NNER ကို နေပြည်တော်ဆွေးနွေးပွဲဖိတ်ကြားပြီးမှ အစိုးရ ရုပ်သိမ်း

Wednesday, March 5, 2014


နေပြည်တော်မှာ ကျင်းပမယ့် အမျိုးသားအဆင့် ပညာရေး ဆွေးနွေးပွဲ ကို အမျိုးသားဒီမိုကရစီအဖွဲ့ချုပ်က ပုဂ္ဂိုလ်တွေ ဦးဆောင်ဖွဲ့စည်းထားတဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER) ကို ဖိတ်ကြားထားပြီးမှ ပညာရေး ဝန်ကြီးဌာနက ဖျက်သိမ်းလိုက်ပါတယ်။ 

NNER သတင်းစာရှင်းလင်းပွဲ (ဓာတ်ပုံ – မေစစ်ပိုင် / ဧရာဝတီ)
အဲဒီလို ပညာရေး ဝန်ကြီးဌာနက အခုလို ပညာရေး ကွန်ရက်အဖွဲ့ကို ဆွေးနွေးပွဲ တက်ရောက်ခွင့် မပေး 
တော့တာနဲ့ပတ်သက်ပြီး သတင်းအပြည့်အစုံကိုတော့ ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ ဧရာဝတီ သတင်းထောက် မေစစ်ပိုင် ရေးသားပြထားတဲ့ အမျိုးသား အဆင့် ပညာရေး ဆွေးနွေးပွဲ NNER ကို တက်ခွင့်မပြုတော့ ( http://burma.irrawaddy.org/news/2014/03/04/55770.html ) ဆိုတာမှာ ဖတ်နိုင်ပါတယ်။ 

အခုလို NNER ကွန်ရက်က နေပြည်တော် ပညာရေး ဆွေးနွေးပွဲ တက်ခွင့်ကို အစိုးရဘက်က ရုပ်သိမ်း လိုက်တဲ့ အတွက် မတ်လ ၄ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် တစောင် ထုတ်ပြန် လိုက်ပါတယ်။ 

ကြေညာချက် အပြည့်အစုံကတော့ 


ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER)

နေ့စွဲ။ မတ်လ (၄) ရက်၊ ၂ဝ၁၄ ခုနှစ်။ 

နေပြည်တော်တွင်ကျင်းပမည့် အမျိုးသားအဆင့် ပညာရေး ဆွေးနွေးပွဲတက်ရောက်ရန် NNER အား ဖိတ်ကြားထားပြီးမှ ပညာရေး ဝန်ကြီးဌာနမှ ပြန်လည်ဖျက်သိမ်းခြင်း အပေါ် သဘောထားထုတ်ပြန်ချက် 

၁။ နေပြည်တော်တွင် ကျင်းပမည့် “အမျိုးသားအဆင့် လက်တွေ့ကျသော ပညာရေးပြုပြင်ပြောင်းလဲမှု
ဆွေးနွေး ပွဲ” (၅-၆ မတ်လ ၂ဝ၁၄) သို့  ကျောင်းသားသမဂ္ဂများ၊ ဆရာသမဂ္ဂများ အပါအဝင် NNER အဖွဲ့သားများတက် ရောက်ပါရန် ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိသူတစ်ဦးမှ ၂၈.၂.၂ဝ၁၄ ညနေ (၄) နာရီတွင် တယ်လီဖုန်းဖြင့် ဖိတ်ကြားလာပါသည်။ 

NNER မှ တက်ရောက်နိုင်မည့်ဦးရေကို ပြောရန်နှင့် NNER ကိုယ်စားလှယ်များ၏ နေထိုင်ရေးကို နေပြည်
တော် စည်ပင်ရိပ်သာတွင် စီစဉ်ပေးမည်ဖြစ်ကြောင်းပြောပါသည်။ 

၂။ မတ်လ ၁ ရက်၊ ၂ဝ၁၄ တွင် အီးမေးလ်ဖြင့်လည်း ဆွေးနွေးပွဲအစီအစဉ်ကို ပေးပို့လာပါသည်။ NNER လုပ်ငန်းအဖွဲ့ဝင်များသည် ၁.၃.၂ဝ၁၄ ညနေ (၄) နာရီတွင် အစည်းအဝေးပြုလုပ်ကြပြီး အစည်းအဝေး ခန်းမှ အထက်ပါညွန်ကြားရေးမှူးချုပ်ထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်သည့်အခါ တိုင်းနှင့်ပြည်နယ် အသီးသီးမှ NNER ကိုယ်စားလှယ် (၁၅ဝ) တက်ရောက်မည်ကို ပြောကြားရာတွင် သဘောတူကြောင်း 
ပြန်လည် အတည်ပြု ဖြေကြားပါသည်။ 

ဖိတ်စာကို နေပြည်တော်မှ ရန်ကုန်သို့ပေးပို့လိုက်မည်ဖြစ်ကြောင်း၊ တည်းခိုရေးအတွက်လည်း နေပြည်
တော် စည်ပင်ရိပ်သာတွင် စီစဉ်ထားပြီးဖြစ်ကြောင်း၊ တည်းခိုဆောင်ကုန်ကျစရိတ်ကို ပညာရေးဝန်ကြီးဌာန မှ ကုန်ကျခံမည်ဖြစ်ကြောင်း တည်းခိုဆောင်မှ ပညာရေးဆွေးနွေးပွဲကျင်းပရာ နေရာသို့ ကြို၊ ပို့ရေး စီစဉ်ထားမည် ဖြစ်ကြောင်း အတည်ပြုပြောကြားပါသည်။ 

၃။ အတည်ပြုချက်ရရှိပြီးနောက် NNER လုပ်ငန်းအဖွဲ့သည် တိုင်းနှင့် ပြည်နယ်မှ ကွန်ရက်တွင် ပါဝင်သည့် အဖွဲ့ အစည်းအသီးသီးသို့ဆက်သွယ်ပြီး နေပြည်တော်ပညာရေးဆွေးနွေးပွဲသို့ ကိုယ်စားလှယ်များ တက်ရောက်ရန် အကြောင်းကြားလိုက်ပါသည်။ 

ကိုယ်စားလှယ်များသည် ပညာရေးဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် ခရီးသွားအစီအစဉ် များပြု လုပ်ကြပြီး ဝေးလံသည့်ဒေသများမှကိုယ်စားလှယ်များသည် ၃.၃.၂ဝ၁၄ တွင် နေပြည် တော် သို့စတင် ထွက်ခွာလာကြပါသည်။ 

၎။ မတ်လ (၃) ရက်၊ ၂ဝ၁၄၊ ည (၉း၃ဝ) နာရီခန့်တွင် အထက်ပါ ညွန်ကြားရေးမှူးချုပ်မှ NNER အားဖိတ်ကြားမှု ကို ဖျက်သိမ်းကြောင်း တယ်လီဖုန်းဆက်၍ အကြောင်းကြားလာပါသည်။ 

အဆိုပါ ညွှန်ကြားရေးမှူးချုပ်သည် NNER မှ ကိုယ်စားလှယ် (၁၅ဝ) ကို ဖိတ်ကြားကြောင်း အတည်ပြု
ပြောကြားခဲ့သဖြင့် ဆွေးနွေးပွဲတက်ရောက်ရန် အားလုံးအဆင်သင့်ပြင်ဆင်ပြီးကာမှ ၄င်းအနေဖြင့် ဖိတ်ကြားခွင့်မရှိကြောင်း၊ NNER ဘက်မှ နားလည်မှုလွဲနေ ကြောင်းနှင့် သူ့အား ခွင့်လွှတ်ပါရန် 
ပြောကြားပါသည်။ 

ပညာရေးဝန်ကြီးဌာနမှ အဆင်မြင့်အရာရှိကြီးတစ်ဦးက ဖိတ်ကြားမှုကိုအတည်ပြုပြီးမှ ဖိတ်ကြားခြင်းမပြု သယောင် စကားလှည့်၍ ဖျက်သိမ်းမှုကို အံ့သြနားမလည်နိုင် အောင် ဖြစ်ရပါသည်။ 

၅။ ယခုကဲ့သို့ဖိတ်ကြားမှုကို ဖျက်သိမ်းသည့်အတွက် NNER ကိုယ်စားလှယ်များသည် အခက်အခဲများနှင့် ရင်ဆိုင် ရပါသည်။ နေပြည်တော်သို့ရောက်လာသူများ၊ နေပြည်တော်သို့ ဦးတည်၍ ခရီးထွက်လာသူများ၊ ခရီးသွားရန် အတွက် လေယာဉ်လက်မှတ်၊ ကားလက်မှတ် ဝယ်ထားသူများ အားလုံး အခက်အခဲ ဖြစ်ကြရပါ သည်။ 

၆။ ပညာရေးဝန်ကြီးဌာနဘက်မှ NNER အား ဖိတ်ကြားထားမှုကို ဖျက်သိမ်းခြင်းသည် ဒီမိုကရေစီနည်းကျ ပညာရေးပြုပြင်ပြောင်းလဲမှုကိုလိုလားသော NNER အဖွဲ့ဝင်များ၏ ပါဝင်မှုကို တားဆီးပိတ်ပင်ရုံမျှမက NNER က မှတ်တမ်းတင် ပြုစုထားသည့် ပြည်သူလူထု၏ ဆန္ဒကိုပါ တားဆီးပိတ်ပင်ရာ ရောက်ပါသည်။ 

၇။ NNER အဖွဲ့ဝင်များသည် “လက်တွေ့ကျသော ပညာရေးပြုပြင်ပြောင်းလဲမှု အကောင်အထည်ဖော်ရေး အဖွဲ့” နှင့် ပူးပေါင်းဆောင်ရွက်၍ ပညာရေးပြုပြင်ပြောင်းလဲမှုဖြစ်ရန် စိတ်အားထက်သန် ခဲ့သော်လည်း ပညာရေးဝန်ကြီး ဌာန၏ လုပ်ရပ်များသည် ယုံကြည်မှုကို ပျက်ပြားစေပါသည်။ 

၈။ ထို့ပြင် ဗဟိုချုပ်ကိုင်မှုဖြင့်သာ ကျင့်သားရနေပြီး ပြည်သူလူထု၏ ဆန္ဒကိုမျက်ကွယ်ပြုသော အစိုးရ၏ ပညာရေး ပြုပြင်ပြောင်းလဲမှုကိုသာမက အခြားပြုပြင်ပြောင်းလဲမှုဆိုသည်များကိုပါ အယုံအကြည် ကင်းမဲ့စေ ပါသည်။ 

၉။ NNER အနေဖြင့် တိုင်းနှင့် ပြည်နယ် ပညာရေးဆွေးနွေးပွဲများနှင့် ၂ဝ၁၃ ဇွန်လတွင် ကျင်းပပြုလုပ်ခဲ့ သည့် ပညာရေးညီလာခံမှရရှိသည့် ပညာရှင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ မိဘများ၊ သာသနာ ရေးဆိုင်ရာ ပုဂ္ဂိုလ်များ၊ စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာပုဂ္ဂိုလ်များ၊ နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ပညာရေးနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၏ အကြံဥာဏ် များဖြင့် ရေးဆွဲထားသည့် NNER ၏ အမျိုးသားပညာရေးမူဝါဒကို ဆက်လက် စွဲကိုင်ပြီး ပြည်သူလူထု၏ဆန္ဒ ကို အကောင်အထည်ဖော်နိုင်ရေး အတွက် ဆက်လက်ကြိုးပမ်းအားထုတ်သွား မည်ဖြစ်ကြောင်း ကြေငြာ အပ်ပါသည်။ 

ပညာရေးမူဝါဒဆိုင်ရာ လုပ်ငန်းအဖွဲ့ 
ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) 

ဆက်သွယ်ရန် Email: nner.mmr@gmail.com 
Facebook: www.facebook/NNER.mmr 











1 comments :

  1. ye win said... :

    The dark force of the current regime is planning the derailing of political flow at variety of fields. The cronies and fat cats in the government simply do not want to see the democracy with side effect of loosing their grip in economy. It is blatant insult to the public involvement. It is time to use the parliament to complaint officially and at least the complaint denial of regime fat cats will be registered officially. This letter is also registered in the national archive. We must fight for our right and follow up the results. Do not give up. I give my sincere salute to people of Burma for their indomitable courage to fight all the way to democracy. You can make a change.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved