ဂစ်တာအိုနှင့် ကျနော်

Thursday, April 17, 2014

အလုပ်လေးရက် ပိတ်ချိန်တွင် အိပ်လိုက် စားလိုက်နှင့် အတော်လေး ဇိမ်ကျလှသော်လည်း ညစ်ပတ် ရှုပ်ပွနေသော ကျနော်တို့ နေအိမ်ကိုတော့ ရှင်းဖြစ်အောင် ရှင်းလိုက်ရသည်။ တော်ကြာ စပါးကြီးမြွေပါ တက်နေဦးမည်။ အဘယ်ကြောင့် ဆိုသော် ကျနော်တို့နေသော အရပ်ဒေသသည် အခြားမြွေတွေ များ မများတော့ မသိ။ စပါးကြီးမြွေကတော့ အလွန်ပေါသည်။

ဟော ... တွေ့ပြန်ပြီတစ်ကောင် ... ဟော ... မနက်လေးနာရီလောက် အလုပ်သွားချိန် လမ်းမှာ ကန့်လန့်ဖြတ်ကြီးနဲ့ တွေ့ပြန်ပြီတစ်ကောင် ... ဟော ... ရေကန်က အပြန် ... လမ်းဘေး ခြုံထဲမှာ ဖမ်းနေကြပြန်ပြီ တစ်ကောင်၊ အမျိုးမျိုး သတင်းကြားနေရသည်။ အိမ်သန့်ရှင်းရေး လုပ်ရမှာနဲ့ မီးဖိုချောင်ထဲ ၀င်ရမယ့် အလုပ်ဟာ ကမ္ဘာပေါ်မှာ ကျနော့်ရဲ့  အပျင်းဆုံးနဲ့ စိတ်မရှည်ဆုံး အလုပ်ပါပဲ။ ဒါပေမယ့် အဲဒီ သတ္တ၀ါကြီးများကို ကြောက်တာနဲ့ အိမ်က ချာတိတ် ကောင်လေးတွေကို ဆူညံ ပူညံလုပ်ပြီး ကြွက်သိုက်လို ဖြစ်နေတဲ့အိမ်ကို ရှင်းလိုက်ရသည်။

စက္ကူပုံး၊ ပလပ်စတစ်၊ စက္ကူအစုတ်၊ ဖတ်ပြီးသား ဂျာနယ် မဂ္ဂဇင်းနဲ့ အခြားစာစောင်တွေ၊ အ၀တ်စုတ်၊ ကြွက်သိုက်၊ ကြောင်မွေးနဲ့ ခွေးမွေးတွေ။ စဉ်းစားသာ ကြည့်ပေတော့ ... ဘယ်လောက် နေချင်စဖွယ် ကောင်းသလဲလို့။ အဲ ... ဒါပေမယ့် ... အိပ်တဲ့ အခန်းထဲမှာတော့ မဟုတ်ဘူးပါ။ အထူး ဧည့်သည်တွေကို ဧည့်ခံဖို့ ဧည့်ခန်းနဲ့ အချို့သော တချို့သော နေရာတွေမှာပင် ဖြစ်ပါသည်။

ရှင်းနေရင်း ရှင်းနေရင် အခန်းထောင့် တစ်နေရာမှာ ဖုန်တွေ အလိမ်းလိမ်းတက်ပြီး ကြိုးတွေပြတ်နေတဲ့ ကျနော့်ရဲ့ ဂစ်တာအိုကြီးကို ပြန်တွေ့လိုက်ရသည်။ ရင်ထဲမှာ နင့်ခနဲနေအောင် မပြောပြနိုင်လောက်သော ဝေဒနာများကို ခံစားရမိလိုက်သည်။ ခုမှ သတိရသည်။ သူ့ကို ကျနော် ပစ်ထားသည်မှာ နှစ်အတော်အတန် ကြာခဲ့ပြီပဲ။ သူ့ရဲ့ ကျေးဇူးများ ကျနော့် အပေါ်တွင် မပြောပြနိုင်လောက်အောင် ရှိခဲ့ဖူးသည်။

တချိန်က သူသည် ကျနော် စိတ်ရိုင်း ၀င်လာလျှင် စိတ်အာရုံ နောက်လျှာင် စိတ်တည်ငြိမ်အောင် သူ ထိန်းကျောင်း ဖျောင်းဖြပေးခဲ့သည်၊ အနုပညာနှင့် ဝေးကွာသည့် ကျနော့်အား ဂီတအနုပညာကို ခံစားတတ်အောင်၊ သီချင်းဆိုရာတွင် ငှက်ကလေးများလောက်ပင် အသုံးမကျသော ကျနော့်ကို သီချင်းတွေ သီချင်းဆို တတ်လာအောင် မြောက်များစွာသော အတွေ့အကြုံများကို သူ သွန်သင်ပေးခဲ့ဖူးသည်။ သူကြောင့်ပင် ကြမ်းတမ်းလှသော ကျနော့် စိတ်စရိုက် ကျနော့် လက်ချောင်း ကလေးများသည် နူးညံ့ပျော့ပျောင်း သွားခဲ့ရသည်။ သူ့ကြောင့်ပင် ကျနော် လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းနှင့် ပိုမိုထိတွေ့ခွင့် ရခဲ့သည်။

ကျနော်ဘာကြောင့် ကျေးဇူးမျက်နှာကို မထောက်ထား မညှာတာဘဲ သူ့ကို ချောင်ထိုး ခဲ့မိပါလိမ့်။ အသေအချာ ပြန်စဉ်းစား မိသေးသည်။ စဉ်းစား၍မရ ... ဘယ်လိုမှ စဉ်းစား၍မရပါ ... သေချာတာ တစ်ခုက ကျနော် လူငယ်ပီပီ အပျော်ကျူးလွန်ခဲ့တာ ဖြစ်နိုင်သည်။ အဟောင်းသွား အသစ်လာ၊ အသစ်မြင် အဟောင်းမေ့သွားတာလဲ ဖြစ်နိုင်သည်။ ဂစ်တာအိုကြီးကို ကျနော် အ၀တ်တစ်ခုဖြင့် ဖုန်များကိုခါ၊ ကြိုးအဟောင်းများကိုဖြုတ်၊ ဂစ်တာ တစ်လုံးလုံးကို ပြောင်နေအောင် ပွတ်တိုက် လိုက်သောအခါ သူ၏ ခန့်ညား ထည်ဝါသော သွင်ပြင်သည် ရုပ်လုံးပေါ်လာတော့သည်။

သို့သော် ဂစ်တာအိုးထဲတွင် “ဂလောက် ... ဂလောက်” နှင့် အသံမြည်သည်ကို ကျနော် ဘ၀င်မကျ၊ ထို့ကြောင့် အထဲသို့ ချောင်းကြည့် လိုက်သည်။ ထိုအခါ ဂစ်တာကြိုးခတ်သည့် Plectrum များ၊ သီချင်းစာအုပ်နှင့် ဂစ်တာကြိုး အဟောင်း မြောက်များစွာကို တွေ့လိုက်ရသည်။

၎င်းအရာများကို တွေ့မြင်လိုက်ရမှပင် ကျနော့်၏ အတွေးများသည် ဂစ်တာသင်ခါစ အသက် ၁၈ နှစ်ဝန်းကျင် အရွယ်သို့ ပြန်ရောက် သွားသည်။ ကျနော့် အနောက်တွင် အခန်းရှင်းနေကြသည့် အိမ်မှ ကလေးများကတော့ ကျနော့်အား မျက်စောင်းထိုး၍ မေးငေါ့ပြီး “စဂေါက်တော့မယ်” ဟု ပြောမည်မှာ မုချမလွဲပင်။ ဘာဖြစ်ဖြစ် ကျနော် သူတို့ကျနော် ကရုမစိုက်၊ ကျနော်သာ သည်ဂီတာ အိုကြီးကို ကျေးဇူးကန်းစွာ ချောင်ဆက်ထိုး ထားခဲ့ဦးမည် ဆိုပါလျှင် ...

အဉ္ဇလီ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved