လှည်းကူး ပဋိပက္ခအခြေအနေ စုစည်းတင်ပြချက်

Saturday, April 5, 2014

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကိစ္စနဲ့ ပတ်သက်ပြီး ပြန်ကြားရေး ဝန်ကြီးဋ္ဌာနက သတင်းထုတ်ပြန်ထားသလို ဧရာဝတီက ရရှိထားတဲ့ သတင်းများ စုစည်း တင်ပြလိုက်ပါတယ်။ 





ပြန်ကြားရေး ဝန်ကြီးဋ္ဌာန သတင်းထုတ်ပြန်ချက်။ 

လှည်းကူးမြို့၌ ရန်ဖြစ်ရာမှ လူငယ်တစ်ဦး၏ မျက်လုံးတွင် ပေါက်ပြဲ ဒဏ်ရာရရှိ ဖြစ်စဉ်နှင့် ပတ်သက်၍ မကျေနပ်သူ လူအုပ်စုများက ပြစ်မှု ကျူးလွန်သည်ဟု ယူဆရသူများ ပုန်းရှောင်နေသည့် နေအိမ်အား ခဲများဖြင့် ပစ်ပေါက်ခဲ့ အဆိုပါ နေရာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေး ဆောင်ရွက်ပေးထား

ရန်ကုန် ဧပြီ ၄ 

ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ်၌ ယနေ့မွန်းလွဲပိုင်းက ခိုက်ရန် ဖြစ်ပွားရာမှ လူငယ်တစ်ဦး၏ မျက်လုံးတွင် ပေါက်ပြဲ ဒဏ်ရာရရှိခဲ့သည့် အပေါ် မကျေနပ်သဖြင့် လူအုပ်စုများ က ပြစ်မှု ကျူးလွန်သည်ဟု ယူဆရသူတို့ ပုန်းရှောင်နေသည့် နေအိမ်အား ခဲများဖြင့် ပစ်ပေါက်ခဲ့ကြောင်း၊ ယခုအခါ လုံခြုံရေး တပ်ဖွဲ့ဝင် များက အဆိုပါနေရာအား ထိန်းသိမ်း ဆောင်ရွက် ပေးထားကြောင်း သိရှိရသည်။ 

ယနေ့ညနေ ၃ နာရီခွဲခန့်တွင် လှည်းကူးမြို့နယ် ဈေးကြီးရပ်ကွက် ဗန်ဒါလမ်းဈေးကြီး အရှေ့ဘက် အတွင်း မိုးကာကူရှင် ဆိုင်ပိုင်ရှင် ဦးကိုကိုလေး၏ သားနှစ်ဦးက နာရီနှင့် အပိုပစ္စည်း ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် ဦးအောင်နိုင်ဦး၏ သား မောင်သက်ပိုင်ဦးအား စကားများရန်ဖြစ်ရာမှ ကတ်ကြေးဖြင့် ထိုးသဖြင့် ဝဲဘက် မျက်လုံး ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ သို့ဖြစ်၍ မောင်သက်ပိုင်ဦးအား ရန်ကုန် ပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင် ဆေးကုသပေးလျက် ရှိကြောင်း၊ ယင်းဖြစ်ရပ်အပေါ် မကျေနပ်သဖြင့် ဈေးသူ ဈေးသား အင်အားစုများက ကတ်ကြေးဖြင့် ထိုးသည်ဟု ယူဆရသူများ ထွက်ပြေး ဝင်ရောက်သွားသည့် ဟူစင် မုန့်ဆိုင်အား ခဲများဖြင့် ဝိုင်းဝန်း ပစ်ပေါက်ခဲ့ကြောင်း၊ ညနေ ၆ နာရီခန့်တွင် ၎င်းတို့နှစ်ဦးအား လှည်းကူး မြို့မ ရဲစခန်းသို့ ခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရသည်။ 

ညနေ ၆ နာရီ ၅ မိနစ်တွင် ခဲများဖြင့် ဝိုင်းဝန်း ပစ်ပေါက်စဉ် ဝင်ရောက် တားမြစ်သူ တစ်ဦးမှာ ခဲများ ထိမှန်ပြီး နဖူးတွင် ဒဏ်ရာများ ရရှိသဖြင့် လှည်းကူး ဆေးရုံသို့ တင်ပို့ ကုသပေးခဲ့ကြောင်း သိရသည်။ 

အခင်း ဖြစ်ပွားရာနေရာသို့ ညနေ ၆ နာရီ မိနစ်၂၀ ခန့်တွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ဝင်း၊ ဦးလှသန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန် ရှိသူများ ရောက်ရှိပြီး ထိန်းသိမ်း ဆောင်ရွက်ခဲ့သဖြင့် ညနေ ၆နာရီ ၂၅မိနစ်ခန့်တွင် လူစုကွဲသွားကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက ယင်းနေရာတွင် လုံခြုံရေး ယူထားပြီး ထိန်းသိမ်း ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ 

 လှည်းကူးအခြေအနေကို ဧရာဝတီက တင်ပြခဲ့တဲ့သတင်းတွေကတော့ .. 


လှည်းကူးဈေးအနီးတွင် ရဲအင်အား ရာပေါင်းများစွားတိုးမြှင့် ( 4-4-2014 11: 43 PM)

လှည်ကူးမြို့ပေါ်တွင် ယနေ့ ဖြစ်ပွားခဲ့သော ရန်ပွဲ တခုကို အကြောင်းပြု၍ လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခ ပုံစံ ဖြစ်ပေါ်မည်ကိုစိုးရိမ်မှုကြောင့် ရဲတပ်ဖွဲ့ အင်အား ရာပေါင်းများစွာ လှည်းကူးမြို့ပေါ်တွင် လုံခြုံရေးရယူထားသည်။

ယနေ့ ည ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် လှည်းကူးဈေးအနီးတွင် ရဲတပ်ဖွဲ့ဝင် ရာပေါင်းများစွာ ရှိနေပြီး လူစုလူဝေးပုံစံ စုဝေးမှု တချို့ရှိနေကြောင်း သိရှိရသည်။

လှည်းကူးမြို့နယ်တွင် သက်ဆိုင်ရာ ဒေသန္တရ အမိန့် ပုဒ်မ ၁၈၈ ထုတ်ပြန်ထားကြောင်း၊ လတ်တလော ရရှိထားသော သတင်းအချက်အလက်များအရ လှည်းကူးမြို့ပေါ်ရှိ အိမ်တအိမ်မှ ပစ္စည်းများကို လူစုလူဝေးတခုက ၀င်ရောက်ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ အပါအ၀င် လုံခြုံရေး တာဝန်ရှိသူများ လှည်းကူးမြို့တွင် ရောက်ရှိနေပြီး အခြေအနေကို စောင့်ကြည့် ကွပ်ကဲမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။


Update News- 5-4-2014 0:05 AM

လှည်းကူးမြို့ပေါ်ရောက်ရှိနေသော လူစုလူဝေးတချို့မှာ ဒေသခံများမဟုတ်

ယနေ့ ဖြစ်ပွားခဲ့သော ရန်ပွဲတခုကို အကြောင်းပြု၍ လှည်းကူးမြို့ပေါ်တွင် ရောက်ရှိ စုဝေးနေသော လူစုလူဝေးတွင် ဒေသခံမဟုတ်သော လူအများစုပါဝင်နေကြောင်း၊ တချို့လူများသည် အရက်သေစာ သောက်စားထားသည့် ပုံစံရှိပြီး လုံခြုံရေး ယူထားသော ရဲများကို “ရဲတွေ တက်မလာနဲ့။ သေသွားချင်လား” ဟု အော်ဟစ်နေသူတချို့ ရှိနေကြောင်း သိရှိရသည်။

ဒေသခံတချို့ကမူ လူစုလူဝေးသည် လှည်းကူးမြို့ အနီးအနား ကျေးရွာများမှ လူများ ဖြစ်နိုင်သည်ဟု ဆိုသည်။ လတ်တလော အနေအထားတွင် ရဲနှင့် လူစုလူဝေးတချို့မှာ အခြေအနေတင်းမာသော အနေအ ထားဖြစ်သော်လည်း လုံထိန်းအင်အားများပြားသည့်အတွက် အေးဆေးတည်ငြိမ်သော အခြေအနေ ရှိကြောင်း သိရှိရသည်။ လှည်ကူးဒေသခံတချို့ကမူ မတည်မငြိမ်မှုများ ဖြစ်ပွားမည်ကို အလွန်စိုးရိမ်ကြ သည် ဟု ဆိုကြသည်။



Update News- 5-4-2014 0:16 AM

လှည်းကူးတွင် လူစုကွဲပြီ

ယနေ့ ဖြစ်ပွားခဲ့သော ရန်ပွဲကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော လူစုလူဝေးတချို့မှာ ညသန်းခေါင်ယံအချိန်တွင် လူစုကွဲသွားပြီး သက်ဆိုင်ရာ လုံခြုံရေးရဲတပ်ဖွဲ့များကလည်း လုံခြုံရေးတချို့ကို လမ်းမပေါ်မှ ပြန်လည်ရုပ်သိမ်းပြီး လှည်ကူးဈေးနားတွင် လုံခြုံရေးအင်အား အများဆုံး ချထားကြောင်း သိရှိရသည်။

“ရပ်ကွက်တွေထဲမှာတော့ ရဲကင်းပုန်းတွေနဲ့ လှည့်ကင်းတွေ လှည့်နေတယ်။ လမ်းမတွေပေါ်မှာတော့ လူစုကွဲသွားပြီ။ ရဲတွေ ပြန်ရုပ်သိမ်းနေပြီ။ လှည်ကူးဈေးနားမှာတော့ ရဲအင်အားအများဆုံးပဲ။ ပုံစံကြည့်ရတာ ဒီညအဖို့တော့ အခြေအနေတွေ တည်ငြိမ်မယ့်ပုံရှိပါတယ်” ဟု လှည်းကူးတွင်ရောက်ရှိနေသည့် ဧရာဝတီသတင်းထောက် ပြောသည်။


Update News 5-4-2014 0:49 AM

လှည်းကူးရန်ပွဲ အကြောင်းပြု၍လူမျိုးရေးနှင့် ဘာသာရေး အဓိကရုဏ်းဖြစ်စေရန် လှုံ့ဆော်မှုများရှိဟု NLD ပြော

လှည်းကူးဈေးတွင် ဖြစ်ပွားခဲ့သော ယနေ့ ရန်ပွဲကို အကြောင်းပြု၍ လူမျိုးရေးနှင့်ဘာသာရေး ပဋိပက္ခဖြစ်စေရန် လှုံ့ဆော်မှုများရှိနေကြောင်း လှည်းကူး NLD အဖွဲ့ဝင်တဦးက ပြောသည်။ ဧရာဝတီက မတ်လ ၅ ရက် နံနက် ၀: ၃၀ နာရီတွင် လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းထံသို့ ဆက်သွယ်မေးမြန်းရာတွင် ဦးဖြိုးမင်းသိန်းကိုယ်စား လှည်းကူးမြို့နယ် NLD ပါတီတာဝန်ခံတဦးက အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။

“ဦးဖြိုးမင်းသိန်းက အခု ပညာရေးကွန်ရက်ပွဲ(ဂီတရန်ပုံငွေပွဲ) ထဲမှာပါ။ ကျနော်က သူရဲ့ PA ပါ။ လှည်းကူး NLD ကပါ။ ဖြစ်စဉ်ကို အကုန်သိပါတယ်။ အခု လှည်းကူးကနေ ပြန်ရောက်လာတာပါ။ ကော်ဇောဆိုင် ၂ ဆိုင်။ ဗမာဆိုင်နဲ့ မွတ်စလင် ဆိုင် ပါ။ အရင်တုန်းကလည်း အဲဒီ ၂ ဆိုင်က ပြဿနာတက်လို့ ခံဝန်ထိုးခိုင်းထားရတယ်။ ဒီနေ့ကျတော့ ဖောက်သည်လုရင်း အဲဒီဆိုင် ၂ ဆိုင်က အလုပ်သမားတွေ ရန်ဖြစ်ကြတယ်။ အဲဒါက မွတ်စလင် ဆိုင်က အလုပ်သမားက ဗမာဆိုင်က အလုပ်သမားကို ကတ်ကြေးနဲ့ ထိုးလိုက်တာ မျက်လုံးအောက်က သွေးကြောတွေထိပြီး ဒဏ်ရာရတယ်။ မျက်လုံး မထိခိုက်ပေမယ့် သွေးတွေ တအား ထွက် တယ်။ အဲဒီရန်ပွဲကို အကြောင်းပြုပြီး ဆူပူမှုဖြစ်အောင် သတ်၊ ဖျက်ဆိုပြီး လှုံ့ဆော်တဲ့သူတွေ ရှိတယ်။ ၃၀ နဲ့ ၄၀ ကြားရှိတယ်။ မခံနိုင်ဘူး ချဆိုပြီး လုပ်ကြတယ်။ ရဲတွေကိုလည်း စိန်ခေါ်တယ်။ မွတ်စလင် ဆိုင်က အလုပ်သမားကို အခု ဖမ်းထားပြီးပြီ။ ဒဏ်ရာရတဲ့ ကောင်လေးကိုလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပို့လိုက်ပြီ။ သက်ဆိုင်ရာကလည်း ရဲတပ်အင်အား ၇၀၀ ကျော်လောက်ချထားတယ်။ ရန်ပွဲကို အကြောင်းပြုပြီး လှည်းကူးမှာ အဓိကရုဏ်းတွေဖြစ်အောင် လုပ်တယ်လို့ပဲ ပြောချင်တယ်” ဟု လှည်းကူး NLD ပါတီတာဝန်ခံက ဆိုသည်။
 

Breaking News- 5-4-2014 0:58 AM

ရဲတပ်ဖွဲ့ဝင်များကို လောက်လေးခွဖြင့် ပစ်ခတ်သော ဆယ်ကျော်သက် ၂ ဦး ဖမ်းဆီးခံရ

လှည်းကူးမြို့တွင် လုံခြုံရေးယူနေသော ရဲတပ်ဖွဲ့ဝင်များကို ဆယ်ကျော်သက်အရွယ် လူငယ် ၂၀ ခန့် ပါဝင်သော လူစုလူဝေး တခုက လောက်ခွများဖြင့် ပစ်ခတ်ခြင်း၊ ခဲများဖြင့် ပစ်ခတ်သဖြင့် ရဲတပ်ဖွဲ့ဝင်များက လိုက်လံ ဖမ်းဆီးရာ လူငယ် ၂ ဦး ဖမ်ဆီးရမိကြောင်း လှည်းကူးတွင် ရောက်ရှိနေသော ဧရာဝတီသတင်းထောက်က ပြောသည်။

“ဆယ်ကျော်သက်တွေ ၂၀ နဲ့ ၃၀ ကြားရှိမယ်။ ၁၄ နှစ် ၊ ၁၅ နှစ်လေးတွေ ။ လက်ထဲမှာလည်း လေးခွ၊ တုတ်တွေ ကိုင်ထားတယ်။ တချို့ကလေးတွေဆိုရင် တော်တော်ကို ငယ်တယ်။ ကလေးမှ တကယ် ကလေးလေးတွေ။ သူတို့တွေက ရဲတွေနားသွားလိုက် ပစ်တာ၊ ခတ်တာလုပ်တယ်။ အခုတော့ ၂ ယောက် ဖမ်းထားတယ်။ သူတို့လေးတွေပဲ လမ်းပေါ်မှာရှိတော့တယ်။ လတ်တလောထိတော့ ဆိုးဆိုးဝါးဝါးကြီး ဘာမှ မဖြစ်တော့ဘူး။ လုံခြုံရေး အင်အားကလည်း နိုင်နင်းတယ်တဲ့ပုံပဲ” ဟု ဧရာဝတီသတင်းထောက်က ပြောသည်။
 







1 comments :

  1. Ye Win said... :

    Credit must be given to NLD member and dutiful citizen of Burma, Mr. Responsibility. He gave full account of what had happened in Hlegu. We all must guard our town and city against the dark agents of Than Shwe/ Thein Sein spoiling out democracy procedures. Be Vigilant against the dark forces.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved