ဆီးဂိမ်းဖွင့်ပွဲ ကျင်းပရာ အားကစားပြိုင်ကွင်း၊ ဓာတ်ပုံ-ဆီးဂိမ်း
ဖွင့်ပွဲမှာ တင်ဆက်ခဲ့တဲ့ အစီအစဉ်တွေ၊ အလင်းအမှောင် တည်ဆောက်တာတွေ အားလုံးကတော့ တကယ့်ကို နိုင်ငံတကာ အဆင့်မီအောင်ကို တင်ဆက်သွားတာကို မြင်တွေ့လိုက်ရပါတယ်။
ဒါပေမယ့် ဒီဆီးဂိမ်းနဲ့ ပက်သက်လို့ စီစဉ်ဆောင်ရွက်ခဲ့ တဲ့ စီမံခန့်ခွဲမှုအပိုင်းတွေကတော့ နေရာစုံမှာ ဝေဖန် သံတွေ ညံလို့နေ ခဲ့ပါတယ်။
ကျနော်တို့ သတင်းအဖွဲ့ ဆီးဂိမ်းသတင်းတွေကို တင်ဆက်ဖို့ လွန်ခဲ့တဲ့ ၂ လကျော်ထဲက ပြန်ကြားရေး ၀န်ကြီးဌာနကို ကိုယ် ရေးအချက်အလက်တွေ တင်ပြလျှောက်ထားခဲ့တဲ့အတွက် သတင်းယူခွင့်ကတ် E အဆင့်ထုတ်ပေးတဲ့ ကတ်ကို ရရှိခဲ့ပါ တယ်။
ဒါပေမယ့် လျှောက်ထားတဲ့အချိန်တုံးက ဒီကတ်ရရင်ပဲ သတင်းသမားတွေက နေရာစုံမှာ ၀င်ရောက် သတင်းယူခွင့်၊ အင် တာဗျူးခွင့်တွေ ရရှိလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် တကယ်တမ်း ဆီးဂိမ်းကျင်းပဖို့ ကတ်ထုတ်ပေးလိုက်တဲ့အခါကြမှ ဒီကတ်က နေရာစုံအတွက်မဟုတ်သေးဘူး၊ နောက်ထပ် ၀င်ခွင့်တွေ ထပ်လုပ်ရမယ်ဆိုတာ သိလိုက်ရတယ်။
အဲဒီအတွက်လည်း ကြို တင်ကြေညာခဲ့တာမျိုး မပြုလုပ်ခဲ့ပါဘူး။ ဒါ့အပြင် ဆီးဂိမ်းမှာ သတင်းယူ ဖို့ နိုင်ငံတကာမီဒီယာတွေက ပြန်ကြားရေးဌာနတခုထဲကို လျှောက်ကြတာမျိုးမဟုတ်ပဲ ဌာန အစုံကနေ လျှောက်ခဲ့ကြတာကိုလည်း တွေ့ရတယ်။
အဲဒီအတွက် တကယ်တမ်း မီဒီယာတွေကို စိစစ်ရတဲ့ ပြန်ကြားရေးဌာ နမှာ စရင်းရှိမရောက်ခဲ့တာကြောင့် မီဒီယာဝတ်စုံ၊ ဖွင့်ပွဲလက်မှတ် ထုတ်ပေးတာမှာ များစွာအခက်တွေ့ရတာကို မြင်တွေ့ခဲ့ ရတယ်။
မီဒီယာစင်တာလုပ်ထားတဲ့ ကျောက်စိမ်းခန်းထဲကို ၀င်ဖို့က ကတ်သက်သက်လုပ်ရသလို ဖွင့်ပွဲကျင်းပမယ့် မနက်ပိုင်းအထိ ဖွင့်ပွဲအတွက် ဘယ်လိုပုံစံမျိုး ၀င်ရမယ်ဆိုတာ သတင်းသမားတော်တော်များများက တိတိကျကျ မသိခဲ့ကြရပါဘူး။
ဖွင့်ပွဲ ကျင်းပမယ့် နေ့ရောက်မှ ပြည်ပသတင်းဌာနတခုကို ၀င်ခွင့်လက်မှတ် ၂ စောင်သာရမယ်၊ ပြည်တွင်း သတင်းဌာနတွေက ၅ ဦးအထက်တင်ထားရင် ၀င်ခွင့်လက်မှတ် ၂ စောင်၊ ၅ ဦးအောက်ဆိုရင်တော့ ၁ စောင်သာရမယ်၊ အဲဒီလက်မှတ်ရှိသူတွေက မီဒီယာသမားတွေအတွက် သတ်မှတ်ထားတဲ့ နေရာကို သွားရပြီး E ကတ်လုပ်ထားတဲ့သူတွေကတော့ ပရိတ်သတ်တွေကြား မှာပဲ နေရမယ်ဆိုတာဖြစ်လာတယ်။
ဒါပေမယ့်လည်း ဖွင့်ပွဲ ၁၁ နာရီလောက်မှာတော့ E ကတ်ရရှိထားရုံနဲ့ မရတော့ပဲ ဖွင့်ပွဲလက်မှတ် ထုတ်ပေး ထားသူတွေသာ ၀င်ခွင့်ရတော့မယ်ဆိုတဲ့အတွက် အဖွဲ့လိုက် လုပ်ဆောင်ကြရတဲ့ ရုပ်သံမီဒီယာတွေ အကြားမှာ အခက်တွေ့ရတာကို မြင် လိုက်ရတယ်။
“ကျနော်တို့ကို ထုတ်ပေးထားတာက စာရေးမယ့်သူတွေအတွက် လက်မှတ် ၁၀၀၊ ဓါတ်ပုံသမားအတွက် လက်မှတ် ၁၀၀ နဲ့ ရုပ်သံသမားအတွက် လက်မှတ် ၁၀၀ ပဲပေးထားတာ။ ကျနော်တို့မှာ ရှိတဲ့ မီဒီယာ စာရင်းတွေကို အချိုးချပြီး သတင်းဌာနတခု ကို လက်မှတ် ၂ စောင်ဆိုပြီး စီစဉ်ထားတာ၊ အခု ဘယ်နေရာ ကနေ လျှောက်ထားမှန်းမသိပဲ စရင်းမရှိတဲ့သူတွေကပါ လက် မှတ်လာတောင်းတော့ ဘယ်လိုလုပ်ရ မလဲ
တောင် မသိပါဘူး” လို့ ဖွင့်ပွဲလက်မှတ် ထုတ်နေစဉ် ပြန်ကြားရေးဌာနက တာဝန် ခံရဲ့ ညည်းတွားသံကို ကြားလိုက်ရတယ်။
မီဒီယာသမားတွေကို ဖွင့်ပွဲ ကျင်းပမယ့် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းထဲကို ခေါ်သွားဖို့ စီစဉ်ပေးတဲ့ ကားတွေ
ပေါ် တက်တဲ့အ ခါမှာ လက်မှတ်ရှိသူတွေကိုသာ ပေးစီးမယ်ဆိုတဲ့အတွက် တိုက်ရိုက်လေလှိုင်း သတင်း ထုတ်ပြန်နေသော ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းဌာနက လူတွေနဲ့ ကားစီစဉ်သူတွေ အချင်းများကြ ပါတော့တယ်။
အဲဒီလို အချင်းများကြတာကိုလည်း ဒီမိုကရက်တစ် မြန်မာ့အသံသတင်းဌာနက ကားဘေးကနေပဲ တိုက်ရိုက် သတင်းတင်ဆက်တာကို မြင်ရတယ်။ ညနေ ၃ နာရီကျော်တော့မှ တော့မှ လက်မှတ်ရှိတဲ့ သတင်း သမားတွေကို သယ်ပေးတဲ့ကားတွေက စတင်ထွက်လာနိုင်ပြီး ဖွင့်ပွဲကျင်းပတဲ့ ကွင်းအ၀ အရောက် သယ်ပေးခဲ့ရာ ကွင်းအ၀ပထမဂိတ် E မှာ နေ့လည် ၁၂ နာရီလောက်ထဲက ကွင်းထဲကို ၀င် ဖို့ ရာချီ တန်းစီနေ တဲ့ လူတန်းကြီးကို မြင်လိုက်ရတယ်။
ကွင်းထဲကို ၀င်ဖို့ သတ်မှတ်ထားတဲ့ ၀င်ပေါက်ကနေပဲ ၀င်ကြရတာ ဖြစ်တဲ့အတွက် အဲဒီလူတန်းကြီးကို သာ စောင့်ပြီး တန်းစီဝင်ကြရမယ်ဆိုရင် အဆင်မပြေနိုင်တဲ့အနေအထား စဖြစ်ရတယ်။
ဒါပေမယ့် တာဝန်ကျရဲတွေနဲ့ လက်မှတ်စစ်ဆေးတဲ့သူတွေ ၁၅ မိနစ်လောက် ညှိနှိုင်းလိုက်ကြပြီးတဲ့ အခါမှာတော့ မီဒီယာ လက်မှတ်ကိုပဲ ကြည့်ပြီးတော့ ကားဝင်တဲ့တံခါးကနေ ၀င်ခွင့်ပေးလိုက်ပါတယ်။
ကွင်းအ၀ ပထမဂိတ်မှာတင်ပဲ မီဒီယာသ မားတွေကို ဘာလို့ဝင်ဖို့ ခက်ခဲနေရတာလဲဆိုတဲ့ နိုင်ငံခြားသား မီဒီယာတွေရဲ့ စောဒက တက်သံတွေကို စတင်ကြားလိုက်ရ တယ်။
ထိုင်းမီဒီယာသမားတဦးက ကျနော်ကို ဘာဖြစ်လို့ ချက်ချင်းမ၀င်ရတာလဲ၊ ဘာတွေဖြစ်နေတာလဲ ဆိုတဲ့ မေးခွန်းတချို့လာ မေးတဲ့အခါ ကျနော်က တာဝန်ကျရဲတွေကလည်း ကျနော်တို့ကို ဘယ်လိုဖြေရှင်း
ပေး ရမယ်မသိသေးဘူး၊ သူတို့အထက်က လူတွေကို လှမ်းမေးနေတယ်လို့ ဖြေလိုက်ရတယ်။
ပထမဂိတ်ကို ဖြတ်သန်းလိုက်တဲ့အခါမှာတော့ ကျနော်တို့ မီဒီယာသမားတွေအတွက် ပေးထားတဲ့ လက်မှတ်မှာပါတဲ့ က စားကွင်းဝင်ပေါက် D-27 ကိုရှာပြီး ၀င်ဖို့ သွားပြောတဲ့အခါ ဒီဂိတ်မှာ ပါလာတဲ့ အထုတ်အပိုးစစ်ဆေးတဲ့ စက်ပျက်နေလို့ D-28 က၀င်ပါလို့ဆိုပြန်တယ်။
D-28 မှာက နိုင်ငံခြားသံတမန်တွေ၊ ပါတီလွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရ ဧည့်သည် တော်တွေ ၀င်ဖို့ သတ်မှတ်ထားပြီး သူတို့မှာလည်း တန်းစီနေရတာ လူ ၁၀၀ ကျော်အထိ ဖြစ်နေတယ်။
ဒါနဲ့ ကျနော်တို့မီဒီယာသမားတွေက ဂိတ်နားကို တိုးကပ်လိုက်တဲ့အခါမှာ တာဝန်ကျရဲမေတဦးက “တန်းစီ
လေ၊ မီဒီယာသ မားတွေဖြစ်ပြီး နားမလည်ဘူးလား၊ ဒီမှာ နိုင်ငံခြားသားတွေပါ တန်းစီနေရတာကို” ဆိုတဲ့ ဟိန်းဟောက်လိုက်တဲ့အခါမှာ မြန်မာဂျာနယ်လစ်တွေက စတင်အချင်းများတော့တယ်။
“ဘာလဲဗျ။ သူတို့က လာကြည့်ရုံသက်သက် လာကြည့်တာ၊ ကျုပ်တို့က ဒီကဟာတွေကို နိုင်ငံတကာအထိ သိအောင်ပြန် လုပ်ရမှာ။ ထိုင်ခုံရောက်တာနဲ့ အခန့်သင့်ထိုင်လို့ရတဲ့ လူတွေမဟုတ်ဘူး။ ကင်မရာတွေကို အထိုင်ချရမှာ ပြင်ဆင်ရမှာတွေ ရှိတယ်။ ခင်ဗျားတို့မှာ မီဒီယာသမားတွေကို သက်သက်မှတ်မှတ် ဘာမှ မလုပ်ထားဘူးလား။ ဘယ်သူစီစဉ်တာလဲ။ ခင်ဗျား တို့ တာဝန်ခံကို သွားခေါ်လိုက်ဗျာ” လို့ ပြည်တွင်း မီဒီယာ သမားတဦးက လှမ်းပြောလိုက်တာကို အဲဒီရဲမေက ဘာမှတော့ ပြန်မပြောဘူး။
တန်းစီနေတဲ့ နိုင်ငံခြားသားတဦးကို မေးကြည့်လိုက်တော့ သူဒီတန်းစီနေရတာကို နားမလည်ဘူး၊ အပြင်မှာ တခါ ၂ နာရီနီး ပါးတန်းစီပြီးပြီ၊ လက်ထဲမှာလည်း ဖုန်းတလုံး၊ ပိုက်ဆံအိတ်တခုပဲ ပါတာကိုတောင် ဒီ
လောက် စစ်နေတာ မပြောတတ်တော့ ဘူးဆိုပြီး ကျနော်ကို ပြောပြတယ်။ ဒီလောက် လုံခြုံရေး တင်းကျပ် တဲ့ စနစ်ကို ဘယ်လိုမြင်လဲလို့ ပြန်မေးလိုက်တော့ ဘာမှ မပြောတော့ပဲ ပုခုံးကိုတွန့်ပြလိုက်တယ်။
“လုံခြုံရေးအရတော့ အစိုးရက တာဝန်ရှိတာကြောင့် အထူးဂရုစိုက်ရမှာတော့ မှန်ပါတယ်။ ဒါပေမယ့် အခု ပြိုင်ပွဲတလျှောက် လာတဲ့ သတင်းမီဒီယာတွေ၊ ကစားသမားတွေ၊ လာကြည့်ကြတဲ့သူတွေ အခက်အခဲတွေ ကြုံကြရတယ်ဆိုတာ ကျနော်သိခဲ့ ရပါတယ်။ ဒါပေမယ့် အဲဒီလောက်အထိ စောင့်ထိန်းရတာကတော့ ပုံစံ မကျဘူး။ နိုင်ငံတကာအလည်မှာ ဒီမိုကရေစီအစိုးရ ပုံစံမျိုးပေါ်လွင်အောင် လုပ်ယူနေတဲ့ပုံစံမျိုးဖြစ်ပေမယ့် လည်း လုပ်ကိုင်နေတဲ့ ၀န်ထမ်းတွေအားလုံးက အာဏာရှင်လက် ထက်က ပုံစံအတိုင်း လုပ်ကိုင်နေတာ ကိုတွေ့ ရတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူကလည်း ဧရာဝတီသို့ပြောပြသည်။
အဲဒီလို သတင်းသမားတွေနဲ့ ရဲတွေအကြား အငြင်းပွားနေချိန် ဗီယက်နမ် သတင်းသမားတဦးက ဆဲဆို
ရေရွတ်ပြီး လက်မှတ် လည်းရှိနေတယ်၊ ကတ်တွေလည်း ရှိနေရဲ့သားနဲ့ ဘာကြောင့်အခုလို ၀င်ဖို့ အဟန့်အတားတွေ ဖြစ်နေရတာလဲလို့ ကြယ် ၃ ပွင့်အဆင့်ရှိတဲ့ ရဲတဦးကို လှမ်းမေးတော့ သူလည်း ဘာသာစကားနားမလည်ပဲ၊ လက်ကာပြရင်း တခြားနေရာကို ရွှေ့သွားတယ်။
ဂိတ်ပေါက် D-28 က ရဲတဦးက ခင်ဗျားတို့ ဒီအပေါက်မှာ အထုတ်တွေ အားလုံးကို စုလိုက်၊ တဦးဦးက တာဝန်ယူပြီး နေခဲ့ပါ။
လူတွေကတော့ ဟိုဘက် အပေါက်ကနေ၀င်ပါလို့ ပြောလိုက်ရော “ဒီမှာက ကင်မရာတွေ၊ မှန်ဘီလူးတွေနဲ့ တစ်ခုခုက ပျက်စီးသွားမယ်ဆိုရင် ဒေါ်လာ သောင်းချီတန်တာ၊ ဘယ်သူက တာဝန်ယူမှာလဲ၊ ခင်ဗျားတို့ရော တာဝန်ယူမှာလား” လို့ ပြည်တွင်းသတင်းသမားတဦးက ပြောဆိုနေသံကို ကြားလိုက်ရတယ်။
အဲဒီအချိန်မှာ ပြည်ထောင်စုနေ့စဉ် သတင်းစာက ဓါတ်ပုံဆရာ ဦးအောင်ပြည့်က အပေါက်ဝက ရဲတဦးကို ဒီမှာကျနော်တို့က အချိန်နောက်ကျလို့မရဘူး၊ ကင်မရာတွေ ဆင်ရမှာ၊ ထိုင်ခုံပေါ်မှာ ထိုင်နေကြမှာ မဟုတ်ဘူး၊ သူများတွေထက် အရင် ၀င်နိုင် မှဖြစ်မှာ၊ ခင်ဗျားတို့ မစီစဉ်နိုင်ဘူးဆိုရင် အထက်အရာရှိကို အကြောင်း ကြားဗျာ၊ ဒီမှာ နိုင်ငံခြားမီဒီယာတွေလည်း ပါတယ် ဆိုတာ ခင်ဗျားတို့ စဉ်းစားကြပါလို့ ပြောဆို လိုက်တော့ ရဲတဦးက ဖုန်းဆက်ပြီး မကြာခင်မှာပဲ မီဒီယာသမားတွေအားလုံးကို အထုတ်အပိုးတွေ မစစ်တော့ပဲ ကွင်းအတွင်း ၀င်လာနိုင်တော့တယ်။
“နိုင်ငံခြားသတင်းသမားတွေ သိပ်အားနာဖို့ကောင်းတယ်။ သူတို့မှာ ဘာသာစကားကလည်း အခက်အခဲ
ဖြစ်နေရတဲ့အထဲ ဘယ်နေရာဝင်လို့ ၀င်ရမှန်းမသိဘူး။ သူတို့နားလည်ထားတာက လက်မှတ်မှာရေးထားတဲ့ အမှတ်စဉ်တွေပဲသိတာ၊ အခုက ဟိုဘက်က ဒီဘက်လွှတ်၊ ဒီဘက်ကလည်း မဟုတ်ပြန်ဘူးနဲ့။ ပြည်တွင်း သတင်းသမားတွေရဲ့ အနောက်ကိုပဲ လိုက်ပြီးလုပ် နေကြရတာ” လို့ ဦးအောင်ပြည့်က ဧရာဝတီကို ပြောပြ တယ်။
ကွင်းထဲအရောက်မှာတော့ မီဒီယာသမားတွေကို သတ်မှတ်ထားတဲ့ Word 32 က ထိုင်ခုံတန်းရဲ့ အပေါ်ဆုံး
နေရာဖြစ်နေ တာကို တွေ့လိုက်ရတယ်။ ကင်မရာသမားတွေက လျှောက်လမ်း ၃ ဆင့်လုံးမှာ ကိုယ် အဆင်ပြေသလို ထောက်တွေချပြီး ရိုက်ကူးနေ၊ အသင့်ချိန်နေကြစဉ်မှာ မီဒီယာကြီးကြပ်ရေး လက်ပတ် ၀တ်ထားတဲ့သူတွေက ပွဲမစခင်တော့ ကိုယ်အဆင်ပြေ သလိုရိုက်ကြပါ၊ ပွဲစမယ်ဆိုတာနဲ့ သတ်မှတ်ထားတဲ့ Word ၃၂ ကိုပဲ သွားနေပေးပါလို့ ပြည်တွင်း၊ ပြည်ပ မီဒီယာသမားတွေ အားလုံးကို လိုက်ပြောတယ်။
အဲဒီလို ကွင်းထဲမှာ ထိုင်နေစဉ် အပြည်ပြည်ဆိုင်ရာ သတင်းနှင့် ရုပ်သံထုတ်လွှင့်မှု အတွက် သီးသန့် စီစဉ်ပေးထားတဲ့ စင် တာကနေ ကွင်းထဲကို သယ်ယူပို့ဆောင်ပေးဖို့ ကားစီစဉ်သူတွေနဲ့ ပဋိပက္ခဖြစ်ခဲ့ကြတဲ့ ဒီမိုကရက်တစ် မြန်မာ့အသံသတင်း ဌာနဲ့ E ကတ်ပဲရပြီး လက်မှတ်မရလိုက်ကြတဲ့ သတင်းသမားတွေ ကို တွေ့လိုက်ရတယ်။
“ကျနော်တို့လည်း ဒီကိစ္စကို တိုက်ရိုက်လေလှိုင်းထုတ်လွှင့်သလို ဒီမှာ ပြသနာဖြစ်တာကို အထက်က လည်းသိသွားတော့ ပြန်ကြားရေးဘက်က တာဝန်ရှိသူတဦးလာဖြေရှင်းတာနဲ့ အခု E ကတ်ရှိသူတိုင်း ၀င်ခွင့်ပေး လိုက်တာ။ မသိလိုက်ကြတဲ့ သူ တချို့ကတော့ ကျန်နေခဲ့တယ်” လို့ ဒီမိုကရက်တစ် မြန်မာ့ အသံက သတင်းထောက် ကိုစည်သူဇေယျက ဧရာဝတီကို ပြောပြတယ်။
တချို့မီဒီယာတွေက ဖွင့်ပွဲမစတင်မီ လာကြတဲ့သူတချို့ကို အင်တာဗျူးမေးနေကြတာမှာ အင်တာဗျူး ရိုက်ကူးရေးနာတွေမှာ လုံခြုံရေးရဲတွေက လာစောင့်ကြည့်နေကြတာကို တွေ့ရတယ်။
ဘာတွေများ ပြော ဆိုနေ တာလဲဆိုတာကို မှတ်တမ်းယူနေ တာလားတော့ မသိပါဘူး။ ပွဲကလည်း တဖြည်းဖြည်း စတင်ဖို့ နီးလာပေမယ့် ဘယ်ကင်မရာသမားတွေကမှ သတ်မှတ်နေရာမှာ ရိုက်ကူးနေတာမျိုး မရှိ ပဲ ကိုယ် အဆင်ပြေတဲ့နေရာတွေကို ရွှေ့ပြောင်းရိုက်ကူးနေကြတယ်။
ပွဲစတော့လည်း တက်လိုက်ဆင်းလိုက်နဲ့ ရိုက်ကွင်း ကောင်းမယ့် နေရာကို ရွှေ့ပြောင်းရိုက်ကူးကြတာကို အတင်းအကျပ် တားမြစ်တာမျိုးတော့ မရှိပါဘူး။
ဒီလိုနဲ့ ၄၄ နှစ်ကြာမှ မြန်မာနိုင်ငံမှာ တတိယအကြိမ် ကျင်းပခွင့်ရတဲ့ ၂၇ ကြိမ်မြောက် ဆီးဂိမ်းဖွင့်ပွဲ အခမ်း အနားကတော့ အောင်မြင်စွာနဲ့ ည ၉ နာရီအကျော်မှာ ပြီးစီးသွားခဲ့ပါတယ်။
ဆီးဂိမ်းဖွင့်ပွဲ ပြီးတဲ့အခါ မီဒီယာသမားတွေက ကိုယ်အဆင်ပြေ ရာထွက်ပေါက်ကနေ ထွက်လာပြီး ကွင်းအပေါက်ဝမှာ လာပြန်ကြိုမယ် ကားတွေကို စောင့်နေကြပါတယ်။
ဒါပေမယ့် ကားမီဒီယာသမားတွေအတွက် သယ်ယူပို့ဆောင်ရေး ဘယ်နေရာမှာရှိနေမှန်းကို မသိဘူးဖြစ်နေ ကြတယ်။
ဒါနဲ့ ကျနော်က တာဝန်ကျနေတဲ့ ယာဉ်ထိန်းရဲတွေကို မေးမြန်းရင်းနောက်ဆုံး သတင်းသမားတွေအတွက် စီစဉ်ထားတဲ့ ကားရှိ တဲ့နေရာကို ရောက်ခဲ့တယ်။
“ဒီဆီးဂိမ်းဖွင့်ပွဲမှာ ဒီလောက်အထိ လုံခြုံရေးတင်းကျပ် တာမျိုး နိုင်ငံတကာပွဲတွေမှာ မတွေ့ရခဲ့ပါဘူး။ ဒီ
နေပြည်တော်ကို ရောက်ခဲ့တာ ဒုတိယအကြိမ်ပါ။ ပထမတကြိမ်တုံးက ထိုင်းနဲ့ မြန်မာအစိုးရတို့ စွမ်းအင် ကိစ္စ လက်မှတ်ထိုးတုံးကလည်း ဒီ လောက်အထိ လုံခြုံရေး မတင်းကျပ်ခဲ့ဘူး။ ဘာ့ကြောင့်ဆိုတာတော့ နားမလည်နိုင်ဘူး” လို့ ထိုင်းရုပ်သံဌာန TV 3 မှ သ တင်းထောက်တဦးက ဧရာဝတီကို ပြောပြတယ်။
နိုင်ငံခြား သတင်းဌာနကလူတွေကတော့ ကားဘယ်မှာရှိနေမှန်း မသိကြပါဘူး။ ကျနော်တို့ကားလည်း လူပြည်သွားတာနဲ့ အပြန်ခရီးစဉ်ကို စတင်ရင်း ၂၇ ကြိမ်မြောက် ဆီးဂိမ်းဖွင့်ပွဲက သတင်း အတွေ့အကြုံ ကတော့ ဘ၀မှ မှတ်မှတ်ရရဖြစ်စေခဲ့တယ်။
.
0 comments :
Post a Comment