ချင်းတောင်ကို လက်ပံတောင်းတောင်လို အဖြစ်ခံမည်မဟုတ်

Wednesday, February 26, 2014

~



“....ဒီတောင်ကို ဒီအတိုင်းပဲ မြင်ချင်ပါတယ်။ လက်ပံတောင်းတောင်လို အဖြစ်မခံနိုင်ပါဘူး...”
 

 ကလေး-ဝင်းသူ ရေးသားသည်။

ချင်းပြည်နယ်၊  တီးတိန်မြို့နယ်အနီးတွင်  သတ္တုရိုင်းတူးဖော်ရန် တရုတ် ကုမ္ပဏီတခုက  သစ်တော ခုတ်ထွင်ရှင်းလင်းနေသဖြင့်  နေရာတချို့တွင် လွင်တီးခေါင်များ ဖြစ်ခြင်း၊ တောချုံများသာ ကျန်ရစ်ခြင်းတို့ ဖြစ်ပေါ်နေကြောင်း သိရသည်။

မြွေတောင် ဖားတောင် ဟု ခေါ်သော ထိုဒေသကို အင်္ဂလိပ်ခေတ်က “မိုးသစ်တော” အဖြစ် သတ်မှတ်ကာ အနီးဝန်းကျင်ရှိ ရွာသားများကို သစ်ခုတ်ခြင်း မပြုရန် တားမြစ်ခဲ့သော ဒေသဖြစ်သည်။
ဒေသခံများကလည်း မိုးကိုထိန်းသိမ်းသည့် အနေဖြင့် သစ်ခုတ်ခြင်း၊ သစ်ထုတ်ခြင်း မပြုလုပ်ခဲ့ကြောင်း သိရသည်။

 ဇန်နဝါရီလက ကလေးမြို့တွင် မြွေတောင် ဖားတောင်နှင့် ကဘော်လွင်ပြင် စောင့်ကြည့်ရေးအဖွဲ့က ကျင်းပသည့် တနှစ်ပြည့် သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း အခမ်းအနားတွင် နာယကဆရာတော် ဦးဓမ္မိက
“ဒီဒေသက လူတွေက စီမံကိန်းလုပ်တာ လုံးဝသဘောမတူကြပါဘူး၊ ဒီတောင်ကို ဒီအတိုင်းပဲ မြင်ချင်ပါတယ်။ လက်ပံတောင်းတောင်လို အဖြစ်မခံနိုင်ပါဘူး” ဟု မိန့်သည်။

“သတ္တုထုတ်ရင် စွန့်ပစ်ညစ်ညမ်းရေတွေဟာ နတ်တံခါးချောင်း ကနေတဆင့် နေရဉ္စရာ မြစ်ထဲရောက်၊
 နေရဉ္စရာမြစ်ထဲက မြစ်သာမြစ်ထဲ၊ ထိုမှ ချင်းတွင်းမြစ်ထဲ၊ ဧရာဝတီမြစ်ထဲ အဆင့်ဆင့်ရောက်ရှိပြီး ရေထုညစ်ညမ်းသွားမယ်။
ပတ်ဝန်းကျင် လေထုညစ်ညမ်းပြီး ဒေသ ပျက်စီးသွားနိုင်ပါတယ်” ဟုလည်း ဆရာတော်က ဆက်လက် မိန့်သည်။

ယင်းအခမ်းအနားတွင် အဖွဲ့အမည်ကိုလည်း “ချင်းတောင်ဒေသ သဘာဝ သယံဇာတ စောင့်ကြည့်ရေးအဖွဲ့” ဟု ပြောင်းလဲခဲ့သည်။

ယင်းအဖွဲ့သည်
 မြွေတောင် ဖားတောင် သတ္တုတူးဖော်ရေး စီမံကိန်း စောင့်ကြည့်ရေး၊
ကလေးဝ-မထု ကျောက်မီးသွေး လျှပ်စစ်စီမံကိန်း စောင့်ကြည့်ရေး၊
အိန္ဒိယ-မြန်မာနယ်စပ် မြေသယံဇာတ ထိန်းသိမ်းစောင့်ကြည့်ရေး၊
 မြသိန်းတန်စေတီတဝိုက် သစ်တောထူထောင်ရေးတို့ကို ဆောင်ရွက်မည့်အပြင်
 တက္ကသိုလ်နယ်မြေ မူးယစ်ဆေးဝါး ကင်းစင်ရေးနှင့် ပျောက်ကွယ်သွားသော စာကြည့်တိုက် ပြန်လည်ထူထောင်ရေးတို့ကိုလည်း လုပ်ဆောင်မည် ဖြစ်သည်။

တရုတ် ကုမ္ပဏီ North Mining Investment Company ၏ သတ္တုတူးဖော်ရေး စီမံကိန်းကြောင့်  မြွေတောင် ဖားတောင်  ဒေသခံများက  နေရာပြောင်းရွေ့ခံရမည်ကိုလည်း စိုးရိမ်နေကြသည်။

သတ္တုထုတ်လုပ်မည့် မြွေတောင် ဖားတောင်သည် ချင်းပြည်နယ် မြောက်ပိုင်း၏ စပါးကျီဖြစ်သော ကဘော်ဒေသ၊ ကလေးဒေသ၏ ကျောထောက်နောက်ခံ ရေဝေရေလဲ တောင်တန်းတခု ဖြစ်သည်။

 တီးတိန် မြို့နယ်မှ ၆၅ မိုင်အကွာ၊ ကလေးမြို့မှ ၁၅ မိုင် အကွာ တီးတိန်မြို့နယ်နှင့် ထွန်းဇံမြို့ နယ်စပ်တွင် တည်ရှိသည်။
ထိုတောင်တန်းကို ကျေးရွာပေါင်း ၁၅ ရွာက ဝန်းရံလျက်ရှိသည်။ တောင်တန်းသည် အရှည် ၈ မိုင်ရှိပြီး အကျယ် ၂ ဒသမ ၅ မိုင်၊ အမြင့်ပေ ၃၂၀ဝ ခန့် ရှိသည်။

စီမံကိန်းကို မဖြစ်မနေ ဖော်တောင်မည်ဆိုပါက ပွင့်လင်းမြင်သာမှုရှိရန်၊ နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ကိုက်ညီသော စည်းကမ်းများ ချမှတ်၍ တင်ဒါ ခေါ်ယူပြီးမှသာ ဆောင်ရွက်ရန်၊
ဒေသခံများ၏ အကျိုး၊ ချင်းပြည်နယ်၏ အကျိုးကို ထည့်တွက်ရန် ချင်းတောင်ဒေသ သဘာဝသယံဇာတ စောင့်ကြည့်ရေးအဖွဲ့က တောင်းဆိုထားသည်။

မြွေတောင် ဖားတောင် သတ္တုသိုက်ကို ၁၉၆၄ ခုနှစ်မှ ၁၉၆၆ ခုနှစ်အတွင်း ချင်းလူမျိုး ဘူမိဗေဒ ပညာရှင် Dr. Ngaw Cin Pau နှင့် အဖွဲ့က စမ်းသပ်လေ့လာ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အကောင်းဆုံး စာရင်းဝင် သတ္တုသိုက်တခုဖြစ်ပြီး အဖိုးတန် သတ္တုများရှိသည်ဟု ဆိုသည်။
ယေဘုယျ ခန့်မှန်းတွက်ချက်မှုများအရ မြွေတောင် နီကယ်သတ္တုသိုက်တွင် သတ္တုသိုက် ၆ ခုရှိကြောင်း၊ သတ္တုသိုက် အမှတ် ၄ တွင် သတ္တုရိုင်း တန်ချိန် ၈၀ ခန့် ရှိကြောင်း၊
 သတ္တုရိုင်းများတွင် နီကယ်ပါဝင်မှု ၁ ဒသမ ၂၁ မှ ၁ ဒသမ ၅ ရာခိုင်းနှုန်းအထိ ရှိကြောင်း သိရသည်။
ထို့အပြင် သံသတ္တု ၃ ဒသမ ၇ ရာခိုင်နှုန်း၊ ကြေးနီ ၂၉ ဒသမ ၉၉ ppm, အလူမီနီယံ ၀.၁၆ ရာခိုင်နှုန်းနှင့် မဂ္ဂနီစီယမ်၊ ခရိုမိုက်တို့လည်း ရှိကြောင်း သိရသည်။

ယင်းစီမံကိန်းနှင့် ပတ်သက်ပြီး ယမန်နှစ်က ချင်းပါတီ လေးခုဖြစ်သည့် ချင်းတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ တိုင်းရင်းသား လူမျိုးစုများ ဖွံ့ဖြိုးရေး  ပါတီနှင့် အရှိုချင်း အမျိုးသားပါတီတို့ကလည်း ကြေညာချက်ထုတ်ပြီး ၎င်းတို့၏ စိုးရိမ်မှုကို ဖော်ပြခဲ့ကြသည်။




.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved