အမရပူရ နဲ့ နောက်ကြည့်မှန်

Saturday, December 21, 2013

~


နောက်ကြည့်မှန်တချပ်က ဘယ်လောက်အထိ အသုံးဝင်သလဲ။
ကားတွေ ဆိုင်ကယ်တွေမှာ ... အဲဒီမှန်ထဲ ကြည့်လိုက်ရင် ကိုယ့်ရဲ့နောက်ကျောဘက်မြင်ကွင်းများကို မြင်ရတဲ့အတွက် ယာဉ်မောင်းဖြစ်သူတွေ အဆင်ပြေပြေ မောင်းနှင်နိုင်ပါတယ်။


ယာဉ်တိုက်မှု ယာဉ်မတော်တဆဖြစ်မှုတွေကို ရှောင်ရှားနိုင် သက်သာစေနိုင်ပါတယ်။

မကြာသေးခင်က မန္တလေးမြို့နားက အမရပူရမြို့ကို အလည်သွားတော့ ကုန်အပြည့်တင်ထားတဲ့ဆိုင်ကယ်တစီးကို အထက်ပါအတိုင်း တွေ့ရပါတယ်။

ဆိုင်ကယ်ဆိုတာ သေးငယ်တဲ့အတွက် ဆိုင်ကယ်တစီးရဲ့ တင်ဆောင်နိုင်မှုက အိတ်တအိတ်ပဲ ရှိတယ်လို့ ထင်ရပေမယ့် ဒီဆိုင်ကယ်ကတော့ အိတ်ပေါင်းများစွာ တင်ထားတာပါ။ အင်မတန် စိတ်ကူးကောင်းတယ်လို့ ဆိုနိုင်တယ်မဟုတ်လား။

အင်မတန်လည်း အန္တရာယ်များပါတယ်။ ဒီလို နောက်ကြည့်မှန်ကို အားကိုးလို့မရတော့တဲ့ ဆိုင်ကယ်မျိုး ပါဝင်တဲ့ ယာဉ်တိုက်မှု တနှစ်ကို အရေအတွက် ဘယ်လောက် ရှိနိင်သလဲ ဆိုတာကတော့ ယာဉ်ထိန်းရဲဌာနက ခန့်မှန်းနိုင်ပါလိမ့်မယ်။

မန္တလေးမှာ ထုတ်ဝေတဲ့ ရတနာပုံသတင်းစာမှာ ဖော်ပြထားချက်အရ ဆိုရင် ၂၀၁၂ အတွင်း အမရပူရ မြို့နယ်မှာ ယာဉ်တိုက်မှု ၈၅ မှု ဖြစ်တယ်လို့ ဆိုတယ်။ ၃၇ ဦး သေဆုံးပါတယ် တဲ့။ ဒီသေဆုံးမှုက ယာဉ်တိုက်မှု ဖြစ်ပွားတဲ့နေရာမှာ ချက်ချင်း သေဆုံးတဲ့ အရေအတွက် ဖြစ်နိုင်ပါတယ်။ ဆေးရုံရောက်ပြီး သေဆုံးခြင်းကိုတော့
ယာဉ်ထိန်းရဲဌာနစာရင်းထဲ ၀င်မယ် မထင်ပါ။
၂၀၁၂ ဇန်န၀ါရီကနေ နိုဝင်ဘာလအတွင်း ပြုစုထားတဲ့ စာရင်းလို့ ဆိုတယ်။

ဆိုင်ကယ်မြို့တော် မန္တလေး နဲ့ ထိခိုက်သေဆုံးမှု 
http://blog.irrawaddy.org/2012/12/blog-post_2133.html


ယာဉ်တိုက်မှုကြောင့် အသေအပျောက် အများဆုံးဖြစ်နေတဲ့ မန္တလေး 
http://blog.irrawaddy.org/2013/09/blog-post_2461.html

အထက်ပုံမှာတွေ့ရတဲ့ ဆိုင်ကယ်က အမရပူရကနေ မန္တလေးမြို့ထဲကို သွားနေတာပါ။
ဆိုင်ကယ်တစီးမှာ ကုန်ပမာဏ ဘယ်လောက်၊ လူအရေအတွက် ဘယ်လောက်ပဲ တင်ဆောင်ရမယ် ဆိုတာက စာအုပ်ထဲ ရှိပါလိမ့်မယ်။

ဆိုင်ကယ်သမားဘက်က ကြည့်ပြန်တော့လည်း ဒီဆိုင်ကယ်နဲ့ ဒီလိုကုန်တင်တဲ့အတွက် ဝင်ငွေ အထိုက်အလျောက်ရ၊ အလုပ်ဖြစ်နေပါလိမ့်မယ်။ ကားမ၀ယ်နိုင်လို့ ဆိုင်ကယ်နဲ့ တင်နေရပါတယ်လို့ ဆိုကောင်း ဆိုပါလိမ့်မယ်။

သူ့ဝမ်းရေးက သူ့ဝမ်းရေးပါပဲ။
ယာဉ်စည်းကမ်းမှာတော့ ဆိုင်ကယ်တွေ ကုန်တင်ခွင့်ရှိမရှိ၊ ရှိရင်လည်း ဘယ်အတိုင်းအတာထိ တင်နိုင်တယ် ဆိုတာတွေကို တိတိကျကျ ပြဋ္ဌာန်းထားမယ်လို့ ယူဆပါတယ်။

ဒီစာစုရဲ့ ခေါင်းစဉ်ကို အမရပူရ နဲ့ နောက်ကြည့်မှန် လို့ တပ်လိုပါတယ်။
အမရပူရမှာပဲ ဒီလိုဆိုင်ကယ်မျိုးရှိတာတော့ မဟုတ်ပါဘူး။ တခြားမြို့ရွာများမှာလည်း ရှိမှာပါ။

အမှတ်မထင် တွေ့ရတဲ့ ဆိုင်ကယ်တစီးကိုကြည့်ပြီး တွေးမိတာတွေကို ရေးလိုက်တာဖြစ်ပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved