှာလေ။ သူ ပြောလိုက်တဲ့ ငွေ တသောင်းနဲ့ အဖေ့ဆီ တင်တောင်းပါ ဆိုတာကလည်း မိန်းကလေးပီပီ တန်ဖိုးမပျက်ရအောင် သာမန်ပြောတာပါ။ တကယ်တမ်းဆိုရင် မိန်းကလေးအတွက် ငွေကြေးက အဓိက မကျပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူဌေးသမီးလေ။ အဓိက ကျတာက ဂရုတစိုက်နဲ့ ချစ်ခင်ကြင် နာမှုပဲ။ အဲဒါကို ကိုပေါ နားမလည်ဘူး။ ပြီးတော့ ကိုပေါ နားမလည်တာ ရှိသေးတယ်။

  • ကိုပေါမှာ အတွေးစိတ်ကူး မရှိလို့

    ကိုပေါ နေရာမှာ ပျင်းတတ်တဲ့ တို့လူငယ်တွေထဲက တယောက်ဖြစ်မယ်ဆိုရင်… ဘယ်လိုရှိနေမလဲ။ ငွေရှာဖို့ အရေး တွေးနေ မလား။ ဒါမှ မဟုတ် ပျင်းပျင်းနဲ့ တူနှစ်ကိုယ် နီးစပ်ဖို့ အရေးကို ကြံစည်စိတ်ကူး နေမလား။ ငွေရှာရင်တော့ ငွေ ရမှာပေါ့။ သို့ပေမယ့် မိန်းကလေးနဲ့ နီးစပ်ဖို့ တော့ မရှိဘူး။

ကိုပေါဟာ မိန်းကလေးနဲ့ အတူပေါင်းသင်းပြီး ဘ၀မှာ ဘယ်လို ပျော်ရွှင် ကျေနပ်နေမယ် ဆိုတာ စိတ်အတွေး မရှိလို့၊ တနည်းအားဖြင့် imagination မရှိလို့၊ ထပ်ဆင့်ပြောရရင် ဖြစ်ချင် ရချင်တဲ့ ဘ၀ အနေအထားကို စိတ်မှာ ပုံပေါ်အတွေး စိတ်ကူး မရှိလို့.. မိန်းကလေးနဲ့ လွဲသွားရတာပါ။
တနည်းအားဖြင့် အတွေးစိတ်ကူး အမှားနဲ့ လူ ဖြစ်နေလို့ပါပဲ။ ဒါကြောင့်  ပျင်းတတ်တဲ့ တို့လူငယ်တွေ ဘယ်လို စိတ်ထားရ မယ်ဆိုတာ သဘောပေါက်လောက်ပြီနော့။

  • အောင်မြင်မှုဆိုတာ ဘယ်လိုလူတွေ အတွက်လဲ

ပျင်းပျင်းနဲ့ နည်းနည်းတော့ ပြောရဦးမှာပဲ။ အရင်ခေတ်က ပုလိပ်တွေရဲ့ လက်သုံးစကားရှိတယ်။ မလုပ် မရှုပ် မပြုတ်..တဲ့။ ပျင်းတဲ့ လူငယ်တွေနဲ့ ကိုက်ညီတယ်လို့ မထင်လိုက်နဲ့နော်။
Doing nothing is doing ill. ဆိုတာ မမေ့ပါနဲ့။ ဘာမှ မလုပ်ခြင်းဟာ အပြစ်ကျူးလွန်တာပဲ တဲ့။ ပျင်းပျင်းနဲ့ ခိုင်မာတဲ့ အတွေး စိတ်ကူးကို ထင်ရှားမြင်အောင် ကြည့်ဖို့ မမေ့ပါနဲ့။

Success in life is not reserved for the people who are the most talented. It is not reserved for the ones who have the highest I. Q. It is not reserved for the people with the best physical appearance. Success is almost totally dependent on desire, drive and persistence.

အောင်မြင်မှုဆိုတာ မွေးရာပါ ပါရီမီအခံကောင်းတဲ့လူတွေ အတွက်၊ ပြီးတော့ ဉာဏ်ရည် ဉာဏ်သွေး အမြင့်ဆုံးဆိုတဲ့ လူတွေ အတွက်၊ ဥပဓိရုပ် ချောမော ကောင်းမွန်တဲ့သူတွေ အတွက်ချည့် မဟုတ်ဘူး။ အောင်မြင်မှု တကယ် တည်နေတာက (လူတိုင်းအတွက်) ပြင်းပြတဲ့ ဆန္ဒ၊ ဇွဲနဲ့ မောင်းနှင်အား ပေါ် မူတည်တယ်။ မောင်းနှင်အား ဆိုတာက ဖြစ်ချင်တဲ့ အတိုင်း ဖြစ်အောင် ရအောင် ကျင့်ကြံအားထုတ် လုပ်ကိုင်ခြင်းပဲ။

ပျင်းတတ်တဲ့ တို့လူငယ်တွေအတွက် ပျင်း ရင် ဖျင်းတတ်တယ် နော်။ ပ စောက်၊ ဖဦးထုပ်က နီးနီးလေးပါ။ ပျင်းလို့ မလုပ်တာမျိုး မဖြစ်စေပါနဲ့။ သို့ပေမယ့် သက်သောင့်သက်သာနဲ့ ကိုယ့်ရဲ့ ဘ၀ ရည်မှန်းပုံရိပ်ကို အထင်အရှား မြင်အောင် ကြည့်စေချင်ပါတယ်။

ကိုယ်လိုချင်၊ ကိုယ်ဖြစ်ချင်၊ ကိုယ်ရချင်တဲ့ ဘ၀အနေအထားကို အထင်အရှားရှုမြင်ပြီး အဲဒီ အနေအထားနဲ့ လိုက် လျောညီထွေတဲ့ အကျင့်အကြံ ရှိပါစေ၊ ဆက်စပ်တဲ့ အသိ ဗဟုသုတကိုရှာဖွေ ဖြည့်ဆည်းနိုင်ပါစေ။ ဒါဆိုရင် ဘ၀လိုအင် အမြန်ဆုံး ပြည့်စုံပြီပေါ့။

ပျင်းတဲ့

နိုင်စွမ်း



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved