ဇော်ဂျီကို ဘာသာပြန်ထားတဲ့ဆိုင်

Friday, April 18, 2014

~


 

 

ရန်ကုန်မြို့၏ အေးချမ်းဆိတ်ငြိမ်သည့် ရေကန်စပ်တွင်ရှိနေသည့်  L’ALCHIMISTE ပြင်သစ် စားသောက်ဆိုင် အမည်သည် နာမည်ကျော် ဘရာဇီးစာရေးဆရာ Paulo Coelho ရဲ့ “The Alchemist” ဆိုသည့် ဝတ္ထုအမည်ကို အစွဲပြု၍ ဖြစ်ပေါ်လာခြင်းမဟုတ်ကြောင်း ဘယ်သူမှ မမေးခင် ကြိုတင်ပြောပြထားချင်ပါသည်။

ဆိုင်၏ CEO ဖြစ်သူ Francois Kenedi က ထိုအမည်သည် ရန်ကုန်မြို့မှ သူ၏ တခြားလုပ်ငန်း တခု၏ အမည်ဖြစ်သော Zawgyi House (ဇော်ဂျီအိမ်) မှ ဆင်းသက်လာခြင်းဖြစ်သည်ဟု ဆိုပါသည်။
Zawgyi House သည် ရန်ကုန်မြို့လယ်ရှိ လူသိများပြီး နေလယ်စာစာရင်း ဆုံတွေ့ကြရန်အတွက် နေရာကောင်းတခုဖြစ်သည်။

“နေရာ မတူပေမယ့် အစပိုင်းမှာ ကျနော်က ဒီနေရာကို ဇော်ဂျီလို့ခေါ်တော့ လူတွေက ရောထွေး သွားကြတယ်။ ဒါကြောင့် ဇော်ဂျီကို ဘာသာပြန်ထားတဲ့နာမည်ကို ပြောင်းလိုက်တာ” ဟု သူက ရှင်းပြသည်။

ဇော်ဂျီဆိုသည်မှာ မြန်မာရိုးရာယုံကြည်မှုအရ သဘာဝလွန် စွမ်းအားများရှိသည့် လောကီပညာရှင် တမျိုး ဖြစ်သည်။ Zawgyi House နှင့် ဆက်သွယ်မှုကို ထိန်းသိမ်းရင်း
 စားသောက်ဆိုင်သစ်၏ စရိုက်လက္ခဏာကို ပိုမို ရှင်းလင်းစေရန်အတွက် အမည်သစ်ပေးလိုက်ခြင်းဖြစ်သည်။

 


 -
(Photos: Steve Tickner/ The Irrawaddy)

အနီရောင်အုတ်များနှင့် ဆောက်လုပ်ထားသည့် Zawgyi House သည် ဗိုလ်ချုပ်အောင်ဆန်းဈေး အနီးတွင် ရှိပြီး ညနေခင်းအချိန်များတွင် ပျားပန်းခပ် လှုပ်ရှားနေသော ရန်ကုန်နေ ပြည်သူများကို
ညစာစားရင်း မြင်တွေ့ နိုင်သည့် နေရာဖြစ်သည်။
သို့သော်လည်း ရန်ကုန်မြို့တွင် အပြောင်းအလဲများ ဖြစ်လာသည့်အချိန် အနားတွင်ရှိသည့် အနီရောင်အုတ်များနှင့် ဆောက်လုပ်ထားသည့် နောက်ထပ်အဆောက်အဦဟောင်းတခုဖြစ်သော မီးရထားရုံးကြီးတွင် ပေါ်ပေါက်လာတော့မည့် ဟိုတယ်တခု၏ ဝါးမျိုခြင်းကို မကြာမီ ကြုံတွေ့ရတော့မည် ဖြစ်သည်။

“ဘာတွေဖြစ်နေတယ်ဆိုတာ အခုထက်ထိ ကျနော်တို့ သေသေချာချာ မသိသေးပါဘူး” ဟု Francois Kenedi ကပြောသည်။

မြန်မာနိုင်ငံတွင် သူနေထိုင်ခဲ့သည်မှာ ၁၃ နှစ် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ရန်ကုန်မြို့လယ်၏ တိုးတက်ပြောင်းလဲမှု များကိုလည်း မြင်တွေ့ခဲ့ရသူဖြစ်သည်။
တချို့နေရာများတွင် မြန်မာနိုင်ငံ၏ အပြောင်းအလဲများက မြန်လွန်းသည်ဟုလည်း သူကဆိုသည်။

“ဒီအတိုင်း သွားမယ်ဆိုရင် ချမ်းသာတဲ့သူတွေ ကပဲ ပိုချမ်းသာသွားပြီးတော့ ကျန်တဲ့သူ အကုန်လုံး ကဒီအတိုင်းကျန်နေခဲ့မှာပဲ” ဟု Francois Kenedi က သတိပေးပြောဆိုသည်။

ဆိုင်သည် ၁၉၃၀ ပြည့်နှစ်က ဆောက်လုပ်ခဲ့သော  ကိုလိုနီခေတ် လက်ရာအဆောက်အဦ တခုဖြစ်ပြီး အနောက်ဘက် ဥယျာဉ်က အင်းလျားကန်ဘက်သို့ ဖွင့်ထားသည်။
စားသုံးသူ ၂၀ဝ ခန့်ကို တည်ခင်းပေးနိုင်သည့် ဥယျာဉ်အတွင်း တွင် ညစာစားရင်း နေလုံးကြီးဝင်သွားသည့်မြင်ကွင်း နှင့် ဆည်းဆာကြောင့် နီမြန်းနေသော အင်းလျားရေပြင်ကို ခံစားကြည့်ရှုနိုင်သည်။
အတွင်းဘက်တွင် လူ ၆၀ ခန့် စားသောက် နိုင်ပြီး မျက်စိပသာဒအတွက် မြန်မာပန်းချီဆရာများ၏ ပန်ချီကားများဖြင့် တန်ဆာဆင်ထားရာ ပြတိုက်တခုလို စိတ်မှာ ခံစားရနိုင်သည်။
 ပြသချိတ်ဆွဲထားသည့် ပန်းချီကားများက ရောင်းချဖို့ဖြစ်သည်။

“ကျနော်တို့ တပြားမှမယူပါဘူး၊ ပန်းချီဆရာကို အားလုံးပေးလိုက်ပါတယ်”  ဟု ဆိုင်၏ ပန်းချီ ပြခန်းအတွက် ပျော်ရွှင်ကျေနပ်နေသော Francois Kenedi ကပြောသည်။

အစားအစာအတွက်မူ ပြင်သစ်စားသောက်ဆိုင်ဖြစ်သည့်အတွက် စားဖိုမှူးကလည်း ပြင်သစ်စားဖိုမှူးဖြစ်သည်။

“စားဖိုမှူးတယောက် အလိုရှိကြောင်း ပြင်သစ်ဘာသာ ဝက်ဘ်ဆိုက်မှာ ကြော်ငြာလိုက်တော့ လျှောက်လွှာတွေ အများကြီးရောက်လာတယ်” ဟု သူကပြောသည်။

သူဖွင့်ပြသော အစားအစာမီနူး၏ အောက်ခြေတွင် စားဖိုမှူး၏ အမည်နှင့်အရည်အချင်း အထောက် အထားများကို ပြင်သစ်နှင့် အင်္ဂလိပ် ၂ ဘာသာဖြင့် ဖော်ပြထားသည်ကိုတွေ့ရသည်။

 -
 
ဆိုင်တွင် Francois Kenedi နှင့် စားဖိုမှူးတို့ ၂ ဦးသာ ပြင်သစ်လူမျိုးများဖြစ်ကြပြီး ကျန်ဝန်ထမ်း အားလုံးမှာ မြန်မာများ ဖြစ်ကြသည်။
 သောကြာနေ့ ညနေခင်းလို အလုပ်များသည့် အချိန်များတွင် မီးဖိုဆောင်နှင့် စားသောက်ခန်းကို ဝန်ထမ်းများ အကြိမ်ပေါင်းများစွာ လူးလာခေါက်တုံ့ ပြေးလွှားလှုပ်ရှားကြရသည်။
ဆိုင်မှာ တည်ခင်းရောင်းချနေသော သိုးသား၊ ဆော်လမွန်ငါးနှင့် ကမာ (ခုံး) များ အပါအဝင် ဟင်းလျာများသည်  မြန်မာနိုင်ငံ တွင်းမှ ထွက်ကုန်များသာ ဖြစ်သည်။
အားနည်းသည့် အချက်တခုမှာ အမဲသားများက တခါတရံ ရှိသင့်သည်ထက် နုနေခြင်းဖြစ်ပါသည်။

အသားကင်တပွဲကို အမေရိကန် ၁၂ ဒေါ်လာ ခန့်ဖြင့် ဈေးလျှော့ရောင်းချခြင်းသည် စားသောက် ဆိုင်သစ်တခု အတွက် ကုန်ကျစရိတ်ကို မကာမိကြောင်း သိရသည်။

“ကျနော်တို့က ဈေးလျှော့ပေးထားတယ်၊ ဒါ ကြောင့် ရှေ့ဆက်သွားနိုင်ဖို့အတွက် တနေ့ကိုပျမ်းမျှ စားသုံးသူ ၆၀ လောက်ရှိဖို့လိုတယ်” ဟု  Francois Kenedi ကပြောသည်။
သူက ရေရှည်အကျိုးစီးပွားကို ရည်ရွယ်ထားသူ ဖြစ်သည်။

“Zawgyi House က ပိုက်ဆံပြန်ဝင်ဖို့အချိန် ၃ နှစ်ကြာခဲ့တယ်။ အဲဒီအချိန်တုန်းက တနှစ်ကို ကမ္ဘာလှည့် ခရီးသည် ၆၀,ဝ၀ဝ လောက်ပဲ လာတယ်။ ဒါပေမယ့် နောက်ဆုံးတော့ အဆင်ပြေအောင် လုပ်နိုင်ခဲ့ပါတယ်။
အခုဆိုရင် ဧည့်သည်တွေ ပိုပြီးတော့ လာနေပြီ။ ကျနော်က အကောင်းမြင်သမား သက်သက်ဖြစ်နိုင်ပါတယ်” ဟု
ဆိုင်၏ CEO ဖြစ်သူ Francois Kenedi က ပြောလေသည်။

ဆိုင်မွန်ရောက္ကနင်း




  • မူရင်း
L’Alchimiste Works Its Magic
http://www.irrawaddy.org/burma/magazine-lifestyle/lalchimiste-works-magic.html

  • မြန်မာဘာသာဖြင့် ဖော်ပြခြင်း
ဧရာဝတီဂျာနယ်
http://burma.irrawaddy.org/journals

  • ဆက်စပ်
ရန်ကုန်က ထွန်းသစ်စ ကော်ဖီယဉ်ကျေးမှု
http://burma.irrawaddy.org/%E1%81%80_yangon/2013/06/21/42766.html

ကန်တော်ကြီးက ခိုသားဟင်း 
http://blog.irrawaddy.org/2013/10/blog-post_9870.html



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved