စစ်သား၂ဦးပါဝင်တဲ့လူသတ်မှု တနှစ်ကျော်ပေမယ့်အဖြေမထွက်

Friday, May 23, 2014

 ~




  ~

ပြည်မြို့ နဝဒေးတံတားအောက်တွင် လူသတ်မှု၊ လုယက်မှု ကျူးလွန်သည့် စစ်သားနှစ်ဦးကို အရေးယူရန်  အာဏာပိုင်တို့ပျက်ကွက်နေသည်မှာ တနှစ်ကျော်လာပြီဖြစ်သောကြောင့်
အမှန်တရားပေါ်ပေါက်ရေးအတွက် အမြန်ဆုံးဆောင်ရွက်ပေးရန် ဒေသခံတို့က ယနေ့ ချီတက်ဆန္ဒပြ တောင်းဆိုကြသည်။

တရားဥပဒေဘောင်အတွင်းမှ နည်းလမ်းမျိုးစုံ အသုံးပြုပြီး ကြိုးစားလုပ်ဆောင်ခဲ့သော်လည်း ထူးခြားမှုမရှိသည့်အတွက် လမ်းပေါ်ထွက်ဆန္ဒပြသည့်လှုပ်ရှားမှုများဖြင့်သာ  အမှန်တရားပေါ်ပေါက်ရေးကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဆန္ဒပြဦးဆောင်သူတဦးဖြစ်သော ကိုဝင်းလှိုင်က ဧရာဝတီသို့ ပြောသည်။

“တိုင်စာရေးရတာ လက်ညောင်းတယ်။ စာရွက်ကုန်တယ်။ ဘာထူးခြားမှုမှမရှိဘူး။
တာဝန်သိတဲ့ ပြည်သူက အမိရဖမ်းပေးတဲ့ တရားခံတောင
် ပြန်လွှတ်ပေးတဲ့ ရဲတပ်ဖွဲ့အထက်မှာ တပ်မတော်ရှိနေတာ အသိသာကြီးပါ။
ဗိုလ်နေဝင်းလက်ထက်မှာ တပ်မတော်ကို နည်းနည်းမုန်းကြတယ်။ ဗိုလ်သန်းရွှေလက်ထက်မှာ အရမ်းမုန်းကြတယ်။
မင်းအောင်လှိုင်လက်ထက်မှာ အဲဒီအမွေဆက်မခံစေချင်ဘူး”

ဆန္ဒပြပွဲ ဦးဆောင်သူ တဦးဖြစ်သည့် ကိုမင်းမင်းကလည်း ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ အရေးယူပေးခြင်းအားဖြင့် တပ်မတော်၏ ဂုဏ်သိက္ခာမထိခိုက်သည့်အပြင် ပြည်သူလူထု၏ ယုံကြည်လေးစားမှုပင် ပိုမိုရနိုင်ကြောင်း  ဧရာဝတီသို့ပြောသည်။

“စစ်တပ်ဟာ ဥပဒေအထက်က အသာစီးယူထားတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရကို စစ်တပ်က တင်တင်စီးစီးလုပ်ထားတယ်။
အခုသူတို့တပ်သားတွေ ဖမ်းမိတာတောင်မှ တပ်တွင်းထဲမှာစစ်ဆေးမှုလုပ်ပြီး မဟုတ်ဘူးလို့ ငြင်းလိုက်တာ သူရဲဘောကြောင်တဲ့လုပ်ရပ်ဖြစ်တယ်”

ဆန္ဒပြရာတွင်
 ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး၊
ခလရ (၇၅)မှ တပ်မတော်သားများအား အရေးယူပေးရေး
စသည့်ကြွေးကြော်သံများဟစ်အော်၊
ပိုစတာများ ကိုင်ဆောင်ပြီး ပြည်မြို့ဗိုလ်ချုပ်ကျောက်ရုပ် နေရာမှ  အခင်းဖြစ်ပွားရာ နဝဒေးတံတားအောက်အထိ ချီတက်ကြသည်ကို တွေ့ရသည်။

  ဆန္ဒပြသူတဦးက တပ်က လွှဲမပေးသေးလို့ မစစ်ရသေးတာ ဟူသော စီအိုင်ဒီရဲမှူး၏ ပြောဆိုချက် စာတန်းကို ကိုင်ဆောင်ထားသည်။ 

ယမန်နှစ် ဧပြီ ၂၃ ရက်နေ့ ည ၈ နာရီခန့်က   ပြည်မြို့ နဝဒေးတံတားအောက် သဲသောင်ပြင်တွင် ချိန်းတွေ့သည့် ကိုဇော်မင်းဦးနှင့် မအိမ်ဇင်မိုးကို တို့ကို စစ်သားနှစ်ယောက်က အကြမ်းဖက်တိုက်ခိုက် ပစ္စည်းလုယူမှုဖြစ်ပွားခဲ့သည်။

ကိုဇော်မင်းဦးသည် အခင်းဖြစ်သည့်နေရာတွင် သေဆုံးသွားသည်။ လွတ်မြောက်သွားသည့် မအိဇင်မိုးကို၏ အော်ဟစ်အကူအညီတောင်းမှုကြောင့် စစ်သား ၂ ဦးကို အရပ်သားများက ဝိုင်းဝန်း ဖမ်းဆီးနိုင်ခဲ့သည်။

 ရဲတပ်ဖွဲ့ကထိန်းသိမ်းထားသော စစ်သား ၂ ဦးကို ခလရ (၇၅) က  ထုတ်ယူသွားကြောင်း သိရသည်။

ကောင်းမြတ်မင်း
 

 




.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved