ဗုံးကိစ္စ သတင်းစာရှင်းလင်းပွဲ ရဲချုပ် ပြောဆိုချက်အပြည့်အစုံ

Saturday, October 19, 2013

မကြာခင်က ရန်ကုန်နဲ့ မြို့တချို့မှာ ဗုံးတွေပေါက်၊ ဗုံးတွေ တွေ့ရတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး မနေ့က လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ရဲချုပ်ဇော်ဝင်းပြောတဲ့ အချက်အလက်အပြည့်အစုံကို သမ္မတရုံး ၀က်ဆိုက် က ဖော်ပြထားပါတယ်။ 
 မနေ့က သတင်းစာရှင်းလင်းပွဲမှာ တွေ့ရတဲ့ ရဲချုပ်ဇော်ဝင်း။ ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ

သံသယရှိသူတွေကို ဘယ်လို ခြေရာခံတယ်။ စုံစမ်းစစ်ဆေးပြီး ဘယ်လိုအချက်အလက်တွေကို သိရတယ် ဆိုတာတွေနဲ့ပတ်သက်တဲ့ ကွင်းဆက်တွေကို ပြောသွားတဲ့ ပြောဆိုချက်တွေပါ။ အပြည့်အစုံကို ဧရာဝတီ က ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ 

လေးစားအပ်ပါသော သတင်းစာဆရာကြီးများ၊ ပြည်တွင်း/ ပြည်ပ စာနယ်ဇင်းများမှ တာဝန်ခံများ၊ သံအမတ်ကြီး များ၊ သံရုံးယာယီ တာဝန်ခံများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ တာဝန်ခံများ၊ အထူး ဖိတ်ကြား ထားသော ဧည့်သည်တော်များ ခင်ဗျာ 
ရှေးဦးစွာ  ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေကြောင်း မေတ္တာပို့သလျက် လေးစားစွာ နှုတ်ခွန်း ဆက်သ ဂါရဝ ပြုအပ်ပါတယ်။
သတင်းစာဆရာကြီးများနှင့် ဧည့်သည်တော်ကြီးများ ခင်ဗျာ 
ဒီနေ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ယခုရက်ပိုင်းအတွင်း ရန်ကုန်၊ 
တောင်ငူ၊ မန္တလေး၊ စစ်ကိုင်းမြို့ကြီးများမှာ ပေါက်ကွဲ မှုဖြစ်စဉ်များ ဖြစ်ပွားရခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ပြည်သူလူထုနဲ့ ပူးပေါင်း၍ စုံစမ်းဖော် ထုတ် ဆောင်ရွက်ခဲ့မှု အခြေအနေ များအား ပြည်သူ အားလုံးနဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာ များ အားလုံး သိရှိနိုင်  စေရန်အတွက် ရည်ရွယ် ပြုလုပ် ရခြင်း ဖြစ်ပါတယ်။
လေးစားအပ်ပါသော သတင်းစာဆရာကြီးများနှင့် ဧည့်သည်တော်ကြီးများခင်ဗျာ နိုင်ငံတော် အတွင်း တိုင်းဒေသကြီးအချို့မှာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့ဘဝ တည်ငြိမ် အေးချမ်းရေး  ပျက်ပြား
စေရန် ရည်ရွယ်ပြီး မသမာ သူများဟာ အောက်တိုဘာလ အတွင်း ဖောက်ခွဲမှုများ လုပ်ဆောင်ခဲ့ကြပါ တယ်။
အထူးသဖြင့် ပြည်သူလူထုများ ထိတ်လန့်မှု၊ စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်စေပြီး နိုင်ငံတော်ရဲ့ တည်ငြိမ်
အေးချမ်းမှုကို ထိခိုက်ပျက်ပြား စေရန် ဦးတည်ဆောင်ရွက်ခဲ့ရာမှာ ပေါက်ကွဲမှု (၆) ကြိမ်၊ မိုင်းရှင်းလင်း ပြီး ဘေးအန္တရာယ် ကင်းအောင် ဆောင်ရွက်ပေးနိုင်မှု (၄) ကြိမ်၊ စုစုပေါင်း (၁၀) ကြိမ် ဖြစ်ပွားခဲ့ပြီး မိုင်း အရေ အတွက် (၁၀) လုံးဖြစ်ကြောင်းနဲ့ ဒီဖြစ်စဉ်မှာ အပြစ်မဲ့ပြည်သူ (၂) ဦး သေဆုံးပြီး (၃) ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း စိတ်မကောင်းဖွယ်ရာ သိရှိခဲ့ရပါတယ်။
ပထမဦးဆုံးဖြစ်စဉ်အနေနဲ့ အောက်တိုဘာလ ၉ ရက်နေ့ ၁၀၀၀ နာရီချိန် ဖြူးမြို့ ကားဂိတ်မှာ ဇေယျာဟိန်း ခရီးသည်တင် ကားပေါ်မှ မသင်္ကာဖွယ်ရာ မိုင်းတစ်လုံးတွေ့ရှိရသဖြင့် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များနှင့် စစ်မြေပြင် အင်ဂျင်နီယာတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ဘေးအန္တရာယ် ကင်းရှင်းအောင် စနစ်တကျ ရှင်းလင်း
ဆောင်ရွက်နိုင်ခဲ့ပါတယ်။
မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်က ပြည်နယ်/ တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး အားလုံးကို ယခု ဖြစ်စဉ်ချပြပြီး မိုင်းအန္တရာယ်ကင်းရှင်းရေး လုံခြုံရေး ဂရုပြုဆောင်ရွက်ဖို့နဲ့ လှည့်ကင်း ပတ်ကင်းများနဲ့ နယ်မြေစိုးမိုးမှု ရရှိရေး ဆောင်ရွက်ဖို့ ကြပ်မတ်ညွှန်ကြားခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဖြူးမြို့မ ရဲစခန်းက ဥပဒေနဲ့ အညီ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ ပုဒ်မ ၅ ဖြင့် ဥပဒေနဲ့ အညီ အမှုဖွင့် အရေးယူ ဆောင် ရွက်ထားရှိပါတယ်။
အဲဒီလို ဖြစ်ပွားပြီး တစ်ရက်ကျော်ဖြစ်တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့ ၂၀၅၀ နာရီချိန် တောင်ငူမြို့၊ ချမ်းမြေ့တည်းခိုခန်းမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ၂ ဦး သေဆုံး ၁ ဦး ဒဏ်ရာရတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ရာ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ စိစစ်ဖော်ထုတ်ချက်အရ မသင်္ကာတရားခံ စောထွန်းထွန်းကို ဖော်ထုတ် နိုင်ခဲ့ပြီး ဝတ္တုပစ္စည်းများ ပုဒ်မ ၃ ဖြင့် ဥပဒေနဲ့ အညီ အမှုဖွင့်အရေးယူဆောင်ရွက်ထား ရှိပါတယ်။
သတင်းစာဆရာကြီးများနှင့် ဧည့်သည်တော်ကြီးများခင်ဗျာ
အောင်ဆန်းလင်း(ခ) ဆန်းလင်းကို ဖမ်းဆီးရမိတဲ့အခြေအနေကို တင်ပြသွားမှာဖြစ်ပါတယ်။
အဲဒီသတင်းအရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းဖော်ထုတ်ခဲ့ရာမှာ အောက်တိုဘာလ ၁၄ ရက်နေ့ ၁၂၃၀ နာရီအချိန်မှာ လမ်းမတော်မြို့နယ် ကုန်တင်ကုန်ချ အလုပ်သမားရုံးမှာ လုပ်ကိုင်နေ တဲ့ အောင်ဆန်းလင်း (ခ) ဆန်းလင်းကို အဲဒီ အလုပ်သမားရုံး အပေါ်ထပ်မှာ တွေ့ရှိဖမ်းဆီး နိုင်ခဲ့ပါတယ်။
ဆက်လက်ပြီး အငှားယာဉ်မောင်း အောင်မင်းဦးကို ဖမ်းဆီးရမိတဲ့ အခြေအနေကို တင်ပြပါမယ်။
ဆက်လက်ဖော်ထုတ်ချက်အရ ၁၄၀၀ ချိန် အငှားယာဉ်မောင်း အောင်မင်းဦးဟာ သာကေတမြို့နယ် (၆) အရှေ့ရပ်ကွက် ဝေဇယန္တာလမ်း အမှတ် (၁၀၁၀) တွင် နေထိုင်ကြောင်း သိရှိရလို့ သွားရောက်စုံစမ်းရာ ခြံတခါးနှင့် နေအိမ်တံခါးသော့ခတ်ထားပြီး ၁၁၃၀ ချိန်ခန့်မှ စလို့ နေအိမ်အပြင်ထွက်ခွာသွားကြောင်း သိရှိရတဲ့အတွက် ဖြန့်ကြက်ရှာဖွေခဲ့ရာ ၂၀၁၃ ချိန် လှိုင်သာယာမြို့နယ်၊ ကျန်စစ်သားလမ်း၊ ပြည့်စုံဝင်း စတိုးဆိုင်ရှေ့မှာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က အောင်မင်းဦးကို တွေ့ရှိဖမ်းဆီးနိုင်ခဲ့ပါတယ်။
အောင်မင်းဦးကို စစ်ဆေးရာမှာ အောက်တိုဘာလ ၁၃ ရက်နေ့ ၁၂၀၀ နာရီချိန်မှာ ကဝမြို့နယ် ကျားတက်ရွာမှ တစ်ရွာတည်းသား သူငယ်ချင်းဖြစ်တဲ့ မောင်မိုး (ဖ) ဦးမြင့်သိန်း မင်္ဂလာတောင်ညွှန့် မြို့နယ်နေသူက တက္ကဆီငှားရမ်းခဲ့ပြီး အောင်မိုးရဲ့ မိတ်ဆွေ (စောမြင့်လွင်) ကို သာကေတမြို့နယ် တိုင်းရင်းသားကျေးရွာမှ ကျောက်တံတားမြို့နယ် Hitachi အပေါ်ဆုံးထပ်မှာရှိတဲ့ ကော်ဖီဆိုင်ကို လိုက်ပို့ခဲ့ပြီး မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန်ဘောင်ရပ်ကွက် (၉၄) လမ်း၊ အမှတ် (၃၁) ၊ (၄) လွှာ/ ယာဘက်မှာနေတဲ့ အောင်မိုး ရဲ့ နေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ ၁၈၀၀ ချိန်မှာ 
အောင်ဆန်းလင်း၊ အောင်မိုးနဲ့ ဇနီး၊ စောမြင့်လွင်တို့နဲ့ အတူ ဗဟန်းမြို့နယ်ရှိ ရွှေကောင်းဟော့ပေါ့ ဆိုင်ကို သွားရောက် စားသောက်ခဲ့ပြီးတော့ အောင်မိုးနဲ့ ဇနီးတို့ လမ်းခွဲကာ ၁၉၃၀ ချိန် အောင်ဆန်းလင်း၊ 
စောမြင့်လွင်တို့နဲ့အတူ အလုံမြို့နယ်ရှိ Western Park II စားသောက်ဆိုင်ကို ဆက်လက်သွားရောက် စားသောက်ခဲ့ကြောင်း၊ ၂၂၀၀ ချိန် အဲဒီဆိုင်ကနေ ပြန်လည် ထွက်ခွာပြီး စောမြင့်လွင်ကို အောင်ဆန်းလင်း နဲ့ အတူ ပဲခူးမြို့ထိ ပို့ဆောင်ပေးခဲ့ကြောင်းနဲ့ အောက်တိုဘာလ ၁၄ ရက်နေ့ ၀၅၀၀ နာရီအချိန်မှာတော့ သာကေတမြို့နယ် နေအိမ်ကို ပြန်ရောက် ရှိစဉ် စောမြင့်လွင်က အောင်မင်းဦးကို ဖုန်းဆက်သွယ်ပြီး သူ့ရဲ့ ပိုက်ဆံအိတ် ကားပေါ်မှာကျန်ခဲ့ကြောင်းပြောတဲ့အတွက် ကားပေါ်မှာ တွေ့ရတဲ့ ပိုက်ဆံအိတ်ကို ညီဖြစ်သူ ဝင်းသန်း(၃၅) နှစ် သာကေတ မြို့နယ်နေသူထံ ခေတ္တအပ်နှံပေးခဲ့ကြောင်းသိရပါတယ်။
ဝင်းသန်း အသက် ၃၅ နှစ် (ဖ) ဦးသောင်းစိန်ရဲ့ နေအိမ်မှာ အဲဒီ ပိုက်ဆံအိတ်ကို သွားရောက်ရှာဖွေ ရာ စောမြင့်လွင် အသက်၂၅ နှစ် ကရင်/ဗုဒ္ဓ၊ ကျပန်း၊ ၃/ ဖပန(နိုင်) ၀၂၂၅၇၆ မလိကျောက်ကျေးရွာ ဖာပွန်မြို့နယ်နေသူရဲ့ မှတ်ပုံတင်ကတ်ပြားနဲ့ အတူ မြန်မာငွေရောရာ ၃၇၁၅၀ ကျပ်၊ လိပ်စာကတ် ၁၀ ခု၊ ဈေးဝယ်ဘောင်ချာ ၁ စောင်နဲ့ ဘော့ပင် ၁ ချောင်းတို့ကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သိမ်းဆည်း ရမိခဲ့ပါတယ်။
အဲဒီလိုသိမ်းဆည်းရမိတဲ့ စောမြင့်လွင်ရဲ့ မှတ်ပုံတင်နဲ့ ရန်ကုန်မြို့တွင်း တည်းခို သွားလာနိုင်မဲ့ နေရာတွေ ကို စိစစ်အတည်ပြုနေစဉ် ၂၃၂၀ အချိန်မှာ ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ် အခန်းအမှတ် (၉၂၁) မှာ မိုင်းတစ်လုံးပေါက်ကွဲလို့ နိုင်ငံခြားသူ တစ်ဦး ဒဏ်ရာရ တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရတဲ့ အတွက် အဲဒီဟိုတယ်ရဲ့ တည်းခိုသူ စာရင်းများကို အသေးစိတ်စိစစ်တဲ့အခါ စောမြင့်လွင်ဟာ အခန်းအမှတ် (၉၂၁) မှာ အောက်တိုဘာလ ၁၂ ရက်နေ့ ၁၅ ၀၀ အချိန်မှ ၁၃ ရက်နေ့ ၀၆ ၀၀ ချိန်ထိ တည်းခို သွားကြောင်း သိရှိရပြီး ဟိုတယ်ရဲ့ CCTV မှတ်တမ်းများကို စိစစ်ချက်အရလည်း စောမြင့်လွင် ရောက်ရှိသွားလာမှု မှတ်တမ်းများကို အတည်ပြုနိုင်ခဲ့ပါတယ်။
ဒီပေါက်ကွဲမှု ဖြစ်စဉ် ကိုလည်း ကျောက်တံတား မြို့မ ရဲစခန်းမှ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ ပုဒ်မ ၃ ဖြင့်လည်းကောင်း၊ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၃၈ ဖြင့်လည်းကောင်း ဥပဒေနဲ့အညီ အမှုဖွင့်အရေး ယူဆောင်ရွက်ထားရှိပါတယ်။
ဆက်လက်ပြီးတော့ စောမြင့်လွင်အား စုံစမ်းဖမ်းဆီးတဲ့ အခြေအနေများကို ရှင်းလင်း တင်ပြပါမယ်။
ဖမ်းဆီးရမိထားတဲ့ အငှားယာဉ်မောင်း အောင်မင်းဦးဆီက ရရှိတဲ့ သတင်းအချက်အလက် များအရ 
စောမြင့်လွင်ရဲ့ တည်နေရာကို နည်းပညာ အထောက်အကူနဲ့ အတည်ပြုခဲ့ရာမှာ ဘီးလင်းမြို့မှာ ရှိနေကြောင်း သိရလို့ မွန်ပြည်နယ်ရဲတပ်ဖွဲ့နဲ့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကို ပူးပေါင်းဆောင်ရွက် ခဲ့ရာ အောက်တိုဘာလ ၁၅ ရက်နေ့ ၀၇ ၃၀ ချိန် ဘီးလင်းမြို့၊ ဗိုလ်တေဇရပ်ကွက်၊ ဘီးလင်း-နတ်ကြီး-ဖာပွန် သွားလမ်းမပေါ်မှာ ၂၄ယ/ ၉၅၁၀၁ ဆိုင်ကယ်နဲ့ မောင်းနှင်သွားနေတဲ့ စောမြင့်လွင်ကို ဖမ်းဆီးရမိခဲ့ပါတယ်။
သူ့ကို အောက်တိုဘာလ ၁၅ ရက်နေ့ ၁၁ ၂၀ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကို ခေါ်ယူပြီး ဆက်လက်စစ်ဆေးနိုင်ခဲ့ပါတယ်။
ဆက်လက်ပြီး အောင်မိုးအား စုံစမ်းဖမ်းဆီးခဲ့တဲ့ အခြေအနေများကို တင်ပြပါမယ်။
ဖောက်ကွဲမှုတရားခံ စောမြင့်လွင်ရဲ့ မိတ်ဆွေ မင်္ဂလာတောင်ညွန့်မြို့နယ် နေထိုင်သူ အောင်မိုးကို ဖမ်းဆီးရမိဘို့အတွက် သူရဲ့နေအိမ်ကို သွားရောက်စုံစမ်းရာ တိမ်းရှောင် နေကြောင်း သိရပြီး နည်းပညာ အထောက်အကူနဲ့ သူရဲ့ တည်နေရာကို ရှာဖွေချက်အရ သန်လျင်မြို့၊ ဆေးရုံကြီးအနီး မှာ အောက်တိုဘာ လ ၁၄ ရက်နေ့ ၂၃ ၀၀ နာရီအချိန် ဟိုင်းလပ်ဆပ်ဖ်အနက်ရောင် ယာဉ်အမှတ် ၄ ဃ/၂၅၇၆ နဲ့အတူ 
အောင်မိုး ကို တွေ့ရှိဖမ်းဆီးရမိခဲ့ပါတယ်။
အောင်မိုးကို စိစစ်ဖော်ထုတ်ချက်အရ စောမြင့်လွင်ဟာ ရွှေဖူးကုမ္ပဏီပိုင်ရှင် ဦးမြဖူးရဲ့ ကားနဲ့ ရန်ကုန်သို့ လာရောက်ပြီး သူ့ရဲ့နေအိမ်မှာ ၁ ရက် တည်းခိုခဲ့ဘူးကြောင်း၊ စောမြင့်လွင်ဟာ အောက်တိုဘာလ ၁၃ ရက်နေ့ ၀၇ ၀၀ချိန် သူရဲ့ နေအိမ်ကို ရောက်ရှိခဲ့ကြောင်း၊ ရန်ကုန်မြို့မှာ သွားလာ လည်ပတ်နိုင်အောင် သူရဲ့သူငယ်ချင်း ယာဉ်မောင်း အောင်မင်းဦးကို ခေါ်ယူထည့်ပေးလိုက်ကြောင်း၊ ညနေပိုင်းမှာ ရွှေကောင်း 
ဟော့ပေါ့ဆိုင်၌ ညစာလိုက်ကျွေးကြောင်း၊ ညစာစားပြီး စောမြင့်လွင်က မြို့ထဲတွင် ထပ်မံစားသောက် ဖို့ ယာဉ်မောင်း အောင်မင်းဦး၊ အောင်ဆန်းလင်းတို့နဲ့အတူ ၁၉၃၀ ချိန် ထွက်ခွာသွားကြောင်း ထွက်ဆိုပါ တယ်။
ဆက်လက်ပြီး စောမြင့်လွင်ကို စစ်ဆေးဖော်ထုတ်ရရှိမှု အခြေအနေများကို တင်ပြပါမယ်။
စောမြင့်လွင်ဟာ အသက် ၁၆ နှစ်အရွယ်မှာ စတင်၍ KNU ၌ ၅ နှစ် တာဝန် ထမ်းဆောင်ပြီးနောက် ၂၀၀၈ ခုနှစ်မှာ KNU မှ ထွက်ပြီးတော့ ဦးမြဖူးရဲ့ ရွှေဖူးသတ္တု တူးဖော်ရေး ကုမ္ပဏီ၌ နေ့စားအလုပ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်ရာမှ KNU အဖွဲ့အစည်း ရဲ့ စီးပွားရေး အဖွဲ့တစ်ခုမှ နေတိုး(ခ) စောရွှေထူးနဲ့ ခင်မင် ရင်းနှီးခဲ့ကြောင်း၊ စက်တင်ဘာလ ၂၇ ရက်နေ့မှာ ဘီးလင်းမြို့ ဦးမြဖူးနေအိမ်မှာ ရှိနေစဉ် နေတိုး(ခ) 
စောရွှေထူး က ဖုန်းဆက်ခေါ်တဲ့အတွက် စက်တင်ဘာလ ၂၈ ရက်နေ့ ၀၇၀၀ ချိန်ထွက်ခဲ့ရာ မလိကျောက် အကောက်ဂိတ်ကို ၁၂၀၀ ချိန်ရောက်ရှိခဲ့ပြီး နေတိုး(ခ) စောရွှေထူးရဲ့ တပည့် မောင်ချမ်းအေး၊ တင်အောင်ဟိန်းတို့ (၂) ဦး ကို တွေ့ရှိရကြောင်း၊ အကောက်ဂိတ်၌ ညအိပ်ပြီး စက်တင်ဘာလ ၂၉ ရက်
နေ့မှာ နေတိုး(ခ) စောရွှေထူးက အိတ်(၁)လုံးဖွင့်ပြလို့ မိုင်း (၁၀) လုံး တွေ့ရှိရပြီး ဖောက်ခွဲနည်းကို (၁၅) ကြိမ်လောက် သင်ကြားပေးခဲ့လို့ တတ်မြောက်ခဲ့ကြောင်းနဲ့ နေတိုး(ခ) စောရွှေထူးက ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေမှာ မိုင်းထောင် ဖောက်ခွဲဖို့ မိုင်းနှစ်လုံးနဲ့ ငွေကျပ် ၅ သိန်းပေး စေခိုင်းခဲ့ပြီး သူလဲ ဘီးလင်းသို့ ပြန်လာခဲ့ကြောင်း သိရှိရပါတယ်။
အောက်တိုဘာလ ၄ ရက်နေ့ ၀၆၀၀ ချိန် ဘီးလင်းနေအိမ်မှာ ရှိနေစဉ် နေတိုး(ခ) စောရွှေထူးက ဦးမြဖူးဆီ ဖုန်းနဲ့ ဆက်သွယ်ပြီး သူနဲ့အတူ ရန်ကုန်ကိုလာဘို့ ပြောတာကြောင့် ၁၂၀၀ ချိန် ဦးမြဖူးနဲ့ အတူ ရန်ကုန်ကို သွားခဲ့ကြောင်း၊ ၁၈၀၀ ချိန် နေတိုး(ခ) စောရွှေထူးနဲ့ စိုးမြင့်အောင်တို့ အိုလံပစ် ဟိုတယ်မှာ ရှိကြောင်း ဖုန်းဆက်ပြောတဲ့အတွက် အဲဒီဟိုတယ်ကို သွားရောက်တည်းခိုခဲ့ကြောင်း၊ အဲဒီလို တည်းခိုစဉ် ဦးမြဖူးက ဝင်းကိုကိုအမည်နဲ့ လည်း ကောင်း၊ နေတိုး(ခ) စောရွှေထူးက စောရွှေထူး (၃၀) နှစ်၊ (ဖ) ဦးပန်းအောင်၊ ၃/ဖပန(နိုင်) ၀၂၄၀၈၅ အမည်နဲ့လည်းကောင်း တည်းခိုကြရာမှာ နေတိုး(ခ) စောရွှေထူးက အခန်းအမှတ် (၁၀၄)၊ စိုးမြင့်အောင်နဲ့ သူက အခန်းအမှတ် (၁၀၉)မှာ ညအိပ်ပြီး ဦးမြဖူးဟာ ဟိုတယ် အပေါ်ထပ်မှာ သွားရောက် အိပ်ခဲ့ကြောင်း သိရှိရပါတယ်။
အောက်တိုဘာလ ၅ ရက်နေ့မှာ ချောင်းသာကို သွားခဲ့ကြပြီး ချောင်းသာဟိုတယ်မှာ နေတိုး(ခ) စောရွှေထူး က သူ့ကို နိုင်ငံခြားသားတွေ တည်းခိုတဲ့ ကုန်သည်ကြီးများဟိုတယ်၊ ဆီဒိုးနားဟိုတယ်နဲ့ နိုင်ငံခြားသား စားသောက်ဆိုင်တွေကို အဓိကထား ဖောက်ခွဲရမည် ဖြစ်ကြောင်း၊ ဖောက်ခွဲရတဲ့ ရည်ရွယ်ချက်က
တော့ နိုင်ငံခြားသားများ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ပြီး တိုင်းရင်းသားများရဲ့ စီးပွားရေး လုပ်ငန်းများမှာ ဝင်ရောက်လုပ်ကိုင်လာမှုများ အဟန့်အတားဖြစ်စေဖို့ ဖြစ်ကြောင်း၊ အောက်တိုဘာလ ၁၅ ရက်နေ့
နောက်ဆုံး ထားပြီး နှစ်နေရာ လုပ်ပေးရမှာ ဖြစ်ကြောင်း၊ အဲဒီလို လုပ်ပေးပါက ရွှေတူးဖော်ခွင့် လုပ်ကွက်
ပေး မယ်လို့ ပြောတာမို့ သူက သဘောတူ လက်ခံခဲ့ကြောင်း သိရပါတယ်။
အောက်တိုဘာ ၆ ရက်နေ့မှာ သူတို့အဖွဲ့ ရန်ကုန်ကို ပြန်လာတာ အိုလံပစ် ဟိုတယ်မှာ နေတိုး (ခ) စောရွေထူး က အခန်းအမှတ် (၁၀၃)၊ သူက အခန်းအမှတ် (၁၀၄) တွင် တည်းခိုပြီး ဦးမြဖူးနဲ့ ဦးစိုးမြင့်အောင်တို့က နေအိမ်ပြန်အိပ်ကြကာ ညနေမှာတော့ နေတိုး (ခ) စောရွေထူးက သူ့ကို ကုန်သည်ကြီးများ ဟိုတယ်ကို လေ့လာဖို့ ဦးမြဖူးနဲ့ စေလွှတ် ခဲ့ကြောင်း သိရှိရပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့မှာ နေတိုး (ခ) စောရွေထူးက သူ့ကို ဘီးလင်းသို့ ပြန်လည် စေလွှတ် တဲ့ အတွက် ပြန်လာခဲ့ပြီး နေတိုး (ခ) စောရွေထူးတို့မှာ ရန်ကုန်၌ ကျန်ရစ်ခဲ့ ကြကြောင်း၊ နေတိုး (ခ) စောရွေထူး၊ စိုးမြင့်အောင်၊ ဦးမြဖူး ယာဉ်မောင်း ဇော်လတ်မောင် တို့ဟာ အဖြူရောင် Mark-X ကားနဲ့ မန္တလေးဘက်သို့ ခရီးသွားရန်ရှိကြောင်း သိရပါတယ်။
စောမြင့်လွင်ဟာ အောက်တိုဘာလ ၁၂ ရက်နေ့မှာ မိုင်းနှစ်လုံးယူဆောင်ပြီးတော့ ဘီးလင်းကနေ ကားငှား ထွက်ခွာခဲ့ရာ ၁၄၀၀ ချိန် ရန်ကုန်မြို့ကို ရောက်ရှိပြီး ၁၄၃၀ ချိန် ကုန်သည်ကြီးများ ဟိုတယ်အခန်းအမှတ် (၉၂၁) ကို ရောက်ရှိ တည်းခို ခဲ့ကြောင်း၊ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၀၃၀၀ ချိန် အိပ်ရာမှထပြီး မိုင်းတစ်လုံးထုတ်ကာ မိုင်းခွဲမဲ့ အချိန်ကို (၄၈) နာရီပြတဲ့ ပဉ္စမပေါက်အတွင်းသို့ ဝါယာကြိုး တစ်စ ထည့် ပြီး ရေအိမ်သာနောက်၌ ထောင်ထားခဲ့ကြောင်း၊ အဲဒီနောက် နံနက် ၀၆၀၀ ချိန် ဟိုတယ်မှ ထွက်ခွာလာ ပြီး ရွှေဖူးသတ္တု တူးဖော်ရေး ကုမ္ပဏီမှာ ရင်းနှီးခဲ့တဲ့ တာမွေမြို့နယ်နေ ကိုအောင်မိုးထံ ဖုန်းနဲ့ ဆက်သွယ်ပြီး ကိုအောင်မိုး နေအိမ်ကို ရောက်ခဲ့ကြောင်း၊ ၁၂၀၀ ချိန် ရန်ကုန်မြို့တွင်း လည်ပတ်ခဲ့ပြီး ၁၆၃၀ ချိန် ကိုအောင်မိုး အိမ်ပြန်ရောက် ခဲ့ကြောင်းနှင့် ၁၈၀၀ ချိန်ခန့်တွင် ကိုအောင်မိုးတို့ လင်မယားနဲ့ အတူ 
ရွှေကောင်း စားသောက်ဆိုင်သို့ သွားရောက်စားသောက်ခဲ့ကြကြောင်း သိရှိရပါတယ်။
အဲဒီကမှတစ်ဆင့် ၁၉၃၀ ချိန် အလုံမြို့နယ်၊ Western Park II စားသောက်ဆိုင်ကို သွားရောက်ခဲ့ပြီး စားပွဲအမှတ် (၁၉) ၌ အငှားယာဉ်မောင်း အောင်မင်းဦး၊ အောင်ဆန်းလင်း တို့နဲ့ ဘီယာသောက်နေစဉ် အငှားယာဉ်ပေါ်ရှိ ကျောပိုးအိတ်အတွင်းမှ လက်ကျန်မိုင်း တစ်လုံးကို ကြွပ်ကြွပ်အိတ်အနက်နဲ့ ယူဆောင်၍ စားပွဲအမှတ် (၁၉) အောက်တွင် ထောင်ထားခဲ့ကြောင်းနှင့် ၂၂၀၀ ချိန် အငှားယာဉ်မောင်း ကို ပဲခူးမြို့သို့ လိုက်ပို့ရန် ငွေကျပ် ၇၀၀၀၀ ဖြင့် ငှားရမ်းပြီး ရန်ကုန်မြို့မှ ထွက်ခွာခဲ့ရာ ၂၄၀၀ ချိန် ရွှေမော်ဓောဘုရား အနီး နေထိုင်တဲ့ ယခင်က ခင်မင်ရင်းနှီးသူ ရွှေတွင်းပိုင်ရှင် ဦးသိန်းဝင်းရဲ့ နေအိမ်သို့ ရောက်ရှိ ညအိပ် ခဲ့ကြောင်း သိရှိရပါတယ်။
အောက်တိုဘာလ ၁၄ ရက်နေ့ ၀၇၀၀ ချိန် ပဲခူးမြို့မှ ဘီးလင်းမြို့သို့ ထွက်ခွာလာရာ ၀၉၀၀ ချိန် ရောက်ရှိ ခဲ့ပြီး ဦးမြဖူးရဲ့ နေအိမ်၌ တည်းခိုးနေထိုင်ကြောင်းနဲ့ အောက်တိုဘာလ ၁၅ ရက်နေ့ ၀၇၄၅ ချိန် သူပိုင်တဲ့ ဆိုင်ကယ်နဲ့ စီးနင်းသွားလာစဉ် ဘီးလင်းမြို့နယ်၊ ဗိုလ်တေဇရပ်ကွက်၊ အောင်မင်္ဂလာလမ်းမပေါ် အရောက် တွင် ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ဘီးလင်းမြို့မှ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ကို ခေါ်ဆောင်စစ်ဆေးခြင်း ခံခဲ့ရကြောင်း ထွက်ဆိုခဲ့ပါတယ်။
လေးစားအပ်ပါသော သတင်းစာဆရာကြီးများနှင့် ဧည့်သည်တော်ကြီးများ ခင်ဗျာ

ဆက်လက်၍ မန္တလေး၊ စစ်ကိုင်းဖြစ်စဉ်များကို ရှင်းလင်း တင်ပြသွားပါမယ်။
အောက်တိုဘာလ ၁၄ ရက်နေ့ ၁၃၁၅ ချိန် မန္တလေးမြို့ ၁၆x၈၀ လမ်းထောင့် ရွှေဘဲ စားသောက်ဆိုင်အပေါ် ထပ် မှာ မသင်္ကာဖွယ်ရာ အထုပ်တွေ့ရှိရပြီး ၁၆ လမ်းတောင်ဘက် ပလက်ဖောင်းမှာ မန္တလေးတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့နဲ့ စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များက အဲဒီအထုပ်အတွင်းရှိ မိုင်းကို ဖောက်ခွဲ ဖျက်ဆီး ပြီး ဘေးအန္တရာယ် ကင်းရှင်းအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီဖြစ်စဉ် မှာလည်း အောင်မြေသာစံ မြို့မ ရဲစခန်းမှ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ ပုဒ်မ ၃ ဖြင့် ဥပဒေနဲ့အညီ အမှုဖွင့် အရေးယူ ဆောင် ရွက်ထားရှိပါတယ်။
အောက်တိုဘာလ ၁၅ ရက်နေ့ ၀၃၃၀ ချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းလမ်းရပ်ကွက်၊ ရွှေပြည့်စုံ ဟိုတယ် အပေါ်ထပ်နဲ့ ၀၅၄၅ ချိန် စစ်ကိုင်းတောင်ပေါ်ရှိ ဆွမ်းဦးပုညရှင် မုခ်ဦးအဝင် ယာဉ်ရပ်နားစခန်းမှာ မိုင်းတစ်လုံးစီ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာ ရရှိမှုများ မရှိကြောင်း သိရှိရပါတယ်။

ဒီဖြစ်စဉ်များကိုလည်း စစ်ကိုင်းမြို့မ ရဲစခန်းမှ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ ပုဒ်မ ၃ ဖြင့် ဥပဒေနဲ့အညီ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိပါတယ်။
အဆိုပါ ဖြစ်စဉ်များ ဖြစ်ပွားမှုနှင့် ပတ်သက်လို့ ရဲချုပ်ဟာ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးတို့နဲ့ အတူ အောက်တိုဘာလ ၁၅ ရက်နေ့မှာ အခင်းဖြစ်ပွားတဲ့ နေရာများအား အသေးစိတ် စစ်ဆေးပြီး အခင်းဖြစ်နေရာ များမှာ တပ်ဆင်ထားရှိတဲ့ CCTV ကင်မရာမှတ်တမ်းများမှာရှိတဲ့ မှတ်တမ်းဓာတ်ပုံတွေကို ထုတ်ယူပြီးနောက် ရန်ကုန်၊ စစ်ကိုင်း၊ မန္တလေးမြို့ ဖြစ်စဉ်များကို ဆက်စပ်ဖော် ထုတ် သွားဖို့ ညှိနှိုင်းဆွေးနွေး ညွှန်ကြားခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဟာ အခင်းဖြစ်ပွားတဲ့ ဟိုတယ်ကို အသေးစိတ် စစ်ဆေးရာမှာ တရားခံ 
စောမြင့်လွင်ရဲ့ ထွက်ဆိုချက်မှာ ပါတဲ့ နေတိုး (ခ) စောရွှေထူးနဲ့ ဇော်လတ်မောင်တို့ဟာ တည်းခိုသူ စာရင်း ၌ ဇော်လတ်မောင် နာမည် တစ်ခုသာ ပေး၍ နှစ်ဦးတည်းခိုသွားကြောင်း မသင်္ကာဖွယ် တွေ့ရှိရလို့ ဟိုတယ်ရဲ့ CCTV မှတ်တမ်းအား ဆက်လက် ရှာဖွေခဲ့ရာ မသင်္ကာဖွယ် တရားခံဓာတ်ပုံများ ရရှိခဲ့တာကြောင့် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ကို ပေးပို့ စိစစ်စေခဲ့ရာ ဇော်လတ်မောင်နဲ့ နေတိုး (ခ) စောရွေထူးတို့ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ 
အဲဒီနောက် ဆွမ်းဦးပုညရှင်၊ ကောင်းမှုတော်ရှိ CCTV များက မှတ်တမ်းများနဲ့ တိုက်ဆိုင်စစ်ဆေးခဲ့ရာမှာ အဆိုပါ နေရာများကိုလည်း Mark-X အဖြူရောင် ၆ဂ/၅၉၄၈ နဲ့ ရောက်ရှိသွားလာ ခဲ့ကြောင်း ဖော်ထုတ်နိုင် ခဲ့ပါတယ်။
ထိုနည်းတူစွာ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကလည်း အဆိုပါ ဓာတ်ပုံများနှင့် ရွှေဘဲ စားသောက်ဆိုင်ရှိ CCTV မှ မှတ်တမ်းပုံများကို ဆက်လက် တိုက်ဆိုင်ကြည့်ရှုရာမှာ အဲဒီ မသင်္ကာဖွယ် တရားခံများဟာ မိုင်းတွေ ရှိတဲ့ စားပွဲ အမှတ် (၁၄) ၌ အောက်တိုဘာလ ၁၃ ရက်နေ့ ၁၂၀၀ ချိန်ခန့်မှာ စားသောက် ခဲ့ကြောင်း ဖော်ထုတ်ရရှိတဲ့အပြင် စားပွဲအောက်မှာ မိုင်းကို ချည်နှောင်ထားခဲ့တဲ့ သွပ်ကြိုးစကို သိမ်း ဆည်းရမိခဲ့ပါတယ်။
လေးစားအပ်ပါသော သတင်းစာဆရာကြီးများနဲ့ ဧည့်သည်တော်ကြီးများ ခင်ဗျာ
စစ်ကြောဖော်ထုတ်ချက်များအရ အဲဒီဖြစ်စဉ်မှာ ပါဝင်တဲ့ ဇော်လတ်မောင်နဲ့ ယာဉ်ပိုင်ရှင် ဦးမြဖူး တို့ကို မွန်ပြည်နယ် ရဲတပ်ဖွဲ့ဟာ KNU အဖွဲ့အစည်းရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖမ်းဆီးနိုင်ခဲ့ပြီး အောက်တိုဘာလ ၁၆ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့သို့ ပို့ဆောင် စစ်ဆေးခဲ့ပါတယ်။
ဇော်လတ်မောင်ရဲ့ ထွက်ဆိုချက်အရ မန္တလေးမြို့၊ စစ်ကိုင်းမြို့တို့မှ အခင်းဖြစ် နေရာများကို နေတိုး (ခ) စောရွေထူးနဲ့ အတူ ရောက်ရှိခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နေတိုး (ခ) စောရွေထူး၊
ဇော်လတ်မောင်တို့အဖွဲ့ဟာ ခရီးစဉ်၌ တောင်ငူ၊ ညောင်ဦး၊ မကွေး၊ ပုပ္ပါးမြို့ များကို ရောက်ရှိသွား လာခဲ့ကြောင်း သိရှိရတာကြောင့် ပြည်သူလူထု ဘေးကင်း လုံခြုံရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနဲ့ စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး သံသယဖြစ်ဖွယ်နေရာတွေကို မိုင်းအန္တရာယ် ကင်းရှင်း
ရေး ရှင်းလင်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါတယ်။
အခင်းဖြစ်နေရာများက သိမ်းဆည်းရမိခဲ့တဲ့ သက်သေခံ ပစ္စည်းများအပေါ် မှုခင်းတပ်ဖွဲ့ရဲ့ ကျွမ်းကျင်သူ ထင်မြင်ချက်များ အရ အောက်တိုဘာက ၉ ရက်နေ့ ဖြူးမြို့ဖြစ်စဉ်၊ အောက်တိုဘာလ ၁၁ ရက်နေ့   တောင်ငူမြို့၊ ချမ်းမြေ့တည်းခိုခန်း ဖြစ်စဉ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ အင်းစိန်မြို့နယ်၊ စော်ဘွားကြီး ကုန်း ဖြစ်စဉ်နဲ့ သာကေတမြို့နယ်၊ ၃/မာန်ပြေ ရပ်ကွက်ဖြစ်စဉ် များက မိုင်း (၅) လုံးရဲ့ အသုံးပြု ပစ္စည်းများ နှိုင်းယှဉ်ရာမှာ TNT ယမ်းတုံး ၀.၅ ပေါင်စီ၊ ဒီတိုနေတာမှာ ဝါ/ဖြူ ဝါယာကြိုးနဲ့ ကြိုးအရှည် ၁၀ ပေ ခန့်စီ၊ ဘက်ထရီ ၉ ဗို့စီ၊ မီးတိတ် အနက်ရောင်များ၊ ချိန်ကိုက်နာရီ ၁.၅ ဗို့ ဓာတ်ခဲပါ မိုင်း (၄) လုံးနဲ့ ထောင်ချောက် မိုင်း (၁) လုံး အသုံးပြုခဲ့ကြောင်း တွေ့ရှိရတာကြောင့် အဖွဲ့အစည်း/ လူတစ်ဦးတည်းမှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းနဲ့ ဒေသလုပ် မိုင်းများဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။
အလားတူ အောက်တိုဘာ ၁၄ ရက်နေ့ အလုံမြို့နယ်၊ Western Park IIဖြစ်စဉ်နဲ့ အောင်မြေသာစံမြို့နယ်၊ 
ရွှေဘဲ စားတော်ဆက်ဖြစ်စဉ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ ကျောက်တံတားမြို့နယ်၊ Traders Hotel၊ စစ်ကိုင်းမြို့၊ ရွှေပြည့်စုံ ဟိုတယ်နဲ့ ဆွမ်းဦး ပုညရှင် စေတီဖြစ်စဉ်တို့က မိုင်း (၅) လုံးရဲ့ အသုံးပြုပစ္စည်းများ နှိုင်းယှဉ်ရာမှာ M-67 လက်ပစ်ဗုံး တစ်လုံးစီ၊ ဒီတိုနေတာ ဝါ/ဖြူ ဝါယာကြိုးနဲ့ ကြိုးအရှည် ၅ လက်မ ခန့်စီ၊ Sequence Controller များ အသုံးပြုခဲ့ကြောင်း တွေ့ရှိရတဲ့အတွက် အဖွဲ့အစည်း တစ်ခုတည်းမှ ဆောင် ရွက်ခဲ့ခြင်း ဖြစ်နိုင်ကြောင်းနဲ့ ဒေသလုပ်မိုင်းများ ဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။
ရန်ကုန်ဖြစ်စဉ်နှစ်ခုမှာ နေတိုး (ခ) စောရွေထူးရဲ့ စေခိုင်းချက်ကြောင့် စောမြင့်လွင် ဆောင်ရွက်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့တဲ့အတွက်ကြောင့် လည်းကောင်း၊ ကျန်တဲ့စစ်ကိုင်း မန္တလေးဖြစ်စဉ် သုံးခုမှာ အသုံးပြုခဲ့တဲ့ ပစ္စည်းများနှင့် တပ်ဆင်ပုံစနစ် တူညီမှုကြောင့် လည်းကောင်း၊ အဆိုပါနေရာတွေကို နေတိုး (ခ) စောရွေထူး နှင့် နေတိုး ဦးဆောင်တဲ့ အဖွဲ့က ဖောက်ခွဲဖျက်ဆီးခြင်းဖြစ်ကြောင်း တွေ့ရှိရပါတယ်။ 
စစ်ကြောဖော်ထုတ် ချက်များ အရ နိုင်ငံအတွင်းမှာ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်တွေ ဝင်ရောက် လုပ်ကိုင်မှုကို ခြိမ်းခြောက်လိုတဲ့ အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ခိုင်လုံစွာ သိရှိရပါတယ်။ ဆက်လက် စစ်ကြော ဖော်ထုတ်ချက်များအရ ပိုမိုတိကျတဲ့ သတင်း အချက်အလက်များ ရရှိမှုကို သတင်းထုတ်ပြန် ပေးသွားမှာ ဖြစ်ပါတယ်။
လေးစားအပ်ပါသော သတင်းစာဆရာကြီးများနဲ့ ဧည့်သည်တော်ကြီးများခင်ဗျာ
ဒီပေါက်ကွဲမှုဖြစ်စဉ်များမှာ ကျူးလွန်သူများနဲ့ ပါဝင်ပတ်သက်သူများကို ဖော်ထုတ်နိုင်ရေး အတွက် နိုင်ငံ တကာ မိတ်ဖက်အဖွဲ့အစည်းများထံမှ နည်းပညာ အထောက်အကူများ ရယူ၍ လည်းကောင်း၊ အပြည်ပြည် ဆိုင်ရာ ရဲအဖွဲ့ချုပ် Interpol မှ စုံစမ်းစစ်ဆေးရေးနဲ့ သတင်း အချက်အလက် အထောက်အကူများရယူ၍ လည်းကောင်း ကြိုတင်ကာကွယ်ရေး ဆိုင်ရာ အကြံပြုချက်များ၊ သတင်းအချက်အလက်များ ရရှိရေး အတွက် လည်းကောင်း ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း အသိပေးတင်ပြလိုပါတယ်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ ပြည်သူလူထုနဲ့ပူးပေါင်းပြီး နည်းပညာ အထောက်အကူ ပစ္စည်းများကို အခြေခံ၍ စုံစမ်းဖော်ထုတ်နိုင်မှုများကြောင့် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူ၊ ဖြစ်စဉ်များ၊ ကျူးလွန်တဲ့ တရားခံ များနဲ့ ပါဝင်ပတ်သက်သူများကို အချိန်တိုအတွင်း စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး စုစုပေါင်း ၈ ဦးကို ထိန်းသိမ်း နိုင်ခဲ့ပါတယ်။
ထို့အပြင် အဓိက ပါဝင် ပတ်သက်နိုင်တဲ့ ကျန်တရားခံများကို ဆက်လက် ဖော် ထုတ်ဆောင်ရွက်နေဆဲ ဖြစ်ပါကြောင်းနဲ့ မိဘပြည်သူများရဲ့ စိုးရိမ်စိတ်များ လျော့ပါးစေရန်နဲ့ ဖြစ်စဉ်ဖြစ်ရပ် တို့ကို ဆောလျင်စွာ အသိပေးလိုပါသဖြင့် ယခုကဲ့သို့ ရှင်းလင်း တင်ပြရခြင်း ဖြစ်ပါတယ်။
လေးစားအပ်ပါသော မိဘပြည်သူများ၊ သတင်းစာဆရာကြီးများနဲ့၊ ဧည့်သည်တော်ကြီးများ ခင်ဗျာ
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ ပြည်သူကို ဗဟိုပြုလျက် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေး တို့အပြင် ပြည်သူတစ်ရပ်လုံး စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် အစဉ် ကြိုးပမ်းဆောင် ရွက် လျက် ရှိပါကြောင်းနဲ့ ပြည်သူလူထု တစ်ရပ်လုံးကလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ လက်တွဲ၍ ဆက်လက် ပူးပေါင်း ဆောင်ရွက်ပေးကြပါရန် အလေးအနက် မေတ္တာရပ်ခံပန်ကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ရှိပါကြောင်း တင်ပြအပ်ပါတယ်။


2 comments :

  1. Anonymous said... :

    စောနေတိုးက တပ်မဟာ၅ က ဗိုလ်မူး အဆင့် ။
    မြ ဖူးကတပ်မဟာ ၁-၃- ၅ တွေထဲမှာ ရွေတွင်းပေါင်း မြောက်များစွာပိုင်ဆိုင်သူ "

  1. Anonymous said... :

    that's bullhsit!...I have read what the police chief Zaw Win said......He thought the Myanmar people are naive and stupid....there are many weird things to point out from his speech. He thought he was a professional/expert like JAMES BOND, but I think he is a moron...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved