နွမ်းလျခြင်းမှာ အဖြေရှာ

Friday, April 18, 2014

~



ရံဖန်ရံခါ လူပင်ပန်းစိတ်ပင်ပန်းတဲ့အခါ နုံးချည့်မောနွမ်းတတ်ကြတာဓမ္မတာပါ။ ဒါပေမယ့် ရံဖန်ရံခါထက် ပိုလာပြီး ဒီလိုခံစားမှုမျိုးကို မကြာခဏဖြစ်နေ တတ်တယ်ဆိုရင်တော့ သတိပြုရမယ့် အနေအထားပါပဲ။
 - 


 - 
(photo by XElimoX)


ကြီးကြီးမားမား ရောဂါတခုခုရှိရင် လူကအလိုလို နုံးချည့်နွမ်းလျနေတတ်လေ့ရှိသလို တခါတလေမှာ သာမန် ကျန်းမာရေး ပြဿနာလေးတွေကလည်း လူကိုနွမ်းမောနုံးချည့်စေတတ်တာပါပဲ။

  • အူလမ်းကြောင်းဆိုင်ရာရောဂါ

ပေါင်မုန့်၊ ကိတ်မုန့်နဲ့ စီရီယယ်တွေမှာပါဝင်တဲ့ Gluten ဓာတ်ကို ခံနိုင်ရည်မရှိသူတွေမှာ ပြင်းထန်တဲ့ ဓာတ်ပြုတုံ့ပြန်မှု ဖြစ်တတ်ပါတယ်။ သာမန်ဝမ်းလျှောတာကအစ သွေးအားနည်းတာ၊ ကိုယ်အလေးချိန် ကျလာတာတွေနဲ့အတူ မောနုံးနေတတ်ပါတယ်။ ဓာတ်ခွဲခန်းစစ်ဆေးမှုတွေပြုပြီး ကုသရတဲ့ရောဂါပါ။


  • သွေးအားနည်းရောဂါ

မောပန်းနွမ်းလျမှုနဲ့ပတ်သက်ရင်အများဆုံး ဖြစ်နိုင်ခြေရှိတဲ့ရောဂါက သံဓာတ်ချို့တဲ့ သွေးအားနည်း ရောဂါပါပဲ။ ယောင်္ကျားတွေနဲ့  သွေးဆုံးပြီးမိန်းမတွေ မှာ လူ ၂၀ ကို ၁ ယောက်လောက် ဖြစ်တတ်သလို ဓမ္မတာ လစဉ် လာနေသူ အမျိုးသမီးတွေမှာတော့ ပိုဖြစ်တတ်ပါတယ်။ ရာသီသွေး ဆင်းတာ များတတ်တဲ့ အမျိုးသမီးတွေနဲ့ ကိုယ်ဝန်ဆောင်တွေမှာဆိုရင် ပိုပြီးဖြစ်နိုင်ပါတယ်။

  • နာတာရှည်နွမ်းလျခြင်း လက္ခဏာစု

ဒါကတော့ အနည်းဆုံး ၆ လလောက်အထိ ခံစားရတတ်ပြီး ပြင်းထန်တဲ့၊ ဒုက္ခိတတယောက်လိုပဲလို့ ညည်းတွားချင်ရအောင် စိတ်ညစ်ရတဲ့ရောဂါပါ။ လည်ချောင်းနာတာ၊ ကြွက်သားနဲ့ အရိုးအဆစ်တွေ နာကျင်တာ၊ ခေါင်းကိုက်တာတွေ တွဲပြီးဖြစ်ပါတယ်။

  • အိပ်နေစဉ် အသက်ရှူရပ်သွားတတ်ခြင်း

အိပ်နေစဉ်မှာ လည်ချောင်းကျဉ်းတာ၊ ပိတ်တာကြောင့် အသက်ရှူရခက်ပြီး မကြာခဏ အနှောင့်အယှက်ဖြစ်ရတာမျိုးပါ။ ဟောက်သံ ကျယ်ကျယ်ထွက်ပြီး သွေးထဲမှာအောက်ဆီဂျင်လျော့သွားစေတဲ့ အခြေအနေပေါ့။ အသက်ရှူရခက်တော့ ခဏခဏ ပြန်နိုးရပြီး နောက်နေ့ အိပ်ရေးမ ဝနုံးချည့်နေတတ်တာမျိုးပါ။ အဝလွန်သူ သက်လတ်ပိုင်း အမျိုးသားတွေမှာ အဖြစ်များပါတယ်။ အရက်သောက်၊ ဆေးလိပ်သောက်သူတွေ ဆိုရင်တော့ ပိုဆိုးစေတတ်ပါတယ်။

  • သိုင်းရွိုက်ဂလင်း စွမ်းအင်နည်းခြင်း

သိုင်းရွိုက်ဂလင်းက ဟော်မုန်းထုတ်လုပ်မှု ကျဆင်းတဲ့အခါမှာ ဖြစ်တတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ လူက မောပန်းနွမ်းလျလွယ်လာပါတယ်။ ခန္ဓာကိုယ်အလေးချိန် တိုးလာပြီး ကြွက်သားတွေ နာကျင် ကိုက်ခဲတတ်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များပြီး အသက်ကြီးလေ ဆိုးလေပါပဲ။ ဒါကတော့ ဂရုတစိုက် ကုသမှုခံယူရမယ့်ရောဂါပါ။

  • ဆီးချိုရောဂါ

သွေးထဲမှာ သကြားဓာတ်များနေတဲ့ ဒီရောဂါမှာတော့ မောပန်းနုံးချည့်ခြင်းက အဓိက လက္ခဏာလို ဖြစ်နေတတ်ပါတယ်။ ရေငတ်လွန်တာ၊ ဆီး မကြာခဏ သွားတာ၊ ကိုယ်အလေးချိန် ကျဆင်းလာတာ တွေကြုံတွေ့ရပါလိမ့်မယ်။ ဂရုစိုက်ရမယ့် ရောဂါပါ။

  • အကျိတ်ရောင်ဖျား

ဗိုင်းရပ်စ်ပိုးတမျိုးကြောင့် ဖြစ်တတ်ပြီး အတွေ့ရများတဲ့ရောဂါတခုပါ။ အာသီးရောင်ပြီး အကျိတ်တွေပါ ရောင်တတ်ပါတယ်။ နာတာရှည် နုံးချည့် ပန်းလျနေတတ်ပါတယ်။ ဆယ်ကျော်သက်အရွယ်တွေမှာ တွေ့ရတာများပါတယ်။ ပုံမှန်လေးပတ်ကနေ ခြောက်ပတ်လောက်မှာ ကျန်တဲ့လက္ခဏာတွေ ပျောက်သွားပေမယ့် လပေါင်းများစွာ နွမ်းလျနေတတ်ပါတယ်။

  • စိတ်ကျရောဂါ

ဝမ်းနည်းပူဆွေးတာ၊ စိတ်ဓာတ်ကျတာတွေ ကလည်း ကိုယ်တွင်းမှာ စွမ်းအင်တွေ ကုန်ခန်းစေပါတယ်။ တော်တော်နဲ့ အိပ်မပျော်တာ၊ အစောကြီးနိုးနေတာတွေဖြစ်ပြီး နေ့ပိုင်းတွေမှာ နုံးချည့်နေတတ်ပါတယ်။

  • ဆေးခန်းပြသင့်တဲ့ အခြေအနေများ

အိပ်ရေးဝပါလျက် နုံးချည့်နွမ်းလျနေရင်၊ စိတ်တွေရှုပ်ထွေးနေရင် ၊ မူးဝေနေရင်၊ အမြင်အာရုံဝေ၀ါးလာရင်၊ အကြောင်းမဲ့ ကိုယ်အလေးချိန် အတက်အကျဖြစ်လာရင်၊ အလုံးအကျိတ်တွေ ပေါ်လာရင်၊ ဝမ်းချုပ်ရင်၊ ခေါင်းကိုက်၊ အိပ်မပျော်၊ စိတ်ကျအစ ရှိတဲ့လက္ခဏာတွေ  တွေ့လာရင်တော့ ကျွမ်းကျင်သူ ဆရာဝန်ထံမှာ အကြံဥာဏ်ယူရပါလိမ့်မယ်။
 
  

ဒေါက်တာသက်ဦး


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved