နားလည်မှုကြီးမားတဲ့ နယ်စပ်ကုန်သွယ်ရေး

Tuesday, November 12, 2013


~


  ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကလမ်းကြောဖြစ်တဲ့ မြ၀တီ-ကော့ကရိတ်ဒေါနတောင်ကျော် ကားလမ်းမှာ အပြန်အလှန် တရားမ၀င် ကုန်သွယ်မှု လုပ်ငန်းတွေကတော့ ဒီနေ့အထိပန်းပန်လျက်ပဲ လို့ မြန်မာကုန်သည်တွေကပြောပါတယ်။
 



မြန်မာကုန်သည်ကြီးတဦးက...
"မနှစ်ကစပြီးအစိုးရက တရားမ၀င်ကုန်ပစ္စည်းတွေကို မိုဘိုင်း အဖွဲ့တွေနဲ့ လျှပ်တပြက်ဖမ်းဆီးတာတွေ လုပ်နေပေမဲ့
အရင်လိုသွားနေတဲ့နှုန်းကတော့ သိသိသာသာကြီးတော့ ကျဆင်း မသွားပါဘူး ဘာလို့ဆိုတော့ မြ၀တီကနေဂိတ်တွေကို ရှောင်လို့ရတဲ့လမ်းတွေရှိတယ်လေ။ ဒီအနေအထားကတော့ ကမ္ဘာတည်သရွှေ့တော့ရှိနေမယ်နဲ့တူပါတယ် သူ့တို့ရဲ့ပိုင်ရာဆိုင်ရာတွေ အနေအထားတွေက ခေတ်မီနေတုံးဘဲပါဘဲကွာ" လို့ တနင်္ဂနွေနေ့ကပြောပါတယ်။

သူပြောတာကခုနောက်ပိုင်းမှာ တရားမ၀င်ကုန်ပစ္စည်းတွေလိုက်ဖမ်းတဲ့အဖွဲ့တွေကို အစိုးရကနေ ဖမ်းဆီးရမိတဲ့ တန်ဘိုးရဲ့ ၃၅ ရာခိုင်နှုန်းကို ဆုငွေအဖြစ်ပေးတဲ့အတွက် အချို့အဖွဲ့တွေဆိုရင် နယ်စပ်လမ်းကြောင်းထက် မြို့တွင်းကိုရောက်ရှိနေတဲ့ ပစ္စည်းတွေကို ဂိုဒေါင်တွေထဲအထိ လိုက်လံ ဖမ်းဆီးတာတွေရှိလာတဲ့အတွက် ဒီလုပ်ငန်းစဉ်တွေရဲ့ အနေအထားတွေက ရေရှည်မှာ မလိုလားအပ်တာတွေ ဖြစ်လာနိုင်တယ်လို့လည်း သိရပါတယ်။

ဒီလမ်းကြောမှာနေ့စဉ် ပြောဆွဲနေတဲ့ ယာဉ်မောင်းတဦးက...
"မြ၀တီကထွက်ရင် ရှောင်ကွင်းတဲ့လမ်းနှစ်လမ်းရှိတယ် ဒီလိုဘဲသယ်နေရတာပဲ။ လွန်ခဲ့တဲ့ရက်ပိုင်းကဆိုရင် ခရီးသည်တင်အဝေးပြေးကားနဲ့ ကော်ဖီမစ်ထုတ် ၁၀ ထုတ်နဲ့ ကားပစ္စည်းလက်ဆွဲအိပ်နှစ်လုံးစာသယ်လာတဲ့လူကို ပစ္စည်းသိမ်းလိုက်တဲ့အပြင် ယာဉ်မောင်းယာဉ်နောက်လိုက်နဲ့ကားကိုဖမ်းထားလို့ အခုထိအချုပ်ထဲမှာပဲ။ ဒီလိုမျိုး အနည်းအကျဉ်းလေးတွေကိုတော့ အခွန်ဆောင်ခိုင်းရင်တော်ရောပေါ့၊ အခုအနေအထားတွေက အညိုးအတေးတွေနဲ့လုပ်နေသလိုပဲ" လို့ ပြောပါတယ်။

မြန်မာကုန်ပစ္စည်းတွေဖြစ်တဲ့ လယ်ယာထွက်ကုန် ၊ရေထွက်ကုန်၊ သစ်တောထွက်ကုန်တွေဆိုရင် မြ၀တီကနေတဆင့် မဲဆောက်ဘက်ကို ညဘက်လူခြေတိတ်ချိန်မှာ
နေ့စဉ်နီးပါး တရားမ၀င် တင်ပို့တာတွေရှိနေပေမဲ့ ဘာပြသနာမှ မရှိရတာက နားလည်မှု ကြောင့် ဖြစ်တယ်လို့ မြန်မာဆန်ကုန်သည်တဦးက ပြောပါတယ်။

အိမ်နီးချင်းနိုင်ငံအပါအ၀င် နိုင်ငံတကာမှာ တရားမ၀င် ကုန်သွယ်မှုတွေကို အရေးယူ ကိုင်တွယ်တဲ့နည်းက မြန်မာနိုင်ငံလောက် အခြေအနေမဆိုးဘူး လို့ မဲဆောက်မှာနေတဲ့ ထိုင်းစီးပွားရေးပညာရှင်တဦးက သူ့အမြင်ကိုပြောပါတယ်။

မြန်မာကုန်သည်အများစုကတော့ လက်ရှိအစိုးရရဲ့ကုန်သွယ်မှုဆိုင်ရာ မူဝါဒတွေကို လျှော့ပေါ့ပြင်ဆင်ပေးမှပဲ အများက ပူးပေါင်းပါဝင်နိုင်မဲ့ ကုန်သွယ်မှုစနစ်မျိုးကို
ရရှိနိုင်မယ်လို့ သဘောထားတွေပေးကြပါတယ်။

လက်ရှိအနေအထားကတော့ ဂျာအေးသူ့အမေရိုက်တဲ့ သီချင်းလိုဘဲ လုံးလည်ချာလည် လိုက်နေအုံးမှာဘဲလို့ ထိုင်းနိုင်ငံကနေ အရက်ဘီယာမျိုးစုံ တင်သွင်းတဲ့ မြန်မာကုန်သည်ကြီးတဦးကဆိုပါတယ်။


  မြ၀တီ-ကော့ကရိတ်ဒေါနတောင်ကျော်ကားလမ်းတနေရာ (ဓာတ်ပုံများ - မန်းမျိုးမြင့်)










.

1 comments :

  1. နယ်စပ်မှာ ၁၀၀ တန်ပစ္စည်းဆိုရင် ရန်ကုန်လို ဝေးဝေးပင်ပင်မပြောနဲ့ မော်လမြိုင်
    လောက်ရောက်ရင်တောင် ၁၅၀၀ လောက်ဖြစ်သွားတယ် အဓိက ဈေးတက်သွားတာ ကသယ်ယူပို့ ဆောင်ခ စရိတ် ရဲကြေးဘဲ လမ်းမှာ ရှင်းရတဲ့ စရိတ်ဘဲ ဒါတွေက အမှန် တကယ်တော့ မရှိသင့် တော့ဘူး နယ်စပ်ကုန်သွယ်ရေး ဥပဒေ ကိုတိကျမှန်ကန်ပြီး အဂတိလိုက်စား မှုမရှိအောင် ဖွင့် ပေးသင့်ပါပြီး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved