ဦးပိုင်နဲ့ထူးရဲ့ကျောက်ခဲပုံ လယ်ကွင်းထဲ ငါးနှစ်ငါးမိုးကြာပိတ်ဆို့

Friday, May 9, 2014

~



 



မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် နဲ့ ထူးကုမ္ပဏီတို့ရဲ့ စီမံကိန်းတခုအတွက်  မကွေးတိုင်း၊  ကံမမြို့နယ် စစ္စရံကျေးရွာနားက လယ်ကွင်းထဲ လမ်းခင်းကျောက်တွေကို ပုံထားတာ (၅) နှစ်ကျော်ရှိပြီဖြစ်ကြောင်း သိရပါတယ်။

ကော့စတစ်စက်ရုံဆောက်မယ် ဆိုတဲ့ စီမံကိန်း ဖျက်သိမ်းသွားပေမယ့် ကျောက်ပုံတွေကတော့ ကိုအေးချိုနဲ့ ကိုဌေးတို့ရဲ့ လယ်(၅)ဧကပေါ်မှာ ပိတ်ဆို့နေတာ (၅) နှစ် (၅) မိုး ရှိနေပါပြီ။

လယ်သမားတွေ လယ်မစိုက်ရလို့ အမြန်ဆုံးဖယ်ရှားပေးဖို့ ကုမ္ပဏီနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကို အကြိမ်ကြိမ် အကြောင်းကြားခဲ့တယ်လို့ လယ်ပိုင်ရှင်တယောက်ဖြစ်တဲ့ ကိုအေးချိုက ဧရာဝတီကိုပြောပါတယ်။

အကြောင်းကြားထားတော့ ဘာထူးပါသလဲ။

"အခုထက်ထိ ဘာမှမထူးဘူး။ ကျနော်ကတော့ လာယူရင်လည်း ငါးနှစ်လုံးလုံး ဘာမှ မစိုက်ပျိုးရတဲ့ အတွက် နစ်နာကြေးတောင်းမှာပါ။ အခုစပါးစိုက်ချိန်အမီ လာမယူရင်တော့ ရပ်ရွာကောင်းကျိုးအတွက် အဲဒီကျောက်တွေကို အသုံးပြုသွားတော့မယ်"

မဆောက်ဖြစ်လိုက်တဲ့ စက်ရုံအတွက် လမ်းပန်းဆက်သွယ်ရေးကို တာဝန်ယူရတဲ့ တခြားကုမ္ပဏီတခုလည်း ရှိပါသေးတယ်။ အဲဒီကုမ္ပဏီကတော့ Moon Ray ကုမ္ပဏီပါပဲ။
ဧရာဝတီသတင်းဌာနက  လမ်းခင်းကျောက်တွေလာချထားတဲ့ အဲဒီကုမ္ပဏီကို  ဖုန်းနဲ့ဆက်သွယ်မေးမြန်းတော့ တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးဆန်ဦးက အခုလိုပြောပါတယ်။

"ကျနော်တို့ မယက နဲ့ ညှိုနှိုင်းထားတာရှိပါတယ်။ မပြတ်သေးလို့ပါ။
ဒါတွေကို ကျနော်ဘက်ကတော့ ပြန်ရောင်းဖို့ပါပဲ။ ကျနော်တို့ဘက်က Demand လုပ်ထားတာတွေလည်း ရှိသေးတယ်။ အဓိကတော့ ထွေအုပ်နဲ့ ညှိထားပြီးသားပါ။
မပြီးပြတ်သေးတာပါ။ ဘယ်တော့လောက် ဖြစ်မယ်ဆိုတာတော့ မပြောနိုင်သေးပါဘူး"

ဒီနှစ်မှာတော့         စပါးစိုက်ပျိုးချိန်အမှီလာရောက် ဖယ်ရှားမှု မပြုလုပ်ပါက ကျောက်ခဲတွေကို ကျေးရွာ လမ်းမကြီးအတွက်လမ်းခင်းဖို့ အသုံးပြုသွားမှာဖြစ်ကြောင်း၊
သက်ဆိုင်ရာတာဝန်ရှိသူတွေကိုလည်း အကြောင်းကြားတော့မှ မဟုတ်ကြောင်း ကိုအေးချို့က ဆက်ပြောပါတယ်။

        ဒီကိစ္စနဲ့ပတ်သက်ပြီး ကံမမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို တယ်လီဖုန်းဖြင့် ဧရာဝတီက အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း အုပ်ချုပ်ရေးမှူး မအားလပ်တဲ့အချိန်တွေနဲ့ပဲ သွားရောက် တိုက်ဆိုင်နေပါတယ်။

တာဝန်ရှိသူတွေဘက် ဘယ်လိုဆောင်ရွက်ပေးသွားမယ် ဆိုတာကိုတော့ မသိရပါဘူးခင်ဗျာ။
  
ကောင်းမြတ်မင်း



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved