ဆက်သွယ်မှုဧရိယာအပြင်ဘက်

Sunday, November 24, 2013

~


သုံးနေတဲ့ GSM ဖုန်းက ရန်ကုန်မှာ သုံးရတာ အဆင်ပြေတယ်လို့ ဆိုရမယ်။ ဖုန်းသံ ကြည်တယ်။ ကိုယ့်ကိုဆက်လည်း အဆင်ပြေ၊ ကိုယ်က တခြားလူကိုဆက်လည်း အဆင်ပြေတယ် - အများအားဖြင့်။


photo - www.thesleuthjournal.com
ငွေတသောင်း သွင်းထားတဲ့အတွက် အင်တာနက်လည်း သုံးနိုင်တယ်။ ကွန်ပျူတာနဲ့ချိတ်ပြီး သုံးတယ်။
မြန်နှုန်းကတော့ ခြေကျိုးထားတဲ့လိပ်လိုပဲ။
ဒီတော့ အင်တာနက်သုံးချင်ရင် ရုံးမှာသုံး။ ရုံးပိတ်ရက်ဆို အင်တာနက်ဆိုင်တွေ အားကိုး။

ဖုန်း ဆိုတော့လည်း ဖုန်းအလုပ်ပဲ လုပ်မှာပေါ့ မဟုတ်ဘူးလား။

ဆိုခဲ့သလိုပဲ ...  ဖုန်းက ရန်ကုန်မှာ သုံးရတာ အဆင်ပြေတယ်။
ဟိုတနေ့က ပဲခူးတိုင်းအနောက်ခြမ်းဘက်သွားတော့ မယ်မင်းကြီးမတယ်လီဖုန်းက အဆင်မပြေဘူးခင်ဗျ။ လိုင်းမမိဘူး။
မင်းလှ၊ သာယာဝတီ၊ ပေါင်းတည် ... ဘယ်မြို့မှာမှ လိုင်းမမိဘူး။ အတူသွားခရီးသည်များထဲမှာလည်း ဖုန်း ပါကြတယ်။ စုစုပေါင်း ဖုန်း ၄ လုံးမှာ ၂ လုံးက လိုင်းမမိဘူး။
GSM ချင်း တူပေမယ့် အသက်ရှူပုံကွာတယ်လို့ ဆိုရမယ်။

ရန်ကုန်တိုင်းထဲ ပြန်ရောက်တော့ အဆင်ပြေမလား မျှော်လင့်မိပေမယ့် ချက်ချင်း အဆင်မပြေ။
ဥက္ကံမြို့တနေရာ ဆက်သွယ်ရေးမျှော်စင်ဘေးလက်ဘက်ရည်ဆိုင်မှာနားတော့ ဖုန်းဖွင့်ကြည့်တယ် - မယ်မင်းကြီးမ တယ်လီဖုန်း လိုင်းမမိသေး။
တိုက်ကြီးမြို့ရောက်လို့ ဖုန်းဖွင့်ကြည့်တယ် - လိုင်းမမိသေး။
မှော်ဘီရောက်တော့ ထပ်ဖွင့်ကြည့်တယ် - မိလိုက် မမိလိုက်။
မင်္ဂလာဒုံ၊ အင်းစိန်တို့ဘက် ရောက်မှ ပုံမှန် ပြန်အလုပ်လုပ်တယ်၊ ခုမှ ဆက်သွယ်မှုဧရိယာအပြင်ဘက်က  ပြန်ရောက်တယ် ဆိုပါစို့။

နောက်တခါ ရန်ကုန်အပြင်ဘက် ခရီးထွက်လို့ - တယောက်ယောက်က ဘယ်သွားမှာလဲ မေးရင် ဆက်သွယ်မှုဧရိယာအပြင်ဘက်ကို သွားမယ်လို့ ဖြေဖြစ်မယ် ထင်ပါတယ်။

အဲဒီနေ့က ကျုပ်ကို ဖုန်းဆက်သူတွေကို ဟိုအမျိုးသမီးက ဘယ်လို ပြောလွှတ်မယ် မသိဘူး။
လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းသည် ဆက်သွယ်မှုဧရိယာအပြင်ဘက် ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင် လို့ ပြောမယ် ထင်ပါတယ်။
သူ အဲဒီလို ပြောခဲ့တယ် ဆိုရင်တော့ သူပြောတာ မှန်ကန်ကြောင်း ထောက်ခံအပ်ပါတယ်။

ရန်ကုန်ဖုန်းတွေ နယ်ကျော်ရင် ပြဿနာတက်တာ ၀ယ်ဈေးနဲ့လည်း မဆိုင်မှန်း အဲဒီကားပေါ်မှာ ဆင်ခြင်မိပါတယ်။
ဈေးနှုန်းတွေက အမျိုးမျိုးပဲလေ။ ငါးသိန်းခေတ်က၀ယ်တဲ့ဖုန်းလည်း ရှိတယ်။ ထောင့်ငါးရာတန်ကို မှောင်ခိုဈေးနဲ့ ၀ယ်တာလည်း ရှိတယ်။ ကျုပ်ဖုန်းကတော့ ၂ သိန်း။

GSM တမျိုးတည်းမှာကို ဈေးကလည်း အမျိုးမျိုး၊ လိုင်းမိပုံကလည်း အမျိုးမျိုးံလို့ ဆိုရမယ်။
အခြေခံဥပဒေပြင်တဲ့အခါ သို့မဟုတ် အသစ်ရေးတဲ့အခါ တယ်လီဖုန်းတွေ တပြေးညီ အလုပ်လုပ်နိုင်အောင် ဖန်တီးရမယ် ဆိုတဲ့အချက်ကို ထည့်ဆွဲရမလို ဖြစ်နေပါပြီ။

မြန်မာ့ဆက်သွယ်ရေးဌာနက ဖုန်းလိုင်းတွေကောင်းအောင် အစွမ်းကုန် ကြိုးပမ်းထားပုံ ရပါတယ်။
အဲဒီလို ကြိုးပမ်းထားလို့လည်း ဆက်သွယ်မှုဧရိယာအပြင်ဘက် ဆိုတဲ့ နေရာကြီး အင်မတန် ကျယ်ပြောနေတာ ဖြစ်မယ်လို့ ဆိုချင်ပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved