ပျောက်ဆုံး မလေးရှားလေယာဉ် အရှိန်မြှင့် ရှာဖွေနေဆဲ

Tuesday, March 11, 2014

၂ ရက်ကျော်ကြာထိ အစအန ဘာမှ မတွေ့ရသေးတဲ့ ပျောက်ဆုံး မလေးရှားလေယာဉ်နဲ့ပတ်သက်ပြီး အခု နောက်ဆုံး တရုတ်နိုင်ငံကတော့ မလေးရှား လေကြောင်းလိုင်းကို ရှာဖွေမှုကို ခြေလှမ်းတွေ ထပ်တိုး လုပ်ဆောင်ဖို့ တိုက်တွန်း လိုက်ပါတယ်။ 

 တရုတ်ကျောင်းသားများက ပျောက်ဆုံးလေယာဉ်ခရီးသည်တွေအတွက် ဆုတောင်းနေကြစဉ်၊ ဓာတ်ပုံ- China.rex

ပျောက်ဆုံး မလေးရှားလေယာဉ်စီးခရီးသည်တွေထဲမှာ တရုတ်နိုင်ငံသားတွေက အများစုပါ။ 

တရုတ်က စေလွှတ်လိုက်တဲ့ ခိုးယူနိုင်ငံကူးလက်မှတ်ကို သုံးပြီး လေယာဉ်စီးသူတွေကို စုံစမ်းစစ်ဆေးမှု မှာ အကူ အညီပေးဖို့ လုံခြုံရေး အေးဂျင့်တွေ စေလွှတ်ထားတာလည်း အခုမလေးရှားကို ရောက်လာကြပါပြီ။ 

မမှန်မကန် နိုင်ငံကူးလက်မှတ်နဲ့ လေယာဉ် စီးနင်းလိုက်ပါသွားသူတွေအပေါ်  အဓိက စမ်းစစ်မှုတွေ လုပ်နေပြီး အခြား ခရီးသည်တွေကိုလည်း စုံစမ်းမှုတွေလုပ်နေတယ်လို့ မလေးရှားအာဏာပိုင်တွေ က ပြောပါတယ်။  

ခိုးယူခံ ပတ့်စ်ပို့ မူရင်းပိုင်ရှင် တဦးဖြစ်ပြီး အခု ထိုင်းနိုင်ငံမှာနေထိုင်တဲ့ အီတလီ နိုင်ငံသား Luigi Maraldi က စုံစမ်းစစ်ဆေးမှုတွေကို ပူးပေါင်း ကူညီပေးသွားမယ်လို့ ထိုင်းအာဏာပိုင်တွေနဲ့ တွေ့ဆုံ အပြီး ပြောဆို ထားပါတယ်။ 

မနေ့ကတော့ လေယာဉ်မှူး ၂ ဦးကို လုံခြုံရေး ကင်မရာက လေယာဉ် မတက်ခင် လေဆိပ်အဝင် မှတ်တမ်း ဗီဒီယိုကိုလည်း ထုတ်ဖော်ပြသလာပါတယ်။ အခြား ခရီးသည်တွေရဲ့ လေဆိပ်ကို ဝင်ရောက်လာတဲ့ စီစီ တီဗွီမှတ်တမ်းတွေကိုလည်း မလေးရှား၊ အမေရိကန်နဲ့ အခြား နိုင်ငံစုံက လုံခြုံရေးအဖွဲ့တွေ ပူးပေါင်းပြီး စိစစ်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။ 

လေယာဉ်နဲ့ပတ်သက်လို့ သဲလွန်စတစုံတရာ အခုထိ ဘာမှ မတွေ့ရသေးတဲ့နောက် အဲဒီ တရုတ် ခရီးသည်
တွေ ရဲ့ မိသားစု ဝင်တွေဟာ သူတို့ ဆွေမျိုးတွေ အသက်ရှင်လျှက် ရှိမယ်ဆိုတဲ့ မျှော်လင့်ချက်တွေ တဖြည်းဖြည်း နည်းပါးလာပါပြီ။ 

လေယာဉ်ရှာဖွေမှုကိုတော့ ရေမိုင် ၁ဝဝ ထိ အပိုင်းလိုက် စုပေါင်းပြီး လေယာဉ်နဲ့ သင်္ဘောတွေနဲ့ ရှာနေတဲ့ အကြောင်း လည်း မလေးရှား လေကြောင်းဆိုင်ရာ တာဝန်ရှိသူက ပြောပါတယ်။ 

မလေးရှား လေယာဉ် MH 270 ပျောက်ဆုံးမှုအပေါ် အပြစ်တင် ကစားပွဲတွေ မလုပ်သင့်ဘူးလို့ မလေးရှား ဝန်ကြီးချုပ် ဟောင်း မဟာသီဟာလည်း သတိပေးပြောဆိုထားပါသေးတယ်။ 

ပျောက်ဆုံးလေယာဉ်ရဲ့ အပိုင်းအစလို့ ထင်ရတဲ့ ပစ္စည်းတချို့တွေ့တယ်ဆိုပြီး ဗီယက်နမ် က ပြောဆိုမှုတွေ ဟာနောက်ဆုံး တော့ အတည်ပြုချက် မပေးနိုင်တဲ့ အခြေဆိုက်ခဲ့ပါတယ်။ 

နိုင်ငံစုံ အင်နဲ့ အားနဲ့ ကူညီကယ်ဆယ်ရေး လေယာဉ်တွေ၊ သင်္ဘောတွေနဲ့ အသည်းအသန် ရှာဖွေနေပေ မယ့် လေယာဉ်နဲ့ ပတ်သက်တဲ့ သဲလွန်စ အခုထိ မတွေ့ရသေးတဲ့အပေါ် ပိုပြီး ထူးဆန်းလာကာ လေယာဉ်
ပေါ် ပါသွားတဲ့သူတွေအတွက်လည်း စိုးရိမ်မှုတွေ ပိုလာသလို မျှော်လင့်ချက်လည်း ပိုနည်းလာနေကြ တာပါ။ 

လေကြောင်း လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်တဦးကလည်း ဒါဟာ အကြမ်းဖက်မှုဖြစ်နိုင်တယ်လို့ သုံးသပ်ပြောကြားထားပါတယ်။ 

၃ ရက်ကျော်ကြာ အချိန်တွေ ကြာလာတာနဲ့အမျှ  MH 370 လေယာဉ်အတွက် ဆုတောင်းမှုတွေကပဲ ပိုတိုးပြီး နေရာယူလာပါတယ်။ 




အိမ့်သံစဉ် ~













0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved