ဘန်ကောက်မယ်ပြိုင်ပွဲမှာ ကမ္ဘာကျော်သီချင်းကို စောင်းနဲ့ အစွမ်းပြမယ်

Tuesday, October 15, 2013

~


  ဘန်ကောက်မြို့ Miss Grand International  မယ်ပြိုင်ပွဲမှာ စွမ်းရည်ပြသဖို့အတွက်  အလှမယ် ထားထက်ထက်က ကမ္ဘာကျော်သီချင်းတပုဒ်ကို လေ့ကျင့်နေကြောင်း သောကြာနေ့ထုတ် မော်ဒန်သတင်းဂျာနယ်မှာ ရေးထားပါတယ်။


သူကျင့်နေတဲ့ သီချင်းကတော့ We are the world ဖြစ်ပါတယ် တဲ့။

 တို့ချစ်တဲ့ကမ္ဘာသီချင်းက သံစဉ်ကို အများသိပြီးသား၊ သီချင်းကလည်း နာမည်ကြီးပြီးသားပါ။

ဒီသီချင်းကို သူက မြန်မာ့စောင်းနဲ့ တင်ဆက်မယ် ဆိုတော့ အတီးပဲဖြစ်ဖို့များပါတယ်။ အဆို ပါဝင်ဖွယ် မရှိပါ။
အတီးသီးသန့်ဖြစ်မှပဲ မြန်မာ့စောင်းသံကို ပရိသတ် နဲ့ ဒိုင်တွေက ပိုပြီး အာရုံစိုက်မိပါလိမ့်မယ်။

"အောင်စေပိုင်စေ" ဆိုတဲ့ မြန်မာသီချင်းကိုလည်း ကျင့်နေပါတယ် တဲ့။
အလှမယ်ပြိုင်ပွဲတွေဟာ အလှအပ ထွေထွေရာရာကိုသာမက တဦးချင်းစီရဲ့ စွမ်းရည်တွေကိုလည်း ပြသ ယှဉ်ပြိုင်တဲ့ပွဲတွေပါ။

အလှမယ် ထားထက်ထက်က  စောင်းအတီးစွမ်းရည်၊ ကျွမ်းဘားစွမ်းရည်တို့ကို ပြသဖို့ ပြင်ဆင်နေပါပြီ။
သူ့ရဲ့ အလှအပ နဲ့ စွမ်းရည်တွေက ပြိုင်ဘက်တွေကြားထဲ ထိပ်ပိုင်းမှာ ရောက်နေတယ် ဆိုရင်တော့ Miss Grand International  သရဖူကို ရယူနိုင်ပါလိမ့်မယ်။

မယ်စကြာဝဠာအတွက် ပြင်ဆင်နေတဲ့ မိုးစက်ဝိုင်နဲ့တော့ ဧရာဝတီက အင်တာဗျူးပြီးပါပြီ။ http://burma.irrawaddy.org/interview/2013/10/05/49086.html  မှာ ဖတ်နိုင်ပါတယ်။
ဘန်ကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ ထားထားထက်အကြောင်းလည်း ဧရာဝတီ ပင်မ စာမျက်နှာမှာ မကြာခင် ဖတ်ရဖွယ်ရှိပါတယ်။

ပြိုင်ပွဲအစီအစဉ်အများအပြား ရှိတဲ့အတွက် ဘန်ကောက်၊ ချင်းမိုင်၊ ပတ္တရား အစရှိတဲ့ မြို့များမှာ လှည့်ပတ် ကျင်းပမယ်၊ ပြိုင်ပွဲကို ထိုင်းရုပ်သံအမှတ် ၇ ကနေ တိုက်ရိုက် ထုတ်လွှင့်မယ်လို့ သိရပါတယ်။
နောက်ဆုံးနေ့ဗိုလ်လုပွဲကိုတော့ ဘန်ကောက်မြို့အနီး ပြုလုပ်ပါလိမ့်မယ်။
ကနဦးသတင်းထုတ်ပြန်ချက်အရဆိုရင်တော့ သရဖူ ရရှိသူဟာ ဒေါ်လာ သုံးသောင်း ရပါလိမ့်မယ်။
ဒါဟာ မြန်မာငွေ သိန်းသုံးရာနီးပါး ရှိတဲ့ ငွေပမာဏပါ။ 

တခြားဆုတွေမှာလည်း ငွေသား ထည့်သွင်းထားပါတယ် တဲ့။
ဆုအမည်တွေကတော့
အကောင်းဆုံး အမျိုးသားဝတ်စုံဆု (နိုင်ငံကိုယ်စားပြုဝတ်စုံဆု)
အကောင်းဆုံး  ရေကူးဝတ်စုံဆု
အကောင်းဆုံး ညနေခင်းဝတ်စုံဆု
စသဖြင့် စသဖြင့်။

ပရိသတ်အကြိုက်ဆုံးဆုဆိုတာလည်း ပါပါလိမ့်မယ်။
အဲဒီဆုအတွက် ပြိုင်ပွဲရောက်ဖို့ လိုသေးပေမယ့် ခုကတည်းက မဲပေးနိုင်ပြီလို့ ဆိုပါတယ်။
ဒီအကြောင်း ဒီဘလော့မှာ ဆက်လက် ရေးသားပါအုံးမယ်။

ဒီပို့စ်ကို တင်ဖို့ ပြင်နေတုန်း ပြိုင်ပွဲကော်မတီရဲ့ဖေ့စ်ဘုတ်ကို သွားကြည့်တော့ ...
သရဖူဆောင်းသူအတွက် အထူးဆုတခု ထပ်ဖြည့်ထားပါတယ်၊ အဲဒီဆု ဘာဖြစ်မယ် ဆိုတာကို ဒီတပတ်အတွင်း ကြေညာပါမယ်လို့ လတ်တလော ရေးထားတာ တွေ့ရပါတယ်။




(အလှမယ် ထားထက်ထက်ရဲ့ ဓာတ်ပုံတွေကို သူ့ရဲ့ ဖေ့စ်ဘုတ်ကနေ ကူးယူ ဖော်ပြပါတယ်)

ဆက်စပ်
ရေကူးဝတ်စုံ ၀တ်ရမှာရှက်တဲ့ Myanmar Miss Universe မိုးစက်ဝိုင်
http://burma.irrawaddy.org/interview/2013/10/05/49086.html



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved