အိမ်မဲစည်ပင်သာယာနဲ့ ပျံကျဈေးသည်
Wednesday, June 25, 2014
 ~
 ဧရာဝတီတိုင်းဒေသကြီး၊  အိမ်မဲမြို့ ကမ်းနားလမ်းရှိ  ပျံကျဈေးဆိုင်ခန်းတွေ ဖျက်သိမ်းဖို့  စည်ပင်သာယာရေးကော်မတီက ဖိအားပေးနေတယ်လို့  အိမ်မဲမြို့က ပျံကျဈေးသည်တွေက  ပြောပါတယ်။
 စည်ပင်က စာ ၃ ကြိမ်ထုတ်ပြီး ဖျက်ခိုင်းသလို၊ ခေါ်ယူတွေ့ဆုံပြီး ဖိအားပေးတယ်လို့ ဆိုပါတယ်။
ပျံကျဈေးမှာ ထမင်းရောင်းနေတဲ့ဒေါ်သေးသေးက “ကျမကို ပြီးခဲ့တဲ့ ကြာသာပတေးနေ့က အိမ်မဲစည်ပင်က ခေါ်ပြောတယ်။
 ခင်ဗျားဆိုင်ကို ဖျက်ပေးပါ။ မဖျက်ရင် စည်ပင်ဥပဒေနဲ့ တရားစွဲမယ်ဆိုပြီးတော့ ကျမ တဆိုင်တည်း အရင်ဖျက်ခိုင်းတာ” လို့  ဧရာဝတီကို ပြောပါတယ်။
 န၀တအစိုးရလက်ထက် ၁၉၉၂ ခုနှစ်မှာ အိမ်မဲမြို့ကမ်းနားလမ်းကနေအိမ်များကို  မြို့သန့်ရှင်းသာယာ လှပရေးစီမံချက်နဲ့ အိမ်မဲချောင်းတဖက်တချက်က  အိမ်အလုံးပေါင်း ၃၈၀ ကျော်ကို ဖျက်သိမ်းခဲ့၊ မြို့ပြင်ဘက်မှာ  ကွက်သစ်တွေတည်ဆောက်ကာ မြေကွက်နေရာတွေ အစားပြန်ပေးခဲ့ကြောင်း သိရပါတယ်။
 အဲဒီလိုလွတ်သွားတဲ့မြေနေရာမှာ   ပျံကျဈေးတန်း ဖြစ်လာခဲ့ပြီး ဒီနေ့မှာတော့ ဆိုင်ခန်းပေါင်း ၁၅၀ ကျော်နေပါပြီ။
 ပျံကျဈေးဆိုင်တွေ ဖျက်ပေးဖို့ အိမ်မဲစည်ပင်ကော်မတီက ယခုနှစ် မတ်လကတည်းက  စတင်ကြိုးပမ်း နေခဲ့တာပါ။
  ဆိုင်တွေသာ အတင်းဖျက်ခိုင်းနေပြီး ဈေးရောင်းချဖို့  နေရာအစားပြန်မပေးတဲ့အတွက် ပျံကျဈေးသည်တွေက ဧရာဝတီတိုင်းအစိုးရအဖွဲ့  ၀န်ကြီးချုပ် ဦးသိန်းအောင်ဆီ တင်ပြတိုင်တန်းခဲ့ပါတယ်။
 ယခုနှစ်ဧပြီလမှာတော့ တခုခု ထူးခြားလာပါတယ်။
“ဧပြီလထဲကျတော့ ဧရာဝတီတိုင်းအစိုးရအဖွဲ့က  ၀န်ကြီးဦးဝင်းကိုကို အိမ်မဲကို ဆင်းလာပြီးတော့ ပျံကျဈေး အသစ်ဆောက်ပေးမယ်။
 ဈေးသစ်နေရာပြီးရင် ခင်ဗျားတို့ရွှေ့ပေးကြ။ နေရာသစ် မပြီးခင်တော့  ဒီမှာပဲရောင်းကြပါ ဆိုတာမျိုးပြောတယ်။ အဲဒီအစီအစဉ်ကို ကျမတို့ဈေးသည်တွေ  ကလည်း သဘောတူပြီး စားဝတ်နေရေးအရ ဈေးရောင်းကြတာပါ။ လူကြီးက ခွင့်ပြုရဲ့သားနဲ့ အိမ်မဲစည်ပင်ကော်မတီက အတင်း ဖျက်ခိုင်းနေတာ”လို့  ပျံကျဈေးသည်တဦးက ပြောပါတယ်။
  • (ဓာတ်ပုံများ - ဆလိုင်းသန့်စင် / ဧရာဝတီ)
ဝန်ကြီးရဲ့စကား ရှိနေပါလျက်နဲ့ ဘာကြောင့် ဒီလို ဆက်ဖြစ်နေရတာလဲ။
 ဒီကိစ္စနဲ့ ပတ်သတ်လို့   အိမ်မဲမြို့နယ် စည်ပင်ဦးစီးမှူး ဦးမင်းဇော်က
 “အဲဒီဈေးသည်တွေက ဆိုင်ခန်းတွေကိုဖျက်ပြီးကာမှ အခုလိုပြန်ဆောက်တယ်ဗျာ။
 ကျနော်တို့ စည်ပင်ဌာနရဲ့ညွှန်ကြားမှုကို မလိုက်နာတဲ့အတွက်  အခုလိုလုပ်ဆောင်ရတာပါ”လို့ သူက ပြောပါတယ်။
ဒေါ်သေးသေးကတော့ ဖျက်ရခြင်း ပြန်ဆောက်ရခြင်း အကြောင်းရင်းနဲ့ ပတ်သက်ပြီး ဖြေရှင်းချက် ရှိနေပါတယ်။
 “အစောပိုင်းက ကျမတို့ဆိုင်ခန်းတွေကို ဖျက်၊ မဖျက်ရင် စံပြအနေနဲ့ ထောင် ၃  လ ချမယ်ဆိုလို့ ကြောက်ပြီးတော့ ဖျက်ခဲ့တာပါ။ နေရာလည်းအစားပြန်မရတော့ ကျမတို့မှာ ဈေးမရောင်းရလို့ မိသားစု စားဝတ်နေရေးခက်ခဲခဲ့တယ်။
 “ကျမတို့က ဆိုင်တွေကိုမဖျက်ဘူးလို့ ပြောနေတာမဟုတ်ပါဘူး။
 ဧရာဝတီတိုင်းဒေသကြီးရဲ့ ဆင်းရဲမွဲတေမှုကို ၂၀၁၅ နှစ်ကုန်မှာ ၂၆  ရာခိုင်နှုန်းကနေ ၁၆ ရာခိုင်နှုန်းထိ လျော့ကျအောင် လုပ်ဆောင်သွားမယ်လို့  တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်က ပြောဆိုထားပါတယ်။
  သမချေးငွေတွေရရှိအောင် ၀န်ကြီးချုပ်က ကြိုးပမ်းတာတွေလည်း  ရှိခဲ့ပါတယ်။
 ဒါပေမယ့် ဈေးရောင်းမှထမင်းစားရတဲ့ အိမ်မဲမြို့က ပျံကျဈေးသည်တွေကို ဆိုင်ခန်းတွေ ဖျက်သိမ်းဖို့ ဖိအားပေးတဲ့ ကိစ္စမျိုးတွေ ရှိနေဆဲဆိုတော့ ၀န်ကြီးချုပ်ပြောထားတဲ့ ဆင်းရဲမွဲတေမှုလျော့ချရေး စီမံကိန်းက အောင်မြင်ပါ့မလားဆိုတာ သံသယဖြစ်ဖွယ်ရှိနေပါတယ်။
 ဆက်စပ်လို့ပြောရရင် အခုလက်ရှိ ပျံကျဈေးနေရာတွေကို အစိုးရက သူတို့စီမံခန့်ခွဲပိုင်ခွင့် ရှိသောမြေလို့ ကြေညာထားပေမယ့် ကမ်းနားလမ်းမှာ မူလကနေထိုင်ခဲ့ကြတဲ့ အိမ်ပိုင်ရှင်တွေကတော့ ဒါဟာ သူတို့ ဘိုးဘွားပိုင်မြေလို့ ပြောဆိုပြီး  မြေတွေပြန်ပေးဖို့ အိမ်မဲမြို့မှာ ၂ ကြိမ်တိုင်တိုင် ဆန္ဒပြခဲ့ကြပါတယ်။
အိမ်မဲမြို့ခံ တဦးက “တကယ်ဆိုရင် ကမ်းနားတန်းကအိမ်တွေရွှေ့ခိုင်းတုန်းက အားလုံးရွှေ့ခဲ့ရတာပါ။
 ကျနော်တို့ အိမ်လည်း ပါပါတယ်။ အိမ်ရွှေ့တဲ့လူတွေအတွက် မြို့စွန်နားကလယ်တွေသိမ်းပြီး အကွက်ရိုက်ပြီး မြေအစားပြန်ပေးခဲ့ပါတယ်။
 တချို့ကျတော့ အဲဒီမြေကွက်တွေ ရောင်းစားကြသလို တချို့ကျတော့ တကယ်နေထိုင်ကြတာလည်း ရှိပါတယ်။ အခု ကမ်းနားလမ်းကမြေတွေကို မူလပိုင်ရှင်ဆိုပြီး ပြန်တောင်းကြတော့ ကျနော်တို့ အိမ်ဆောက်နေတဲ့မြေပိုင်ရှင် လယ်သမားကလည်း သူ့လယ်တွေ ပြန်ပေးဖို့တောင်းဆိုပါလိမ့်မယ်။ အဲဒီအခါကျရင် အိမ်မဲမြို့မှာ အခုထက် ပိုရှုပ်ထွေးတဲ့အခြေအနေတွေ ဖြစ်ကုန်ပါလိမ့်မယ်။
အခုအတိုင်း ပိုနေမြဲ ကျားနေမြဲအခြေအနေက အကောင်းဆုံးပါပဲ” လို့  ပြောပြပါတယ်။
 ကဲ ... ဒါကတော့ ဧရာဝတီတိုင်း အိမ်မဲမြို့မှာဖြစ်ပျက်နေတဲ့ အိမ်မဲ စည်ပင်သာယာနဲ့ ပျံကျဈေးသည်တွေရဲ့အခြေအနေ ဖြစ်ပါတယ်။
 ဆလိုင်းသန့်စင်
.
0 comments :
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved