ဆရာကြီး ဦးဝင်းတင်၏ နောက်ဆုံး ခရီးသို့ ဂါရဝ ပြုခြင်း (မိုးသီးဇွန်)

Friday, April 25, 2014

ဥဒါန်း 

'' သားလု တာ အလျော့ပေးလို့ ရတယ်။ အမေ လုတာ အလျော့ပေးလို့ မရဘူး '' 

( ဟံသာဝတီ ဦးဝင်းတင်) 





ဆရာကြီး ဦးဝင်းတင်ကို ခမ်းခမ်းနားနား လူထုဈာပန ဖြစ်စေချင်တာ ကျနော်ဆန္ဒပါ။ တတ်နိင် ရင် သူ့ခန္ဓာ ကိုယ် ယုဒဿန် ခန်းမမှာ လူထုဈာပန အဖြစ် ကျင်းပချင်ပါတယ်။ ယုဒဿန်ခန်းမက သိက္ခာတော်ရ ဆရာတော်ကလည်း ခွင့်ပြုပါတယ်။

ဒါပေမဲ့ ကျနော်ဆန္ဒမပြည့်ဝခဲ့ဘူးပေါ့နော်။ တကယ်ကဆရာကြီးအလောင်းကို မိုးပြာရောင်ပိတ်ပတ်ပြီး ဧရာဝတီမြစ်ကမ်းပါးတွင် ဈာပန အခန်းနား ကျင်းပချင်ပါတယ်။ 

ဆရာကြီးအတွက်အမှတ်တရဂူဗိမာန်ကိုလဲ တစ်နေ့နေ့တစ်နေရာမှာတော့ ဖြစ်အောင်ကျနော် တို့  ကြိုးပမ်း ရပါမယ်။ 

(၁) ရေဖြင့် ကန် တော့ခြင်း ဆရာ ကြီး ရုပ်ကလပ်ကိုရေဝေးက ရေခဲတိုက်ကို သွင်းတော့ ကျနော်လိုက်ဝင် သွားမိတယ်။ ကျနော် ရင်ထဲမှာ ဆရာကြီးကို ဂါရ၀ပြုဖြစ်စေချင်တဲ့ ဆန္ဒတွေက လွှမ်းမိုနေပါတယ်။ ပူလောင်နေပါတယ်။ ဆွေမျိုးတွေ နောက်ဆုံးဂါရ၀ပြုပြီးတော့ ၀န်ထမ်းများကရေချိုးပေးဖို့ စီစဉ်တော့ အားလုံးထွက် သွားကြပါတယ်။ ရေချိုးခန်းမှာဘယ်သူမှမရှိတော့ပါ ။ ကျနော်ထင်ထားတာက တမျိုးပါ။ 

ဆရာကြီးကို ရဲဘော်တွေကရေးချိုး၊ အမွေးနံသာ လိမ်းကျံပေးကြမယ်လို့ ထင်ပါတယ်။ ရေချိုးခန်းထဲမှာ သုသာန် ၀န်ထမ်းတချို့ ကိုသာ တွေ့ ရပါတယ်။ လူငယ်တချို့ ကိုတွေ့ ရတယ်။ လူတွေက ပူဆွေး
သောကရောက်နေကြတဲ့အတွက် ဘာလုပ်ရမှန်းမသိဖြစ်နေကြတဲ့အတွက် ဆရာကြီးအလောင်းကို 
ရေချိုးဖို့ အတွက်မေ့သွားကြတယ်လို့ ထင်တယ်။ 

ကျနော်နဲ့အတူပါလာတဲ့ ရဲဘော်တွေလည်း  ကျနော့်အနားမှာ တစ်ဦးမှ မကျန်ခဲ့ကြပါ။ ကျနော်သာ ကျန်ခဲ့ပါတယ်။ ဆရာကြီးရုပ်ကလပ်ကို ရေချိုးဖို့တင်လိုက်တော့သုဿန်ရဲ့ ရေချိုးခန်းက သန့် ရှင်းမှုနည်းလှ တယ်။ ဆင်းရဲလွန်းလှပါတယ်။ ဆပ်ပြာတုံးအဟောင်းတစ်တုံး၊ ညစ်ပတ်နေတဲ့ ပလပ်စတိတ် ရေတိုင်ကီ
တွေ ကို ကျနော် မခံစားနိင်ပါ။ 

ဆရာကြီးဆေးရုံတက်စဉ်ကလဲ ဆေးရုံကို ကျနော်ရောက်ပါတယ်။ ဆေးရုံကြီးကကလဲ တော်တော့်ကို ညစ်ပတ် ပါတယ်။ သန့် ရှင်းမှု အဆင့်အတန်းက တော်တော်ကို ကျဆင်းနေပါတယ်။ ရေဝေးသုသန်ဆိုတော့ စဉ်းစားသာ ကြည့်ပါ။ 

ဆရာကြီးရုပ်အလောင်းကိုအမွေးနံသာတွေနဲ့ကျနော်ရေချိုးပေးခြင်ပါတယ်။ ပန်းတွေဝေနေစေချင် တယ်။ဆရာကြီးကိုချစ်မြတ်နိုးမှုလူတိုင်းရှိတယ်။ ကျနော်နေရာမှာ တခြားသူတဦးဆိုလဲ ဒီလိုပဲ လုပ်မှာ ပဲ။ ဒီလိုဂါရ၀ပြုမိမှာပဲ။ ဒါမှားသလား။ ကျနော်စိတ်မှာ ဘယ်လို့ မှမခံစားနိင်တော့ဘူး။ ဒါနဲ့ ရေခွက်ကိုယူပြီး ဆရာကြီးကိုရေချိုးပေးလိုက်မိပါတယ်။

အရင်ဆုံး ဆရာကြီးခေါင်းကိုလျှော် ပေးမိပါတယ်။ နောက်တော့မျက်နှာသစ်ပေးတယ်။နောက်တော့ ခန္ဒာကိုယ်။ ဆရာကြီးခန္ဒာကိုယ်ကပူနွေးနေတုန်း။ ကျက်သရေရှိနေတုံး။ တည်ကြည်နေတုံး။ ပြုံးရီနေတုံး။ ကျနော်ကို ခွန်အားတွေပေးနေတုန်းဖြစ်ပါတယ်။ 

ကျနော်စိတ်ထဲမှာတော့အသက်ရှင်နေတဲ့ဆရာကြီးကို နှစ်သစ်ကူးမှာရေ ကန်တော့နေရ သလိုကြည်နူး လာတယ်။ ကျနော်စိတ်ထဲမှာရေတွေက အေးမြကြည်လင်လာတယ်။ ညစ်ပတ်နေတဲ့ရေတိုင်ကီအပြာကြီးက ၀င်းဝင်း ပပဖြစ်လာတယ်။ ရေခွက်ကသန့်ရှင်းလာတယ်။ 

ရုပ်အလောင်းကိုတင်ထားတဲ့ အလူမီနီယံ ခုံကြီးက မြကျောက်ဖြာလို ဖြစ်လာတယ်။ အခန်းထဲမှာ အမွေးနံတွေမွေးလာသလိုခံစားရပါတယ်။ ခြင်္သေမင်းက ၀ိညဉ်ကင်းမဲ့နေသော်လည်း ရဲရင့်တည်ကြည်မှု ဘယ်တော့ မပျောက်သွားပါတကား။ ဆရာကြီးအတွက် ကျနော်လုပ်ပေးနိင်တာ ဒါပဲလားလို့  တွေးမိတယ်။ ရှက်မိတယ်။ မျက်ရည်ကျမိတယ်။ 

ဆရာကြီးရုပ်အလောင်းကို ကျနော် ရေချိုးပေးရမယ်လို့ကျနော်မစဉ်းစားမိပါ။ မသိပါ။ သို့ သော် ဆရာကြီးကိုရေချိုးပေးဖို့ ကျနော်လာရသလိုဖြစ်သွားခဲ့ပါတယ်။ ကျနော်ပိတိဖြစ်ပါတယ်။ 

 (၂ ) ဓါတ်ပုံ ကျနော်ဆရာကြီးခေါင်းကိုစတင်လျော်ပေးနေချိန်မှာကလေးတချို့က တယ်လီဖုံးများနဲ့ဓါတ်ပုံ ရိုက်လိုက်ကြတဲ့အတွက် ကျနော်ချက်ချင်းတားလိုက်ပါတယ်။သူတို့ လဲရပ်လိုက်ကြပါတယ်။ မတင်ဖို့ သတိပေးလိုက်ပါတယ်။ 

သို့သော်အင်တာနက်မှာဓါတ်ပုံ တချိုတွေ့လိုက်ရပါတယ်။ ပြန်ဖြုတ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ ဓါတ်ပုံ တင် မိသူ များကလဲ ဆရာကြီးကို အဂါရ၀ လုပ်ချင်တာ မဟုတ်ဘူးဆိုတာကိုလည်း ယုံကြည်ပါတယ်။ 

ကျနော်တို့အင်တာနက်မှာလူတချို့က ဆဲထားတယ်လို့ လာပြောကြပါတယ်။ ကျနော်တို့ ချစ်ခင်တဲ့ ဆရာကြီးကို ပြုစုခွင့်ကို အဆဲဆိုခံပြီး ရလိုက်တာပဲလို့ အောင်းမေ့မိတယ်။ ထိုက်တန်လှပါပေတယ်။ ကျနော်ခံပါမည်။ 

 ( ၃) ကိုစိန်လှိုင် နဲ့  မောင်ကို 

ဆရာကြီးဆုံးသွားတဲ့မနက်အစောကြီးမှာ ဆေးရုံကြီးကို အမြန်လိုက်ခဲ့ဖို့ ကို မောင်ကိုက ကျနော့်ကို ဖုံးဆက်
ခေါ်ပါတယ်။ သူအသံက ကြေကွဲစို့  နစ်နေတယ်။ သူက အလောင်းကို ရေဝေးကို သယ်ကြတော့မယ်ဗျာ ခင်ဗျား လာပြောပါဦး ။ ရေဝေးကို မသယ်စေချင်ဘူး လို့  သူပြောပါတယ်။ 

သူကဆရာကြီးအလောင်းကိုခုလိုချက်ခြင်းသယ်သွားတာကို ခံစားနေရတယ်။ကျနော်ရောက်သွားတော့ သူလိုပဲ ကိုစိန်လှိုင် နဲ့  ရဲဘော်တွေ စိတ်မကောင်းကြီးစွာခံစားနေတာကို တွေ့ ရတယ်။   

ဒေါ်ခင်ကြည် ဈာပန၊ ဆရာကြီး တင်မိုးဈာပန၊ ဆရာကြီး ဒဂုံတာရာ ဈာပနတွေလို ခမ်းနား စေချင်ပါတယ်။

ဒီပုဂ္ဂိုလ်ကြီးများရဲ့ ဈာပနတွေမှာ ကျနော်ပါခဲ့ပါတယ်။ ၁၉၈၉ ဒေါ်ခင်ကြည်ဈာပန ကို အာဏာပိုင်များက လမ်းလျောက်မပို့ ရဟု အမိန့် ထုတ်ပါတယ်။ ဖမ်းမလိုလို စီးမလိုလို သတင်းများပျံ့နေတယ်။ 

သို့ သော်ကျနော်တို့  ဒေါ်ခင်ကြည်ရုပ်အလောင်းကိုစစ်သားများကိုဖယ်ရှားခဲ့တယ်။ လှည်းတန်းမှ သည်
ရွှေတိဂုံ တောင်ဖက်မုဒ်ဆီသို့ လမ်းလျောက် ချီတက်ဂါရ၀ပြုခဲ့ကြ။ 

ကျောင်းသားတွေ ချီတက်လာတာကိုမြင်ရတော့ ဆရာကြီး ဦးတင်မိုးက သူတို့ မသေပါလား ဆိုတဲ့ကဗျာ ရှည်တပုဒ်ကိုရေးဖွဲ့ ပြီးတော့ပင်ကျနော်တို့ ကိုဂုဏ်ပြုခဲ့ပါတယ်။ 

(၄) ကိုမျိုးမင်း 

ကျနော်မြန်မာပြည်ပြန်အရောက်မှာ ရုပ်အလောင်းကိုရေချိုးပေးရတာ ၂ ကြိမ်ကြုံခဲ့ရပါတယ်။ မထင်မှတ်ပဲ လုပ်ပေးခဲ့ရခြင်းဖြစ်ပါတယ်။ 

ပထမအကြိမ်က ကိုမျိုးမင်း ဆုံးစဉ်ကပါ။

ဒုတိယအကြိမ်ကဆရာကြီးဦးဝင်းတင်ဖြစ်သွားရပါတယ်။ 

ကိုမျိုးမင်းက ကျနော်တို့  ၈၈ ကတည်းက အတူ အလုပ် လုပ်ခဲ့တဲ့ ရဲဘော်တစ်ဦးဖြစ်ပါတယ်။ သူ့မိသားစုက ချမ်းသာပါတယ်။ ယခင်ကရွှေတောင်ကြား မှာနေပါတယ်။ စစ်အစိုးရလက်ထက်မှာ သူတို့ မိသားစု စီးပွားရေးကို ထိခိုက် သွားခဲ့ရပါတယ်။

မိသားတစုလုံးရဲ့  ဒီမိုကရေစီအရေးပေါ် အားပေးထောက်ခံမှုကြောင့်ဖြစ်ပါတယ်။ ယခုပါရမီ မှာနေပါတယ်။ သူဆုံးသွားတဲ့ မနက်အစောကြီးမှာသူအိမ်က ကျန်ရစ်သူ မိသားစုများက ကျနော့် ကို ဖုံးဆက်ခေါ်တဲ့အတွက် ကျနော် ထသွားပါတယ်။

ဟိုရောက်တော့ချက်ခြင်းသဂြိုလ်ချင်တယ်ပြောပါတယ်။ အိမ်ကိုရောက်သွားတော့ အသက်အရွက်ကြီး ရင့်နေတဲ့ သူမိခင်၊ ဖခင်၊ ဇနီး၊ တူမလေးများနဲ့  ကလေးများသာရှိပါတယ်။ 

ယောက်ကျား အရင့်မကြီးဆိုလို့ ကျနော်သာရှိပါ တယ်။ 

ကိုမျိုးမင်းမိခင်ကလဲ ကျနော်တို့ ကိုသားလိုချစ်ပါတယ်။ ကျနော်တို့ ကလဲ မာမီလို့သာ ခေါ်ပါတယ်။ ကိုမျိုးမင်းကို အလွန်ချစ်ပါတယ်။ ကိုမျိုးမင်းနဲ့ သူ့ ပထမ အိမ်ထောင်ပါ ထောင်ကျတယ်။ နစ်ရှည်ကျကြ ပါတယ်။ ကိုမျိုးမင်းက Dream bed ပေါ်မှာခွေခွေလေးသေဆုံးနေရှာ ပါတယ်။ ကျနော်စိတ်မကောင်းပါ။

မာမီ ဘာလုပ်ချင်သလဲဆိုတော့ အလောင်းကိုရေချိုးပြီး ပြင်ပေးပါလို့ ပြောတဲ့ အတွက် ကျနော်ရေချိုး
ပေးလိုက်ရပါတယ်။ 

ကျနော့် သူငယ်ချင်း၊ကျနော်ရဲဘော်၊ ဒီမိုကရေစီ အရေးတော်ပုံ တပ်သားတစ်ဦး၊ ကျရာ တာဝန်ကို ထမ်းဆောင်ခဲ့သူ၊ သူအခုကျနော်ကို ထာဝရနှုတ်ဆက်သွားခဲ့လေပြီ။ ကျနော်ကိုယ်တိုင်ပဲ ရေချိုးပေးခဲ့ပါတယ်။ 

(၅) ခေါင်းဆောင်များဈာပန ကျနော်တို့တိုင်းပြည်က ဆင်းရဲလွန်းသွားတဲ့အတွက် အသိပညာတွေလဲနိမ့်ကျ၊ ကျင့်ဝတ်တွေလဲနိမ့်ကျ၊ ယဉ်ကျေးမှုတွေလဲနိမ့်ကျသွားပါတယ်။ 

ဧရာဝတီသတင်းဌာနက ကိုအောင်ဇော့်စကားနဲ့ ပြောရရင်တော့ ဆရာကြီးဟာမြန်မာပြည်ရဲ့ မန်ဒဲလားလို ပုဂ္ဂိလ်ကြီးဖြစ်ပါတယ်။

ခန်းနားစွာဂုဏ်ပြုပေးရမှာကျနော်တို့ရှင်သန်ကျန်နေသူများရဲ့ထုံးတမ်းဖြစ်ပါတယ်။ ဆရာကြီးဦးဝင်းတင်လို ပုဂ္ဂိုလ်ကိုတောင်မှ ကျနော်တို့ခမ်းနားစွာ ဂုဏ်မပြုနိင်ခဲ့ရင်ကျန်ရှိနေသေးသော ခေါင်းဆောင် များလဲ
ရေဝေးမှာပဲအဆုံးသတ်ကြမယ်ဆိုတာကို သတိပေးလိုပါတယ်။ 

 ကျနော်တို့ နိင်ငံမှာဒီလိုပုဂ္ဂိုလ်တွေ ကွယ်လွန်သွားတဲ့အခါမှာ လုပ်ပေးရမဲ့ လုပ်ရိုးလုပ်ထုံး Ritual Protocol တွေ State Funeral Producers ကို မသိကြတော့ပါ။ လင်ကွန်း၊ လီနင် ၊ မော်စီတုံး၊ ဟိုချိမင်း၊ ကနေဒီ၊ ဒိုင်ယာနာတို့ ကွယ်လွန်သွားချိန်မှာသူတို့ ရုပ်အလောင်းတွေကို ဘယ်လိုပြင်ဆင်ကြတယ်။ ဘယ်လိုစီစဉ်ကြတယ်ဆိုတဲ့အကြောင်းတွေကိုကျနော်ဖတ်ဖူးပါတယ်။

 သူတို့ ရေချိုးပေးတဲ့အချိန်မှစ၊အ၀တ်စားလဲပုံ၊အခေါင်းဒီဇိုင်းကိုရွေးပုံ၊ ပန်းခြင်းများချပုံ၊ sitting plans များသတ်မှတ်ပုံ၊ အခေါင်းနားတွင် ထွန်းမည့် မီးလုံး၊ မီးအားကိုသတ်မှတ်ရပုံ လူထုဂါရပြုပွဲကိုစီစဉ်ပုံတွေကို မှတ်တမ်းထားရှိပါတယ်။

 စာအုပ်စာတန်းတွေပြုစုရေးသား ခဲ့ကြပါတယ်။ မော်စီတုံးကွယ်လွန်ချိန်မှာတရုပ်ပြည်ခေါင်းဆောင်များက ဘယ်လိုစီမံရမယ်ဆိုတာကို မသိကြတဲ့အတွက် ဗီယက်နမ်ကွန်မြူနစ်ပါတီခေါင်းဆောင်တွေဆီကို ညတွင်းချင်း သွားမေးရပုံ တွေပါရှိပါတယ်။ 

ဟိုချီမင်းကွယ်လွန်ချိန်က ဘယ်လိုလုပ်ပေးခဲ့သလဲဆိုတာကိုသွားမေးကြခြင်း ဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းဖြစ်ရပ်တွေမှာ လူမျိုးတမျိုးက လူမျိုးတမျိုးကို ကျွန်ပြုလေ့ရှိတယ်။ 

တနည်းအား ဖြင့်ပြောရရင်ယဉ်ကျေးမှု မြင့်တဲ့လူမျိုးက ယဉ်ကျေးမှုနိမ့်တဲ့လူမျိုးကို ကျွန်ပြုသွားခြင်းဖြစ် ပါတယ်။ 

ယဉ်ကျေးမှုဆိုတဲ့နေရာမှာ မွေးဖွားခြင်း (Birth) ၊ ထိမ်းမြှားခြင်း ( Marriage ) နဲ့ သေဆုံးခြင်း ( Death) 
တွေမှာ ပြုလုပ်တဲ့ ရည်မှန်းချက်နဲ့  နည်းလမ်းတွေက လူအဖွဲ့စည်း အတွက် တိုးတက်ကြီးပွားမှု၊ ခွန်အား၊ ဥာဏ်အားနဲ့ ကျင့်ဝတ်တွေကိုသခန်းစာပေးသလဲပေါ် မူတည်နေပါတယ်။ 

 ( ၆) မာနယ်ပုလောစစ်ဆင်ရေးတုံးက ကျဆုံးရဲဘော်တွေကို ညဖက် ကျနော်ကိုယ်တိုင်
ရေးချိုး ပေးဖူးတယ်။ စစ်ယူနီဖေါင်းအသစ်တစုံကိုဝတ်ပေးခဲ့တယ်။ 

ကျနော်အတွေ့ အကြုံအရ ရုပ်အလောင်းများကို အကျီဝတ်ပေးရတာ အခက်ခဲဆုံးဖြစ်ပါတယ်။သို့ သော် ရအောင် ၀တ်ပေးကြရပါတယ်။ အလောင်းတွေကိုအကျီဝတ်ပေးရတဲ့နည်းရှိပါတယ်။ ညဖက်ကျမှ အလောင်းတွေကိုရေချိုးရတာကတော့ တိုက်ပွဲတွေပြင်းထန်နေလို့ ပါ။ 

မနက်ဝေလီဝေလင်းမှာစစ်အခမ်းအနားနဲ့  ဈာပန လုပ်ပေးခဲ့တာ ပြန်မြင်ယောင်မိတယ်။ ကျနော်တို့ ဘယ်ရဲဘော်ကို မှ ပြစ်စလက်ခတ် မသဂြိုလ်ခဲ့ပါ။ 

ကျနော်တို့တော်လှန်ရေး အဖွဲ့ စည်းများမှာ ရဲဘော်ကျင့်ဝတ်တခုက တိုက်ပွဲတွင်း ရဲဘော်ကျဆုံးပါက ရဲဘော်ရဲ့ အလောင်းကိုရအောင်ယူခဲ့ဖို့ ဖြစ်ပါတယ်။ အလောင်းကိုကောင်းမွန်စွာသဂြိုလ်ဖို့ဖြစ်ပါတယ်။ ခက်ခက်ခဲခဲပြန်သယ်ခဲ့ရတဲ့အလောင်းများစွာရှိခဲ့ပါတယ်။ 

( ၇) ၈၈ ဇွန်လ ကျဆုံး အာဇာနည် အလောင်း 

၁၉၈၈ ခုနစ်ဇွန်လ ပြည်လမ်းမမှာ ပထမ ဆုံး ကျောင်သား အလောင်း ကို လဲ ကျနော်တို့  မထားပြစ်ခဲ့ပါ။ အလောင်းကိုတင်ပြီး ပြည်သူလူထုကို ကားနဲ့လှည့်ပြခဲ့တယ်။ ရအောင် ကောက်ပြီးရေခဲတိုက်သို့ ပို့ ခဲ့ပါ တယ်။ ၈၈ ကိုမှီသူများသိနိင်ပါတယ်။ 

ဒီမိုကရေစီလှုပ်ရှားမှုကြီးအတွင်း ကျဆုံးသွားသောရဲဘော်တွေထောင်နဲ့ ချီဖြစ်နေပြီဖြစ်ပါ တယ်။ သူတို့ အားလုံးအတွက် အမေရိကန် စစ်သချိုင်းလို ဗိမာန်တခု လိုအပ်နေပြီလို့မြင်ပါတယ်။ 

၈၈ မှာကျဆုံးခဲ့သူများထောင်နဲ့ ချီရှိပါတယ်။ ထောင်တွင်းနဲ့ ထောင်ပြင်ပကျန်းမာရေးထိခိုက်ပြီး ကျဆုံးသူ များ စွာရှိနေတယ်။

အေဘီအက်စ်ဒီအက်ဖ် တခုတည်း ကျဆုံးသူ အင်အား ၇ ရာနီးပါး ရှိပါတယ်။ 

ဒီထက်ပိုပြီးလေးလေး နက်နက် စဉ်းစား လုပ်ဆောင်သင့်တာကတော့ နိင်ငံရေးပဋိပက္ခအတွင်း ဘက်နှစ်ဖက်စလုံးမှာ ကျဆုံးသူတွေအတွက် ငြိမ်းချမ်းရေး ဂူဗိမာန် တခုအထိပါ ကျနော်တို့  လုပ်ရဦးမယ်။ 

(၈) တော်လှန်တဲ့ ၈၈ စိတ်ဓါတ် အဓွန့် ရှည်ပါစေ၊ လှိုင်း စီးသူတွေ ကျဆုံးပါစေ 

ကျဆုံးသွားသော ရဲဘော်များ အလောင်းဟာ ၀ိညဉ်ကင်းမဲ့နေပေမယ့် ကျက်သရေရှိ နေကြ ပါတယ်။ 

ဆရာကြီး ဦးဝင်းတင်နဲ့ တကွ ကျဆုံး သွားသော အာဇာနည်များ ကောင်းရာ သုဂတိသို့ လားပါစေ ။ 


မိုးသီးဇွန် ~

၂၄.၄.၂၀၁၄ 









0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved