ရေခဲရေ ယဉ်ကျေးမှု

Thursday, March 6, 2014

~



 

 -
မြန်မာပြည်မှာ လမ်းဘေးရေခဲရေရောင်းသူကို ရန်ကုန်မြို့မှာပဲ တွေ့နိုင်မယ်လို့ ယူဆရပါတယ်။ အခုတော့ ရေခဲရေသည် နည်းနည်းပဲ ရှိပါတော့တယ်။ သောက်တဲ့သူလည်း နည်းနည်းပဲ ရှိပါတော့တယ်။

ရန်ကုန်စတိုင် ရေခဲရေ ဆိုတာက ရေပုံးထိပ်မှာ ရေခဲတုံးတင်ဖို့နေရာရှိမယ်၊ ရေကို ရေခဲပေါ်လောင်းချပြီး အောက်က ခွက်နဲ့ ခံမယ်၊ လာဝယ်သောက်သူကို ပေးလိုက်မယ်။ ရေခဲတုံးကနေ ရေတွေက ပုံးထဲကို တစက်ပြီးတစက် ကျနေလိမ့်မယ်။ အပူဒဏ်ကို တန်ပြန်ချင်လို့၊ ရေဆာလို့ ၀ယ်ကြတယ်၊ သောက်ကြတယ်။ 
ခေတ်က သောက်ရေသန့်ခေတ်ကို ရောက်လာပြီ ဆိုတော့ ရေပုလင်းကို ရေခဲပုံးထဲ၊ ရေခဲသေတ္တာထဲ ထည့်ရောင်းလာကြပါပြီ။
ရေခဲရေ အရောင်းထိုးကျသွားခြင်းက အအေးဓာတ်ကို လူကြိုက်နည်းသွားလို့ မဟုတ်ပါဘူး။ ရေကို ပုလင်းသွပ်ရောင်းတဲ့ခေတ်ကို ရောက်လာလို့ပါပဲ။

လမ်းဘေးရေခဲရေဟာ
  • ရေသန့်ရှင်းမှု
  • ခွက် နဲ့ ရေပုံး သန့်ရှင်းမှုတွေမှာ အားနည်းကောင်း အားနည်းမယ်။
  • နောက်ထပ်အားနည်းချက်ကတော့ ရောင်းတဲ့နေရာရဲ့ သန့်ရှင်းရေး။ ရောင်းတဲ့သူရဲ့ သန့်ရှင်းရေးပါပဲ။ ရောင်းတဲ့သူရဲ့လက်က နေရာမရွေး ရောက်တတ်ပါတယ် - နှာခေါင်းထဲရောက်နိုင်သလို ချိုင်းကြားထဲလည်း ရောက်နိုင်တယ်။ ဟိုပစ္စည်းကောက်ကိုင် ဒီပစ္စည်းကောက်ကိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ လမ်းဘေး ဆိုတော့ ရေထဲ ဖုန်ဝင်တာမျိုးလည်း ကြုံရနိုင်မယ် မဟုတ်လား။
အားသာချက်တခုကတော့ ရေကို ဝေးဝေးယူသွားလို့ရအောင် ပုလင်း ဆောင်ထားကြပါပြီ။ ၀ယ်သူရဲ့လက်ထဲ ပုလင်းလွတ် ပါလာဖွယ် မရှိပေမယ့် ရောင်းသူဆီမှာတော့ ပလပ်စတစ်ပုလင်းခွံတွေ ရှိနေတတ်ပါတယ်။ ဘယ်ကနေ ၀ယ်သလဲ ယူသလဲ မသိပါ။

တခြားနိုင်ငံတွေမှာ လမ်းဘေးမှာ ရေကို ပုံးနဲ့ ထည့်ရောင်းတာမျိုး ရှိပါ့မလား။ မထင်ပါဘူး။ ဒါဟာ ရန်ကုန်စတိုင်ဖြစ်နိုင်ပါတယ်။ တခြားနိုင်ငံမှာ ရှိမယ် ဆိုရင်လည်း ရေပုံးကို ခွက်နဲ့ခေါက်ပြီး ရေခဲရေ ရေခဲရေ လို့ အော်ရောင်းချင်မှ ရောင်းပါလိမ့်မယ်။ အဲ… ရန်ကုန်က ရေခဲရေသည်တွေလို ရေပုံးကို ခွက်နဲ့တဂွပ်ဂွပ်ခေါက်ပြီး ဈေးခေါ်တာမျိုးလည်း လုပ်ကောင်း လုပ်ပါလိမ့်မယ်။

လွန်ခဲ့တဲ့ဆယ်နှစ်ကျော်တုန်းက ဆိုရင် ရန်ကုန်က ရုပ်ရှင်ရုံတွေရှေ့မှာ ဘတ်စ်ကားမှတ်တိုင်တွေမှာ ရေခဲရေသည်တို့ကို တွေ့ရမှာပါ။
ရုပ်ရှင်ပြီးချိန်ဆိုရင် တဂွပ်ဂွပ် ခေါက်သံက ပိုကျယ်လာပါတယ်။ ရုံထဲက ပြုံဆင်းလာတဲ့လူအုပ်ထဲမှာလည်း ရုံထဲကအထွက် ရေခဲရေ သောက်လိုက်ရမှ အာသာပြေမယ့်သူ အများအပြားဆိုတော့ ခွက်ခေါက်သံနဲ့ ဆီးကြို အချက်ပြရပြီလေ။
ပုလင်းသွပ်ရေ ခေတ်မစားခင်က ဆိုရင် ရန်ကုန်သား ရန်ကုန်သူတို့သာမက ရန်ကုန်ကိုရောက်လာတဲ့ မြို့အသီးသီးကလူတွေလည်း ရေခဲရေကို အားပေးဖူးကြပါလိမ့်မယ်။
ရေခဲရေဆိုရင် သိပ်ကြိုက်တတ်တဲ့ထဲမှာ ထိုင်း၊ အမေရိကန်တို့က ထိပ်ဆုံးမှာ ရှိတတ်ပါတယ်။ သို့သော်လည်း သူတို့တွေ ရန်ကုန် အလည်ရောက်တဲ့အခါ လမ်းဘေးက ရေခဲရေကို မြည်းကြမယ် မထင်ပါဘူး။

ကဲ…လမ်းဘေးမှာ သောက်သုံးသူစောင့်နေတဲ့ ရေခဲရေသည် ရန်ကုန်မှာ ဘယ်နှစ်ဦး ကျန်ပါသလဲ။
မကျန်တော့ဘူးထင်တယ်၊ မတွေ့တော့သလိုပဲ လို့ တချို့က ဖြေပါလိမ့်မယ်။
တချို့ကလည်း ငါးဦးလောက် ရှိမယ်လို့ ပြောပါလိမ့်မယ်။
ဆယ်ဦးထက် မပိုတာ သေချာတယ်လို့ ခန့်မှန်းသူလည်း ရှိမှာပါ။

သေချာတာကတော့ ရေခဲရေရောင်းသူ နည်းနည်းလာခြင်းပါပဲ။ အအေးခန်းထဲကရေပုလင်းကို ၀ယ်သောက်ဖို့ ခက်ခဲနေသူတွေ ရှိနေသရွေ့တော့ ပလက်ဖောင်းဈေးသည်များထဲ ရေခဲရေရောင်းသူ လွယ်လွယ်နဲ့ ပျောက်သွားမယ်မဟုတ်ဘူးလို့ ယူဆရပါတယ်။




.

3 comments :

  1. minsoe said... :

    အရင်ကမြန်မာပြည်ကိုပြန်ရောက်ရင်အမြဲတန်းမိမိမျက်စေ့ထဲတွင်ကြည့်မရသောမြင်ကွင်း၂ခုရှိပါသည်။တစ်ခုမှာရေခဲတုံးများကိုကန်တော့ထဲထည့်ရ်ျခွက်ကိုတစ်ဂွပ်ဂွပ်နှင့်ရိုက်ပြီးရေခဲရေရောင်းသောမြင်ကွင်းနှင့်နောက်တစ်ခုမှာရန်ကုန်မြို့တော်ကိုခေတ်မှီမြို့တော်ကြီးတည်ဆောက်နေသည်ဟူရ်ျစကားလုံးအကြီးကြီးသုံးနေသော်လည်းမြို့တော်ကြီး၏အဓိကပြရုပ်ဖြစ်သောရန်ကုန်မြို့တွင်း၆မြို့နယ်စလုံးဉ်အဆမတန်ပျက်စီးနေသောပလက်ဖောင်းများက်ုနှစ်ပေါင်းများစွာမပြုပြင်သောမြင်ကွင်းဖြစ်သည်။ထို၂ခုစလုံးမိမိစိတ်ထဲတွင်အင်မတန်ရှက်စရာကောင်းသောမြင်ကွင်းဟူရ်ျမြင်မိပါသာ်။မိမိအင်မတန်ဆင်းရဲသောအာဖရိကနိုင်ငံအချို့ကိုရောက်ဖူးပါသည်။ထိုနိုင်ငံများ၏မြို့တော်များတွင်မိမိမြန်မာပြည်တွင်တွေ့ရသောထိုမြင်ကွင်း၂ခုစလုံးလုံးဝမရှိပါ။ မြန်မာပြည်ကဆင်းရဲလို့ဟူသောဆင်ခြေမျိုးကမမှန်နိုင်ပါ။ပလက်ဖောင်းကိစွကမြို့တော်စည်ပင်၏စီမံခန့်ခွဲမူ့ညံ့ဖြင်းခြင်းဖြစ်ပြီး၊ရေခဲရေရောင်းသောကိစွမှာကျန်းမာရေးဗဟုသုတပညာပေးမူ့အားနဲခြင်းကြောင့်ဖြစ်သည်။ရေခဲရေရောင်းရာတွင်သုံးသောရေမှာရောင်းသူမှမည်သည့်နေရာကခပ်လာမှန်းမိမိတို့မသိပါ၊အိမ်သာထဲကလဲဖြစ်နိုင်သလို၊တစ်ခြားမသန့်ရှင်းသောတစ်နေရာရာမှလဲဖြစ်နိုင်သည်။သူရောင်းသောရေခဲရေမှာသန့်စင်သည်ဘဲထားလူပေါင်းစုံသောက်နေသောထိုရေခဲေ၇ခွက်ကိုအသုံးပြုရ်ျသာက်သုံးသူများထဲတွင်ကူးစက်တတ်သောရောဂါပိုးရှိသောသူမည်မျှပါဝင်သနည်းမိမိတို့မသိနိုင်ပါ။ကူးစက်တတ်သောရောဂါပိုးများစွာထဲမှမိမိဥပမာ-အသဲရောင်အသားဝါဘီပိုးရှိသောသူသောက်ပြီးထိုခွက်ကိုနောက်လူရေခဲရေဆက်သောက်ပါကအခန့်မသင့်ရင်ကူးစက်တတ်သောသဘောရှိသည်။ဘီပိုးမှာအ၀င်လွယ်သလောက်ပြန်ပျောက်အောင်ကုရန်အင်မတန်ခက်ခဲသောရာဂါဖြစ်သည်။မိမိကူးစက်ပြီးရင်တစ်ခြားသူမျာူးလဲထပ်ကူးစက်နိုင်သည်။မိမိမှာဘီပိုးရှိမှန်းကိုဆေးမစစ်ရ်ျမသိဘဲဘီမှစီသို့ပြောင်းလဲလျင်မိမိသည်သေမိန့်ကျသောလူဘ၀ရောက်သွားပေလိမ့်မည်။ဘာမှမဖြစ်ဘူးထင်ရသောရေခဲရေခွက်မှစတင်ခြင်းဖြစ်သည်။

  1. minsoe said... :

    မြန်မာပြည်တွင်လမ်းဘေးတွင်ရောင်းသောရေခဲရေမှာမသန့်ရှင်း၊ရောဂါတစ်ချို့ထိုရေခဲရေ၊ခွက်တို့မှမှကူးစက်နိုင်သည်ဟူသောကျန်းမာရေးဗဟုသုတရှိလာသောကြောင့်သောက်သုံးသူနဲလာသောကြောင့်ရေခဲရေရောင်းသူလဲနည်းသွားခြင်းဖြစ်သည်။ရန်ကုန်မြို့တွင်းခရီးသွားလာစဉ်ရေဆာသောအခါ၂၀၀တန်ရေသန့်ဘူးမ၀ယ်သောက်နိုင်သောသူဟူရ်ျရှိမည်မထင်ပါ။အကယ်ရ်ျလမ်းဘေးပုံးဖြင့်ရောင်းသောရေခဲရေ၀ယ်သောက်လျှင်လထြိုသူသည်ပိုက်ဆံ၂၀၀မရှိခြင်းထက်ကျန်းမာရေးဗဟုသုတနဲသောသူဟူရ်ျသာသတ်မှတ်ခြင်ပါသည်။

  1. minsoe said... :

    တစ်ခါတစ်ရံရန်ကုန်မြို့တွင်းခရီးသွားစဉ်မြင်ရသည်မှာနိုင်ငံခြားသားကရေခဲရေရောင်းသူကိုဓါတ်ပုံရိုက်နေသောမြင်ကွင်းဖြစ်သည်။ရေခဲရေရောင်းသောသူမှာလဲအိုက်တင်အမျိုးမျိုးပေးနေသည်ကိုတွေ့ရသည်။ထိုမြင်ကွင်းကိုမြင်ရသောအခါမိမိအင်မတန်ရှက်မိပါသည်။တစ်ကမွာလုံးတွင်ဘယ်နိုင်ငံမှမမြင်နိုင်သောမြင်ကွင်းကိုအမိအရမှတ်တမ်းတင်ခြင်းဖြစ်သည်။ဂုဏ်ယူစရာကောင်းသောဓါတ်ပုံတော့ဖြစ်မလာနိုင်ပါ။မြန်မာနိုင်ငံ၏ကျန်းမာရေးဗဟုသုတနိမ့်ကြမူ့ကိုကမွာကိုပြသောနိမ့်ကြသောဓါတ်ပုံသာဖြစ်လာနိုင်ပါသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved