ကယ်တော်မူကြပါဗျို့ . . .

Wednesday, November 13, 2013

 ~




"...စင်ပေါ်ကနေ “ဒါပဲ” ဆိုတဲ့သဘော လုပ်ပြကြတာပါ။
ဒီလိုနဲ့ပဲ ဘောင်းဘီခွ မ,ခြင်းဟာ ဟစ်ဟော့ပ် သီဆိုသူတိုင်းအတွက် မဖြစ်မနေ ပုံတူကူးရမယ့် ပုံစံ ဖြစ်သွားပါတယ်။
သီချင်းပုံစံကို ပုံတူကူးခြင်းက ကမ္ဘာနဲ့အဝန်းမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စဖြစ်လို့ အပြစ်မဆိုသာပါဘူး။
ဒါပေမယ့် အပြုအမူကိုပါ ပုံတူကူးခြင်းကတော့ လက်ခံဖို့ သင့်မသင့် လူငယ်တွေ စဉ်းစားသင့်ပါတယ်..."

 



(မှတ်ချက် - နိုဝင်ဘာ ၁၁၊ တနင်္လာနေ့ကထုတ်    အလင်းတန်းဂျာနယ်မှာ တွေ့ရတဲ့ ဆရာဝင်းငြိမ်းရဲ့ဆောင်းပါး ဖြစ်ပါတယ်။  အလင်းတန်းဂျာနယ်ရဲ့ ခွင့်ပြုချက်နဲ့ ဒီဘလော့မှာ ပြန်လည် ဖော်ပြခြင်း ဖြစ်ပါတယ်။)

သြဂုတ်လ ၁၄ ရက်နေ့မှာ ကျနော် ရုံးကိုသွားဖို့ အိမ်က လှေကားအဆင်း ချော်ကျခဲ့ရာက အရိုး အက်သွားတဲ့အတွက် အခုဆိုရင် တုတ်ကောက်တချောင်းနဲ့ လမ်းလျှောက်နေရပါတယ်။
ဒါကြောင့် ဖိတ်လာတဲ့ ပွဲမှန်သမျှကို မလွှဲသာ မရှောင်သာတဲ့ပွဲကလွဲရင် မတက်တော့ပါဘူး။
ပွဲကျင်းပတဲ့ နေရာက လှေကားနဲ့ တက်ရမယ် ဆိုရင်လည်း မရောက်တော့ပါဘူး။

နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် ရွှေ FM ရဲ့ စတုတ္ထ နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်ဖို့ ဖိတ်စာ ရောက်ခဲ့ပေမယ့်လည်း မတက်ဖြစ်တော့ဘဲ
အိမ်ကနေ MNTV က တိုက်ရိုက် လွှင့်တာကိုပဲ ကြည့်ဖြစ်ပါတယ်။
အသက်အရွယ်အားဖြင့် ၇ဝ နားကို ချည်းကပ်လာပြီဖြစ်လို့ လူငယ်တွေရဲ့ သီချင်း တော်တော်များများကို နားမဝင်သော်ငြားလည်း သူတို့ခေတ်ပေကိုးလို့ အောက်မေ့လက်ခံပါတယ်။
 သီချင်းများနည်းတူ ဒီခေတ်မှာ မပါမဖြစ် ရှိလာတဲ့ အကအဖွဲ့များရဲ့ တင်ဆက်မှုများကိုလည်း အလွန်အကြူး မဟုတ်ရင် မချစ်သော်လည်း အောင့်ကာနမ်း ဆိုသလို လက်ခံပါတယ်။

ဟစ်ဟော့ပ်တွေ ပေါ်ကာစက ကမ်းနားလမ်း ဟိုတယ်မှာ ကျင်းပတဲ့ ပွဲတပွဲမှာ အဆိုကျော်က သီဆိုရင်း ဘောင်းဘီခွကို အကြိမ် ၂ဝ မက မ,မပြီး ကပြပါတယ်။

 ပထမဆုံး အကြိမ် မြင်တွေ့လိုက်ရတာ ဖြစ်လို့ တော်တော် ကသိကအောက် ခံစားခဲ့ရပါတယ်။
ဒီအကြောင်းကို အလင်းတန်း ဂျာနယ်မှာ ဆောင်းပါးတပုဒ် ရေးပြီး ဖော်ပြဖို့ ကြိုးစားပေမယ့် စာပေစိစစ်ရေးက ဖြုတ်ခိုင်းတာကြောင့် ဖြုတ်ပေးခဲ့ရပါတယ်။

ဟစ်ဟော့ပ် ဂီတရဲ့ ဇာစ်မြစ်နဲ့ လူမည်းအဆိုကျော်တွေ ဘာကြောင့် ဒီလိုလုပ်တာလဲလို့ ဆန်းစစ်ကြည့်တော့ ဒီသီချင်းတွေကို တီထွင် သီဆိုသူတွေက လူမည်းများ ဖြစ်ပါတယ်။
အများစု နားထောင်သူတွေက လူဖြူများ ဖြစ်တာကြောင့် သီဆိုသူ လူမည်းများက စင်ပေါ်ကနေ “ဒါပဲ” ဆိုတဲ့သဘော လုပ်ပြကြတာပါ။
ဒီလိုနဲ့ပဲ ဘောင်းဘီခွ မ,ခြင်းဟာ ဟစ်ဟော့ပ် သီဆိုသူတိုင်းအတွက် မဖြစ်မနေ ပုံတူကူးရမယ့် ပုံစံ ဖြစ်သွားပါတယ်။
သီချင်းပုံစံကို ပုံတူကူးခြင်းက ကမ္ဘာနဲ့အဝန်းမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စဖြစ်လို့ အပြစ်မဆိုသာပါဘူး။
ဒါပေမယ့် အပြုအမူကိုပါ ပုံတူကူးခြင်းကတော့ လက်ခံဖို့ သင့်မသင့် လူငယ်တွေ စဉ်းစားသင့်ပါတယ်။
လူမည်းတွေက လူဖြူတွေကို “ဒါပဲကွ”လို့ လုပ်ပြတာကို ကျနော်တို့ ကလေးတွေက လိုက်လုပ်ရင် စင်အောက်မှာ ကြည့်နေတဲ့သူ အားလုံးကို စော်ကားတာနဲ့ အတူတူပါပဲ။

တီဗွီဖန်သားပြင်ပေါ်မှာ ဟစ်ဟော့ပ် လူငယ်သုံးယောက် ဖျော်ဖြေမှုကို တွေ့ရပါတယ်။
နာမည်အကြီးဆုံးလို့ ဆိုနိုင်တဲ့ ဟစ်ဟော့ပ် လူငယ်က မ,လိုက်တဲ့ အမ၊ သီချင်းအစ အဆုံးမှာ အကြိမ် ၂ဝ မကပါဘူး။
ဒီအစီအစဉ်က ပွဲခင်းထဲမှာရှိတဲ့ ပရိသတ်သာမက တိုက်ရိုက် လွှင့်ထုတ်နေတာ ဖြစ်လို့ တနိုင်ငံလုံးက တေးချစ်သူတွေ စောင့်ကြည့်နေကြပါတယ်။
သူ့အဘိုး အရွယ်၊ သူ့အဖေ အရွယ်၊ သူ့ဦးလေး အရွယ် အားလုံး ပါဝင်နိုင်ပါတယ်။ စော်ကားလိုက်တာမှ တတိုင်းပြည်လုံးကိုပါပဲလား။
သူကတော့ စော်ကားလိုက်မယ့်လို့ ရည်ရွယ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့အပြုအမူက တော်တော်ကြီးကို ဆိုးဝါးပါတယ်။

တခြားလိုင်းကို ပြောင်းပြန်ရင်လည်း ကိုရီးယားကားနဲ့ တွေ့ဦးမယ်။
 ပြီးတော့ ကိုယ်က သတင်းသမားပီပီ ဘယ်သူတွေ ဆုရမှာလဲ ဆိုတာကိုလည်း သိချင်သေးတာဆိုတော့ ဒီလိုင်းကိုပဲ ဆက်ကြည့်ပါတယ်။

Artist of the Year ဆုရသွားတဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဖျော်ဖြေမှုကို ကြည့်ရပါတယ်။
မြိုင်မြိုင်ဆိုင်ဆိုင် ဖျော်ဖြေမှုတွေနဲ့ စိုင်းစိုင်းခမ်းလှိုင်က ပရိသတ်ကြိုက်တဲ့ သူ့သီချင်းကို တဆက်တည်း သီဆိုတင်ဆက်ရာမှာ အကအဖွဲ့ကလည်း စိုင်းစိုင်းနဲ့ ရင်ပေါင်တန်းပြီး အစွမ်းကုန် ကကြပါတယ်။  နာမည်ကြီး အကဖွဲ့ တဖွဲ့ပါ။
ဖန်သားပြင်ပေါ်မှာ မိန်းကလေးတယောက် ကပြနေတာကို ကြည့်နေရင်းက အတိုဆုံး ဝတ်ထားတဲ့ Hot Pant အောက်ကနေ အဖြူစတစ ထွက်နေတာကို လှစ်ခနဲ မြင်လိုက်ရပါတယ်။
သေချာပေါက် အတွင်းခံ ဘောင်းဘီပါ။ ပွဲခင်းထဲမှာ ရှိတဲ့ ပရိသတ်များလည်း မြင်လောက်ပါတယ်။
 နောက်တနေ့ ရုံးရောက်တော့ အလင်းတန်း ဂျာနယ်အတွက် မှတ်တမ်းဓာတ်ပုံ ရိုက်ကူးလာတဲ့ ကိုလင်းနိုင်ဦးရဲ့ လက်ရာပုံတွေကို ကြည့်လိုက်ရာမှာတော့ အဲဒီ မိန်းကလေးက
တစ်ဖက်တည်း ထွက်နေတာ မဟုတ်ဘဲ နှစ်ဖက်စလုံး ဇာစများ ထွက်နေတာ တွေ့ရပါတယ်။ တဖက်တည်း ထွက်တယ်ဆိုရင် ကျနော်တို့က ကရင်း ခုန်ရင်း မတော်တဆ ထွက်လာတယ်လို့ ယူဆစရာ ရှိပေမယ့် နှစ်ဖက်စလုံး ထွက်နေခြင်းကတော့ မတော်တဆ မဖြစ်နိုင်တော့ပါဘူး။
တမင်တကာ ထုတ်ထားခြင်းလို့ ယူဆပါတယ်။

တချို့ လူငယ်များရဲ့ ဝတ်စားဆင်ယင်မှုက တော်တော် ရိုင်းပျလာပါပြီ။
 မြန်မာ့ ယဉ်ကျေးမှုလို့ ပြောရင် ခင်ဗျားက ထိုင်မသိမ်းနဲ့ လုံချည်ဝတ်ပြီး ကစေချင်တာလားလို့ မေးကြပါလိမ့်မယ်။
ဒီလို ခေတ်နောက်ပြန် ဆွဲဖို့လည်း မဟုတ်ပါဘူး။ ခေတ်မီကြပါ။ ကမ္ဘာနဲ့ ရင်ပေါင်တန်းကြပါ။ သို့သော် မြန်မာလူမျိုးတို့ရဲ့ ယဉ်ကျေးမှုကိုလည်း မမေ့ကြပါနဲ့လို့ ပြောချင်တယ်။

တခါတုန်းကလည်း ဆီဒိုးနား ဟိုတယ်မှာ ကျင်းပတဲ့ ပွဲတပွဲမှာ အနောက်တိုင်း တေးသွားနဲ့ စုံတွဲကကြရင်း အချပိုဒ်မှာ မိန်းကလေးရဲ့ ခါးကို အမျိုးသားလေး လက်ဖျံပေါ်မှာ ကော့သွားစေပြီး
ပေါင်ရင်းခွဆုံကို အမျိုးသားကလေးက စုံစုံမက်မက် နမ်းလိုက်တာ ဓာတ်ပုံမှတ်တမ်းနဲ့တကွ အလင်းတန်းမှာ ဖော်ပြဖူးပါတယ်။
ဒါလည်း ကျနော် ညွှန်မှူးကို သွားပြပြီး အကျိုးအကြောင်း ပြောလို့ ဖော်ပြခွင့် ရခဲ့တာပါ။
အခုလည်း မပြချင်ပေမယ့် လက်ဆုပ်လက်ကိုင် ပြနိုင်အောင်တော့ ဖော်ပြပေးလိုက်ပါတယ်။ ကျနော်တို့က အနုပညာ ဂျာနယ်သက်သက် မဟုတ်ပါ။
အဝါရောင်လည်း မဟုတ် ၊ အပြာရောင်လည်း မဟုတ်ပါ။ မလွှဲသာ မရှောင်သာလို့ ပြလိုက်ရခြင်းသာ ဖြစ်ပါတယ်။
 ဒီပုံကြောင့် လူကြီးပရိသတ်များ စိတ်အနှောင့်အယှက် ဖြစ်တယ် ဆိုရင်လည်း ကိုယ့်သားသမီးများရဲ့ ဝတ်စားဆင်ယင်မှုတို့ကို ထိန်းပေးကြပါလို့ ပြောချင်သလို တာဝန်ရှိ ပုဂ္ဂိုလ်များကလည်း ထိုက်သင့်သလို စည်းကမ်းများ ချမှတ်ပေးပြီး ကယ်တော်မူကြပါဗျို့ လို့ ကျနော် တောင်းဆိုလိုက်ပါတယ်။

ဝင်းငြိမ်း

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved