ပဲခူးက မုန့်ဟင်းခါး

Sunday, January 12, 2014

~


ဒါကတော့ သောကြာနေ့က ပဲခူးမြို့  ရွှေမော်ဓောဘုရားနားက လက်ဘက်ရည်ဆိုင်တဆိုင်မှာ တွေ့ရတဲ့ မုန့်ဟင်းခါးဓာတ်ပုံ ဖြစ်ပါတယ်။ 



လက်ဘက်ရည်ဆိုင်တွေမှာ မုန့်ဟင်းခါး မှာစားလို့ရတာ ဟန်ကျပါတယ်။ မုန့်ဟင်းခါးတင်မကပါဘူး... ကနေ့ခေတ်မှာတော့ မုန့်ဟင်းခါးဆိုင်တွေက အစားအသောက်မျိုးစုံ တင်ထားတတ်ကြပါတယ်။

ကုန်တိုက်တွေမှာ လူသုံးကုန်ပစ္စည်းမျိုးစုံတင်ပြီး ဖောက်သည်တွေကို ဆွဲဆောင်သလို လက်ဘက်ရည်ဆိုင်တွေကလည်း စားစရာမျိုးစုံ တင်နိုင်အောင် ကြိုးစားနေကြပါပြီ။

ပဲခူးမြို့က တခြားဆိုင်တွေတော့ မသိ၊ အဲဒီဆိုင်မှာတော့ ပန်းကန်ငယ်တလုံးနဲ့ မုန့်ဟင်းခါးဟင်းရည် တွဲချပေးပါတယ်။

စိတ်ကူးကောင်းတယ်လို့ ဆိုရပါမယ်။
စားပြီးချိန် ဟင်းရည်နည်းနည်း ထပ်တောင်းသောက်သူတွေ ရှိနိုင်တာကြောင့် အလုပ်ရှုပ် သက်သာအောင် အပို ဟင်းရည်ကို တခါတည်း တွဲပေးလိုက်တာလည်း ဖြစ်နိုင်သလို ဟင်းရည်ကို အစာပိတ် သုံးဆောင်စေလိုတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

မုန့်ဟင်းခါးကတော့ ရန်ကုန်မှာ တွေ့ရတဲ့ မုန့်ဟင်းခါးတွေလိုပါပဲ .... အရောင် အဆင်း အရသာ တူတယ်၊ ငှက်ပျောအူဖတ်၊ ကြက်သွန်နီတို့ကိုလည်း ဟင်းရည်ထဲ ထင်ထင်ရှားရှား တွေ့ရပါတယ်။ ထိပ်တန်းမုန့်ဟင်းခါး မဟုတ်တာကလည်း အံ့သြစရာတော့ မရှိပါ၊ ဒီဆိုင်က လက်ဘက်ရည်အထူးပြုတဲ့ဆိုင် မဟုတ်လား။

အကြော်တွေ ရှိကြောင်း စားပွဲထိုးဝန်ထမ်းက ပြောသော်လည်း မထည့်ဖြစ်ပါ။ 
အကြော်တွေက စားလို့ ကောင်းပေမယ့် ဘာဆီနဲ့ကြော်လဲ မသိနိုင်တဲ့အတွက် ပုံမှာ မြင်ရတဲ့အတိုင်း ဗလာပဲ စားလိုက်ပါတယ်။

 ဟင်းရည်က သိပ်မပူပါဘူး။ ဟင်းရည်ပူမယ် ဆိုရင် စားလို့ ပိုကောင်းမှာ အသေအချာပါပဲ။
ငံပြာရည်၊ ငရုပ်သီးမှုန့်၊ နံနံပင်ရွက်တို့ကို ချပေးပါတယ်။ အချဉ်တော့ မချပေးပါဘူး။

ရန်ကုန်ဘက်သွားတဲ့ တံတား (ရထားလမ်းကျော်တံတား) နားက မုန့်ဟင်းခါးဆိုင်ကတော့ ဟင်းရည် အင်မတန် ကောင်းတယ်လို့ ကားဆရာတဦးက ညွှန်းပါတယ်။ အဲဒီဆိုင်ရှေ့ မနက် ၉း၀၀ နာရီထိုးခါနီး ဖြတ်သွားချိန်မှာတော့ ဆိုင်က ပိတ်ထားပါပြီ။ စောစောကုန်တယ်လို့ ဆိုတယ်။
လမ်းဘေးဆိုင်ပါ။

 ကြုံမှပဲ အဲဒီဆိုင်ကို ဝင်စားဖို့ စိတ်ကူးလိုက်ပါတယ်။

ပဲခူးကိုသွားဖို့ ရန်ကုန် ပုဇွန်တောင်အရပ်ကနေ အင်းစိန်မင်္ဂလာဒုံဘက်က  အဝေးပြေးဂိတ်ကို တက္ကစီငှားတာ ၄,ဝဝဝ ကုန်ပါတယ်။

စော်ဘွားကြီးကုန်းအဝေးပြေးဂိတ်ကနေ ပဲခူးကို ၁,ဝဝဝ ပဲ ပေးရပါတယ်။ (ရှေ့ခန်းသွားစီးရင် ဈေးက နှစ်ဆ)

စီးသွားတဲ့ ဟိုင်းလတ်ကား လိုင်းကားက တလမ်းလုံး လူ အတင်အချ မကြာခဏ လုပ်သွားပါတယ်။
သို့သော်လည်း ကားကို လေယာဉ်ပျံလို မောင်းသွားတာကြောင့် ရန်ကုန် ပဲခူးကို ၂ နာရီပဲ စီးခဲ့ရပါတယ်။

ကဲ... ရန်ကုန်သူ ရန်ကုန်သားတို့ ... ပဲခူးရောက်ရင် မပူကြနဲ့ ... ရန်ကုန်မှာလိုပဲ မုန့်ဟင်းခါး ရှိတယ်၊ လက်ဘက်ရည်ဆိုင် ရှိတယ်၊ ပဲခူးသွားတဲ့ကားလည်း ပေါတယ်လို့ ညွှန်းလိုက်ပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved