အစိုးရကိုင်တွယ်မှုနဲ့ ပုသိမ်သစ်မှောင်ခိုအခြေအနေ

Saturday, May 3, 2014

~

 

 ပုသိမ်ခရိုင်မှာ မကြာသေးခင်က သစ်မျိုးစုံ တန်ချိန် ၃၈၀ ကျော်ကို မှောင်ခိုလုပ်ငန်းကနေ သိမ်းဆည်းရမိပါတယ်။ မနည်းမနော ပမာဏပါပဲ။
 .
 
 

သာပေါင်းမြို့နယ်အတွင်း သိမ်းဆည်းရမိတဲ့ သစ်လုံးတချို့

သင်္ကြန်ကာလ ရက်ရှည်ရုံးပိတ်ကို အခွင့်ကောင်းယူပြီး ပုသိမ်နဲ့ သာပေါင်းက သစ်တွေကိုခိုးထုတ်ဖို့ စီစဉ်ထားချိန်မှာ ဖမ်းလိုက်တာပါ။

ဒီလို သိမ်းဆည်းရမိခြင်းဟာ တိုင်းဒေသကြီးအစိုးရ ညွှန်ကြားမှုနဲ့ ဧရာဝတီတိုင်း သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဌေး၊ ပုသိမ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးတို့ ဦးဆောင်ပြီး စစ်တပ်နဲ့ရဲတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေ တောနင်းရှာကြခြင်းကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ဒါဟာ ဧရာဝတီတိုင်းဒေသကြီးမှာ အထူးစစ်ကြောင်းနဲ့ ပထမဆုံး သစ်ဖမ်းခြင်းဖြစ်တယ်၊ ရမိတဲ့ ပမာဏကလည်း အများဆုံးဖြစ်တယ်လို့ အာဏာပိုင်တို့က ပြောပါတယ်။

သာပေါင်းမြို့နယ်မှာ ဧပြီ ၁၁ မှ  ၁၇ အတွင်း ဖမ်းဆီးမှု

  • သစ်လုံး၊ သစ်ခွဲသား၊ တိုင်လုံး၊ မျောတိုင် သစ်မျိုးစုံတန် ၃၆၀ နီးပါး၊
  • အချိန်ကြာမြင့်စွာ အသုံးပြုခဲ့တဲ့ သစ်စက် ၁ လုံး

ပုသိမ်မြို့နယ်မှာ ဧပြီ ၁၂ မှ ၂၁ ရက်နေ့အတွင်း ဖမ်းဆီးမှု

  • သစ်ခွဲသား၊ သစ်လုံး၊ တိုင်လုံးစသဖြင့် သစ်မျိုးစုံ ၂၄ တန်နီးပါး
  • ယာဉ်အမှတ် (စ/၇၆၇၈) ချက်ပလက် သစ်တင်ယာဉ်တစီး 
ကိုးကား - ပုသိမ်ခရိုင်သစ်တောဌာန

 .
ဖမ်းဆီးရမိတဲ့ သစ်တွေအားလုံးပိုင်ရှင်မဲ့သစ်တွေဖြစ်ပြီး သစ်မှောင်ခိုလုပ်တဲ့၊ မှောင်ခိုသစ်ခွဲစက်လုပ်တဲ့ တရားခံတွေတော့ ဖမ်းဆီးရမိခြင်း မရှိဘူးလို့ သိရပါတယ်။

“တောထဲမှာသစ်ဖမ်းဖို့ဆိုရင် အင်အားနည်းနည်းနဲ့ မသွားရဲဘူး။ သစ်မှောင်ခိုသမားတွေဆီမှာလည်း လက်နက်တွေ ရှိတတ်လို့လေ။ နောက်တခုက သစ်တောဝန်ထမ်း အရေအတွက် အားနည်းတော့ သစ်သွားဖမ်းတဲ့အချိန် သစ်မှောင်ခိုသမားတွေကရှောင်နေ၊ ဖမ်းတဲ့လူတွေပြန်တော့ သစ်မှောင်ခို ပြန်လုပ်နဲ့ပဲ သံသရာလည်နေတာပဲ” လို့ သာပေါင်းမြို့နယ်က ရဲအရာရှိတဥိးကပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းတုန်းကလည်း ပုသိမ်မြို့နယ် ရွာဟောင်းကြီးကျေးရွာမှာ တရားမ၀င် သစ်တန် ၆၀ ကျော် ဖမ်းဆီးရမိခဲ့ပါသေးတယ်။ သစ်မှောင်ခိုသမားတွေက ရွာဟောင်းကြီးကျေးရွာနားက သစ်တောကြိုးဝိုင်းထဲမှာ သစ်ခုတ်၊ ပြီးရင် ရွာဟောင်းကြီးချောင်းအတိုင် ဖောင်ဖွဲ့ပြီးရွာနားကိုသယ်လာ၊ ရွာနားကချောင်းရေထဲမှာ မြှုပ်ပြီးသစ်တွေကို ဖွက်ထားကြတာပါ။
 အခိုင်အမာ သတင်းပေးချက် ၃ ခု အရ ပုသိမ်ခရိုင်သစ်တောဌာနက ၀န်ထမ်းတွေ သွားဖမ်းတော့မှ ချောင်းထဲမှာမြှုပ်ထားတဲ့သစ်တွေကို ဆယ်ယူဖမ်းမိခဲ့တာပါ။

သစ်မှောင်ခိုသမားတွေဟာ သစ်ပင်တွေကို ချိန်းဆော လို့ ခေါ်တဲ့ လက်ကိုင်လွှစက်တွေနဲ့ ခုတ်တဲ့အတွက် တနေ့ထဲမှာ အပင်ဆယ်နဲ့ချီခုတ်လှဲနိုင်ကြပါတယ်။ စက်က ခပ်သေးသေး ဆိုပြီး အထင်သေးလို့ မရပါ၊  ဒီအကြောင်း ဒီဘလော့မှာပဲ ပုသိမ်ခရိုင် တောပြုန်းသွားတာ ဘယ်သူ့လက်ချက်လဲ ဆိုပြီး ဖော်ပြထားတာ တွေ့ခဲ့ရမှာပါ။ http://blog.irrawaddy.org/2013/01/blog-post_347.html မှာ ဖတ်နိုင်ပါသေးတယ်။ တနိုင်တပိုင်စက်လေးတွေနဲ့ခုတ်လိုက်တဲ့ သစ်တွေကိုေ တာထဲမှာပဲ ခွဲစိတ်ဖြတ်တောက်ပြီး ရေလမ်းကနေ သစ်ရှားတဲ့ဒေသတွေဆီ မှောင်ခိုပို့လေ့ရှိကြပါတယ်။

မော်တော်ကြီးတွေထဲမှာ တရားမ၀င်သစ်တွေထည့်ပြီး အပေါ်က ယိုင်ဖတ်လို့ခေါ်တဲ့ ၀ါးနဲ့ ရက်လုပ်ထားတဲ့ ထရံလိုဟာမျိုးတွေ ဖုံးပြီး သယ်ကြာတာလို့  သိရှိရပါတယ်။

သာပေါင်းက ရိုးမတောထဲ အဲ့ဒီလိုတွေ တရားမ၀င် သစ်ခုတ်ကြလို့လည်း တောဆင်ရိုင်းတွေ နေစရာမရှိစားစရာမရှိဖြစ်ကုန်ပြီး လူတွေရဲ့စပါးခင်းကို ၀င်ရောက်စားသောက် ဖျက်ဆီးကြတာလို့ သာပေါင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသိန်းက ပြောပါတယ်။

ဖမ်းဆီးရမိတဲ့သစ်လုံးကြီးတွေက တလုံးကို လူတဖက်စာလောက်ရှိတာတွေလည်း ပါဝင်နေတာပါ။

သစ်ပင်ကြီးတွေကို ခုတ်လှဲပြီးမှ ပိုင်ရှင်မဲ့အဖြစ် ဖမ်းမိတာထက်စာရင် မခုတ်လှဲမီ သစ်မှောင်ခိုသမားတွေကို ဖမ်းဆီးအရေးယူနိုင်မယ့် သို့တည်းမဟုတ် တားဆီးနိုင်မယ့်
အခြေအနေ ဖြစ်လာအောင်  ဧရာဝတီတိုင်း အစိုးရ သို့မဟုတ် ဗဟိုအစိုးရက ဘယ်တော့ ဆောင်ရွက်မယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

  ပြည်တွင်းစစ်က ကချင်ပြည်နယ်အတွင်း စဉ်ဆက်မပြတ်ဖြစ်ထွန်းနေချိန်မှာ အဲဒီ စစ်မြေပြင်ကိုဖြတ်ပြီး စစ်ကိုင်း၊ ရှမ်းဒေသက သစ်တွေ တရုတ်ပြည်ထဲ တသွင်သွင်စီးဆင်းနေတာကို မြင်နေပါလျက်နဲ့ ထိုင်ကြည့်နေကြရတာဟာ ရင်နာဖို့ကောင်းသလို ငြိမ်းချမ်းတယ်လို့ ဆိုရမယ့် ပုသိမ်ဒေသမှာ သစ်မှောင်ခိုလုပ်ငန်းကြီး ဖြစ်ထွန်းနေတာဟာလည်း အံ့သြဖို့ ကောင်းပါတယ်။

အခုလို ဒီဒေသမှာ ခုတ်ပြီးမှ သစ်တွေဖမ်းမိ၊ ဖမ်းတဲ့လူတွေပြန်သွားတော့ ပြန်ခုတ် ဆိုရင်တော့ မကြာသောကာလမှာ ပုသိမ်ခရိုင်ထဲက လက်ကျန် သစ်တောတွေဟာ သစ်မှောင်ခိုသမားတွေ လက်ချက်နဲ့ လုံးဝ ပြောင်တလင်းခါသွားနိုင်ဖွယ်ရာ ရှိနေပါတယ်။

  • ဆလိုင်းသန့်စင်



.

1 comments :

  1. Unknown said... :

    သစ်မှောင်ခိုမှု မှာ လူသတ်မှု ၊ ဓါးပြမှု ၊လောက်မခက်ပါ ၊တရားခံမိအောင်ဖမ်းယင်မိပါတယ်...မမိအောင်ဖမ်းနေကြလို့မမိတာပါ။ လစဉ်ကြေးယူပြီးပူးပေါင်းလိမ်စားသူတွေများနေလို့ပါ။ဖမ်းမိတဲ့ သစ်လုံးများ ၊အသုံးပြုပစ္စည်းများကိုကြည့်ယင်သိနိုင်ပါတယ်....။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved