စရဖ ဆိုတာဘာလဲ- အပိုင်း(၂)

Monday, February 10, 2014

 ~



 

(၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့ထုတ် ကြေးမုံသတင်းစာမှ သတင်းတစ်ခု)

တပ်မတော်စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံးရဲ့နောက်ထပ်အရေးပါတဲ့ ဌာနကြီး ကတော့ စစ်ဖက်ရေးရာလုံခြုံရေးဌာနကြီး (တန်ပြန်) ဖြစ်ပါတယ်။ စစ်ဖက်ရေးရာ လုံခြုံရေး ဌာနကြီး (ပြည်တွင်း)/(ပြည်ပ)တို့ဟာ စစ်ဖက် သတင်းရယူရေး (Military Intelligence)၊ မြို့ပြသတင်းရယူရေး (Civil Intelligence) စတဲ့ ထောက်လှမ်းရေး တာဝန် (Positive Intelligence) တွေကို ဆောင်ရွက်ရပါတယ်။ စစ်ဖက်ရေးရာ လုံခြုံရေးဌာနကြီး (တန်ပြန်) ကတော့ တန်ပြန်သတင်းရယူရေး(Counter Intelligence) နဲ့ သတင်းရယူမှုတားဆီးရေး (Negative Intelligence) ကို ဆောင်ရွက်ရပါတယ်။

ထောက်လှမ်းရေးလုပ်ငန်းဟာ သတင်းရယူဖို့အတွက် ထိုးဖောက်၊ ချဉ်းကပ် ရတာဖြစ်ပြီး တန်ပြန်ထောက်လှမ်းရေး လုပ်ငန်း ကတော့ မိမိရဲ့အားနည်းချက်ကို ပြန်လှန် ဆန်းစစ်ခြင်းနဲ့ ရန်သူကိုလှည့်စား ပရိယာယ်ဆင်ရတာဖြစ်ပါတယ်။
တန်ပြန် ထောက်လှမ်းရေးရဲ့ အဓိကလုပ်ငန်းသုံးခုကို အတိုချုပ်အနေနဲ့ ပြောရရင်တော့ ထိန်းသိမ်းခြင်း (Safe Guarding Measure)၊ စုံစမ်းစစ်ဆေးခြင်း (Detective Measure) နဲ့ လှည့်စားခြင်း (Deception) တို့ပဲ ဖြစ်ပါတယ်။
စစ်မြေပြင်၊ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးနယ်ပယ်တွေမှာ တန်ပြန်သူလျှို၊ တန်ပြန်အဖျက် အမှောင့်လုပ်ငန်းတွေ၊ တန်ပြန်သတင်းမှား ထုတ်လွှင့်မှုတွေ၊ လှည့်စား ပရိယာယ်ဆင်မှုလုပ်ငန်းတွေ၊ ပြည်သူတွေကို အာရုံလွှဲမှုလုပ်ငန်းတွေကို ဆောင်ရွက်ပြီး ရန်သူရဲ့လုပ်ငန်းတွေကို စုံစမ်းဖော်ထုတ်ပါတယ်။

ရန်သူကို ဖောက်ခွဲဖျက်ဆီးခြင်း၊ အကြမ်းဖက်ခြင်း၊ ပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်း၊ တန်ပြန်ဆန္ဒပြခြင်း၊ အဓိကရုဏ်းများ ဖြစ်အောင်ဖန်တီးခြင်း စတဲ့ အဖျက်အမှောင့်လုပ်ငန်းတွေနဲ့ ရန်သူကို တန်ပြန်ချေမှုန်းတာမျိုး ဖြစ်တဲ့အတွက် တန်ပြန် ထောက်လှမ်းရေးလုပ်ငန်းထဲမှာ လူသိရှင်ကြားမဖြစ်ဝံ့တဲ့ ထိပ်တန်းလျှို့ဝှက် ကိစ္စတွေအများအပြား ရှိပါတယ်။
ဒါတွေအပြင် လူထုကို ကြောက်ရွံ့စိုးရိမ်စိတ်၊ မုန်းတီးရွံရှာစိတ်၊ မျှော်လင့်အားထားစိတ်တွေဖြစ်လာအောင် ရည်ရွယ်တဲ့ တန်ပြန်ဝါဒဖြန့်ချိ လှုံ့ဆော်ရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ရပါတယ်။ ၁၉၈၈ ခုနှစ် အရေးတော်ပုံကာလအတွင်းတုန်းကလည်း တန်ပြန် ထောက်လှမ်းရေး တွေရဲ့လက်ချက်လို့ သတင်းထွက်ပေါ်ခဲ့တဲ့ အဖျက်လုပ်ငန်း ကိစ္စအများအပြားရှိခဲ့တာ မှတ်မိကြဦးမယ် ထင်ပါတယ်။ လူသိထင်ရှားဖြစ်ခဲ့တဲ့ကိစ္စတစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို တန်ပြန်ဝါဒဖြန့်ချိအပုတ်ချဖို့ ကြိုးစားခဲ့တဲ့ တပ်မတော် ထောက်လှမ်းရေးက အရာရှိတွေကို သက်သေအထောက်အထားတွေနဲ့တကွ လက်ပူးလက်ကြပ် ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်စဉ်ပါပဲ။

၁၉၈၈ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်နေ့နံနက်ဝေလီဝေလင်းအချိန်၊ အနော်ရထာလမ်းနဲ့ (၂၉) လမ်းထောင့်မှာ မသင်္ကာဖွယ်ရာ ဟိုင်းလတ်ကားတစ်စီးနဲ့ လူတစ်စုကို ကင်းသမားတွေက တွေ့ရှိခဲ့တဲ့အတွက် စစ်ဆေးတော့ တပ်မတော်ထောက်လှမ်းရေးမှ ဗိုလ်ကြီးသက်တင်စိန်၊ ဗိုလ်ကြီးညဏ်လင်း၊ ဗိုလ်ကြီးစည်သူနဲ့ တပ်ဖွဲ့ဝင်အချို့ ဖြစ်နေပါတယ်။
သူတို့နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ကို သိက္ခာချ၊ ၀ါဒဖြန့်ချိတဲ့ ပိုစတာစာရွက်တွေကို ဖမ်းဆီးမိခဲ့ပါတယ်။
အဲဒီပိုစတာတွေမှာ “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယောက်ျားဟာ ကုလားဖြစ်တာမို့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခဲ့ရင် အဆိုပါ ကုလားက ကြိုးကိုင်ချယ်လှယ်လိမ့်မယ်” လို့ ရေးသားထားပါတယ်။

 သြဂုတ်လ (၂၆) ရက်နေ့၊ သိမ်ဖြူကွင်းမှာ ပြုလုပ်မဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုတရားပွဲရှိတာမို့ အချိန်ကိုက်လုပ်ကြံတာဖြစ်ပါတယ်။

ဗိုလ်ကြီးသက်တင်စိန်နဲ့ ဗိုလ်ကြီးညဏ်လင်းက လူထုကြားကနေ ထွက်ပြေး လွတ်မြောက်ခဲ့ပေမဲ့ ဗိုလ်ကြီးစည်သူ၊ တပ်ကြပ်ကြီးစန်းလွင်၊ တပ်ကြပ်ကြီးအေးကြူ၊ တပ်ကြပ်စိုးနိုင်တို့ကတော့ အဖမ်းခံခဲ့ရပါတယ်။ ဖမ်းဆီးရမိတဲ့ ထောက်လှမ်းရေး တွေကို လူထုက ရိုက်နှက်ပြီး သရက်တောကျောင်းတိုက်ကို ခေါ်ဆောင်အပ်နှံ ခဲ့ပါတယ်။
သရက်တောကျောင်းတိုက်မှ မှန်ကျောင်းဆရာတော်က ဖမ်းဆီးရမိသူတွေကို မသတ်ဖြတ်ဖို့ လူထုကို မေတ္တာရပ်ခံပြီး ဗိုလ်ကြီးစည်သူနဲ့အဖွဲ့ကို ကယ်တင်ပေးခဲ့ပါတယ်။
မှန်ကျောင်းဆရာတော်သာ မကယ်တင်ခဲ့ရင် လူထုရဲ့ ဒေါသကြောင့် ကျိန်းသေပေါက် အသက်ပျောက်မှာပါ။

ဒါကတော့ တန်ပြန် ထောက်လှမ်းရေးတွေ ကြံစည်တတ်တဲ့ ကိစ္စမျိုးကို သမိုင်းဖြစ်စဉ်လေးတစ်ခုကနေ ထုတ်ပြတာပါ။
လက်ရှိ စစ်ဖက်ရေးရာလုံခြုံရေးဌာနကြီး (တန်ပြန်)အကြောင်းကို ဆက်ကြရအောင်။

စစ်ဖက်ရေးရာလုံခြုံရေးဌာနကြီး (တန်ပြန်) ကို
ဗိုလ်မှူးချုပ် (ဌာနကြီးမှူး)-၁၊
ဗိုလ်မှူးကြီး (ဒုဌာနကြီးမှူး)-၁၊
ဒုဗိုလ်မှူးကြီး (စစ်ဦးစီးမှူး-ပ)-၄၊
ဗိုလ်မှူး-၁၁၊
ဗိုလ်ကြီး-၃၃၊
စုစုပေါင်း အရာရှိအင်အား (၅၀) ယောက်နဲ့ဖွဲ့စည်းထားပြီး လက်အောက်ခံဌာနခွဲ (၄) ခုရှိပါတယ်။

လက်အောက်ခံဌာနခွဲတွေကတော့-

(၁) နိုင်ငံရေးဌာနခွဲ
(၂) စီးပွားရေးဌာနခွဲ
(၃) အထူးတာဝန်ဌာနခွဲ(၁)
(၄) အထူးတာဝန်ဌာနခွဲ(၂) တို့ဖြစ်ပါတယ်။

စစ်ဖက်ရေးရာလုံခြုံရေးဌာနကြီး (ပြည်တွင်း) ရဲ့တာဝန်တွေကတော့-

၁။ နိုင်ငံတော်၏ဆန့်ကျင်ဘက်အဖွဲ့အစည်းများ၊ သောင်းကျန်းသူများ၏ မြေပေါ် မြေအောက်ဆက်သွယ်မှုနှင့်ပတ်သက်သော စစ်မြေပြင်သတင်းရယူခြင်း၊ သူလျှို၊ အဖျက်အမှောက်လုပ်ငန်းနှင့် ပါတီဝင်လှုပ်ရှားမှုများအား တန်ပြန်နည်းနာဖြင့် တန်ပြန် လှုပ်ရှားဆောင်ရွက်ရန်။

၂။ နိုင်ငံရေးပြဿနာကို ဖန်တီးလာနိုင်သည့် တက္ကသိုလ်/ကောလိပ်များ၊ ဘာသာရေး အဖွဲ့အစည်းများ၏ နိုင်ငံတော်အား ဆန့်ကျင်ဆူပူစေရန် လှုပ်ရှားဆောင်ရွက်မှုများကို စုံစမ်းရန်နှင့်ကန့်သတ် ထိန်းချုပ်နိုင်ရေး တင်ပြဆောင်ရွက်ရန်။

၃။ ဘာသာရေးဆိုင်ရာ ထိုးဖောက်ဝင်ရောက်လာမှုများ၊ အလုပ်သမား၊ လယ်သမား လှုပ်ရှားမှုများ၊ လူမျိုးရေးလှုပ်ရှားမှုများကြောင့် နိုင်ငံရေးမတည်ငြိမ်မှုများ မဖြစ်စေရန် တားဆီးကာကွယ်ရန်နှင့် ကြိုတင်သတင်းရယူတင်ပြရန်။

၎။ ပြည်ပသတင်းရယူရေးအဖွဲ့များ၏ ပြည်တွင်း၌ လာရောက်လှုပ်ရှားမှုများအား ဖော်ထုတ်ရန်နှင့် အရေးကြီးပစ်မှတ်နေရာများကို အထောက်တော်များ စေလွှတ် ဖော်ထုတ်ရန်။

၅။ အခါအားလျော်စွာ နိုင်ငံတော်မှ ပေးအပ်လာမည့် အထူးတာဝန်များကို ထမ်းဆောင်ရန် တို့ဖြစ်ပါတယ်။ (ဆက်ပါဦးမည်)

(ဒီအပိုင်းတွေမှာ တပ်မတော်စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး(စရခ) နဲ့ ပတ်သတ်ပြီး ဌာနကြီး၊ ဌာနခွဲတွေကို ဘယ်လို ဖွဲ့စည်းထားတယ်၊ ဌာနတွေရဲ့ တာဝန်တွေက ဘာတွေ ဖြစ်တယ် စတဲ့ဖွဲ့စည်းမှုကို အကြမ်းဖျင်းအားဖြင့် ခြုံငုံသိရှိနိုင်အောင် ရည်ရွယ်ပါတယ်။

 စရဖရဲ့ ဖွဲ့စည်းမှုတွေအကြောင်းပြီးသွားရင်တော့ စရဖဘာတွေလုပ်နေလဲဆိုတာကို ပြည်သူတွေသိရှိဖို့ တင်ပြပေးပါမယ်။

(မိုးဇေညိမ်းရဲ့ facebook စာမျက်နှာကနေ ကူးယူ ဖော်ပြပါတယ်)


 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved