မနက်စောစောအတွက်အဆင်ပြေတဲ့ ပြည်ထမင်းသုပ်

Thursday, May 8, 2014


~

 


  .
မနက်စောစော အိပ်ရာက နိုးတယ်ဆိုရင်ပဲ နံနက်စာ Breakfast  စားဖို့ အိမ်ရှင်မတိုင်း ခေါင်းခဲရတယ်ဆိုရင် မှားမယ်မထင်ပါဘူး။ အိမ်က အဖေ အမေ စားဖို့ ဘာစီစဉ်ရင် ကောင်းမလဲ၊  ယောကျာ်းအတွက် ဘာလေး ကျွေးရင် ကောင်းမလဲ၊ ကလေးတွေအတွက်ကရော စသည်ဖြင့် အမြဲတွေးနေရတာက အလုပ်တခု လို ဖြစ်နေတတ်ပါတယ်။

ဒီကြားထဲ စားတဲ့သူတွေက မညီရင်တော့ စီစဉ်သူတွေ ခေါင်းရှုပ်ရပြန်ပြီပေါ့။ နံနက်စာ မုန့်ကို အပြင်က ဝယ်စားရင်လည်း အိမ်ရှိလူကုန်နဲ့ မလောက် မင။ လက်ဖက်ရည်ဆိုင်မှာ သွားစားကြမယ်ဆိုရင်လည်း တွက်ခြေက မကိုက်တာ ဧကန်ပဲလေ။

ဒါကြောင့်လည်း အိမ်မှာရှိတာလေးနဲ့ အဆင် ပြေပြေ နံနက်စာလေး လုပ်စားနိုင်မယ့် ပြည်ထမင်းသုပ် အကြောင်းကို ဒီတပတ်တော့ ညွှန်းချင်ပါတယ်။

ပြည်မြို့ဆိုတာကလည်း အထက်အရပ်အညာနဲ့ အောက်အရပ် အကြေ ကြားမှာရှိတဲ့ မြေလတ်ဒေသ လေးဆိုတော့ အစားအသောက်လေးတွေက တမျိုး ဆန်းဆန်းလေးတွေပါ။ ပြည်ထမင်းသုပ်လို့ ဆိုရာမှာ အနီးဝန်းကျင် ဒေသကိုလိုက်ပြီး ထည့်ရတဲ့ အဆာပလာ အမည်တွေက အမျိုးမျိုးကွဲပြားကြသေးတော့
ထမင်း၊
ဆီချက်၊
ပုစွန်ခြောက်မှုန့်၊
ပဲမှုန့်၊
ငံပြာရည်

ရှိတယ်ဆိုရင်ပဲ မြန်မြန်ဆန်ဆန် လွယ်လွယ်ကူနဲ့ အဆင်ပြေပြေစားလို့ရတဲ့ ပြည်မြို့ ပေါ်ကသုပ်တဲ့ ထမင်းသုပ် စစ်စစ်ကိုပဲ ဧရာဝတီ စာဖတ်ပရိသတ်အတွက် မျှဝေလိုက်ပါတယ်။

ပြည်ထမင်းသုပ် သုပ်စားမယ်ဆိုရင်တော့ လုပ်ရ ကိုင်ရတာ အလွန်လွယ်ကူပါတယ်။ လိုအပ်တဲ့ပစ္စည်း တွေက မိသားစု ၅ ယောက်စာအတွက်ကို (မှန်းခြေ) ဆန်ကောင်းကောင်း နို့ဆီဘူးတလုံးစာ တည်ရပါလိမ့် မယ်၊

ထမင်းသုပ် သုပ်တဲ့အခါမှာ နယ်လို့ကောင်းဖို့ အတွက် ထမင်းကို မပျော့လွန်း မမာလွန်းလေး ဖြစ် အောင်တော့ တည်ရပါမယ်။

ပြီးရင်တော့ ဆီချက် တည်ဖို့ ပြင်ဆင်ပါ။ ဆီချက်အတွက် ကြက်သွန်ဖြူ ၁၀ မြွှာကို အခွံသင် ပါးပါးလှီးပြီး၊ ပဲဆီသန့်သန့် ၅ ကျပ်သားနဲ့ နနွင်းမှုန့် နည်းနည်းထည့်ပြီး မီးအေး အေးနဲ့ ကြော်လိုက်ပါ။

   ကြော်ထားတဲ့ ကြက်သွန်ဖြူ လေးတွေ အနီရောင်သမ်းလာပြီဆိုရင်တော့ မီးပိတ် ပြီး ကြော်တာကို ခဏရပ်လိုက်ပါ။ ဒါဆို ဆီချက်အဝါ ရပါပြီ၊

ငရုတ်သီး  အနှစ်လေးနဲ့  စားချင်ရင်တော့ ဒယ်အိုးထဲမှာ ဆီချက်အဝါကို တဝက်ချန်ထားပြီး ငရုတ်သီး အလှော်မှုန့် ၂ ကျပ်ခွဲသားထည့်ပြီး ချက် လိုက်မယ်ဆိုရင် နောက်ထပ် ဆီချက်အနီ စပ်စပ် ကလေး ရနိုင်ပါတယ်။

 
အဲဒါပြီးရင်တော့ အာလူး အနေတော် နှစ်လုံးပြုတ်ပါ။ ကြာဆံအနည်းငယ်ကိုလည်း ပြုတ်ထားပါ။

ဂေါ်ဖီနဲ့ နံနံပင် အနည်းငယ်ကို ပါးပါးလှီးထားပါ။

အဲဒီနောက်မှာတော့ ကုလားပဲ အကျက်မှုန့် နှစ်ကျပ်ခွဲသား၊ ပြည်ထမင်းသုပ်ရဲ့ အဓိက အားသာချက်လို့ဆိုရမယ့် ပုစွန်ခြောက်မှုန့် နှစ်ကျပ်ခွဲသား၊ ငံပြာရည် ကောင်းကောင်းလည်း အသင့်ပြင်ထားရပါမယ်။

ဒီနေရာမှာ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အချိုမှုန့် အစား ပုစွန်ခြောက်မှုန့်ကို သုံးတဲ့အတွက် အန္တရာယ် အင်မတန်ကင်းပါတယ်။ အဆာပလာ တွေ အဆင်သင့်ဖြစ်ပြီ ဆိုရင်တော့ ကဲ..ထမင်းသုပ် စပြီး သုပ်လိုက်ကြ ရအောင်။

ထမင်းကို ပန်းကန်တဝက်လောက် ထည့်ပြီး ဆီချက်အဝါ စတီးဇွန်းတဝက်၊ ခပ်စပ်စပ် စားချင်ရင်တော့ ငရုတ်သီး ဆီချက် အနှစ်လေးကိုလည်း လက်ဖက် စားဇွန်း တဇွန်းလောက် ထည့်ပေါ့။

ပြီးတော့မှ ငံပြာရည်ရယ်၊ ပဲမှုန့်နဲ့ ပုစွန်ခြောက်မှုန့်  အစရှိတာတွေကို လက်ဖက်စားဇွန်း  တဇွန်းစီ၊  ကျန် အဆင်သင့်လုပ်ထားတဲ့ အဆာပလာ တွေဖြစ်တဲ့ အားလူးလှီးပြီးသား ၃ ချပ်လောက်နဲ့ ကြာဆံအနည်းငယ် ထည့်ပြီးသုပ်လိုက်ရင် အင်မတန် မှကောင်းပြီး အရသာရှိတဲ့ ပြည်ထမင်းသုပ်ဖြစ်ပြီပေါ့။

အဲဒီမှာမှ  အာလူး၊  ဂေါ်ဖီ၊  နံနံပင်လေးနဲ့ သံပရာသီးညှစ်ပြီး ရောနှောလို့  အရသာနှံ့စပ်အောင် နယ်လိုက်ပြီးတဲ့အခါ ကြက်ဥကြော်၊ ငါးဖယ်ကြော်၊ အမဲကြော်လေးနဲ့ ကြက်သွန်ဖြူအစိမ်းလေး ကိုက် စားလိုက်ရင်တော့ဖြင့် ကောင်းမှကောင်းလို့ဆိုရမယ့် ပြည်ထမင်းသုပ်ကို အရသာရှိရှိ စားနိုင်ပါပြီ။

နံနက်စာ ပြည်ထမင်းသုပ်လေးနဲ့ ကော်ဖီပူပူ လေး၊ ဒါမှမဟုတ် လက်ဖက်ရည် ချိုပေါ့ကျလေးနဲ့ ဆိုရင်တော့ သိပ်ကိုပြည့်စုံပြီး မြန်မာဆန်တဲ့ နံနက် စာလေးကို စားသုံးနိုင်ပြီပေါ့။

  • မမသက်



.

1 comments :

  1. Anonymous said... :

    ပြည်ထမင်းသုပ် စစ်စစ်က ဒါမျိုးလေးပါ။ https://www.facebook.com/photo.php?fbid=686006824800437&set=a.649961541738299.1073741834.100001733764278&type=3&theater

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved