ဝန်ကြီးဦးဆန်းဆင့်ကို တာဝန်မှ ရပ်စဲကြောင်း သမ္မတရုံးအမိန့်ထုတ်ပြန်

Friday, June 20, 2014

-



သာသနာရေးဝန်ကြီးဦးဆန်းဆင့်ကို တာဝန်မှ ရုပ်သိမ်းကြောင်း
အမိန့် ထုတ်ပြန် ထားတာကို သမ္မတရုံး ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။



(ဓာတ်ပုံ - ကျော်ဆုမွန် / ဧရာဝတီ)

ဆက်စပ်

http://www.irrawaddy.org/burma/burmas-president-sacks-religious-affairs-minister.html



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၁၂/၂၀၁၄)
၁၃၇၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်
(၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်)
ပြည်ထောင်စုဝန်ကြီး တာဝန်မှရပ်စဲခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၅၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၁)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆၉၊ ပုဒ်မခွဲ(က)တို့ပါ ပြဋ္ဌာန်းချက်များအရ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား တာဝန်မှ ရပ်စဲလိုက်သည်။

(ပုံ) သိန်းစိန်                 
နိုင်ငံတော်သမ္မတ             
                                                 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မနေ့ကတော့  ငွေကျပ် သိန်း ၁၀၀ အလွဲသုံးစားမှုဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထူး စုံစမ်းစစ်ဆေး ရေး ဦးစီးဌာနက ဖမ်းဆီးအမှုဖွင့်ထားတယ်လို့  Eleven Media Group ၏ လူမှုကွန်ရက် စာမျက်နှာမှာ သတင်း ဖော်ပြထားခဲ့တာပါ။

သာသနာရေးဝန်ကြီးဌာန၏ စည်းကမ်းချက်တွင် မပါဝင်သော လုပ်ငန်းဖြစ်သည့် လယ်ဝေးမြို့နယ် ယက်ကန်းစင်တောင် ကျေးရွာတွင် နှစ်ကျိပ်ရှစ်ဆူအောင်တော်မူ စေတီတော်ကို မိသားစုအလှူတရပ် အနေဖြင့် ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်း ဆည်းကပ် ကိုးကွယ်ရာတွင် ဌာနပိုင်ငွေများ ငွေကျပ် သိန်း ၁၀၀ ကျော် ထုတ်ယူသုံးစွဲခဲ့ပြီး ယင်းငွေများအနက် ငွေကျပ် ၂၈ သိန်း ကျော်ကိုသာ ပြန်လည်ပေးသွင်းခဲ့ကြောင်း၊ ကျန်ငွေ ၇၂ သိန်းကျော်ကို မိသားစုအနေဖြင့် လှူဒါန်းကာ ဘုရား အတွက် ကိုယ်ကျိုးသုံးစွဲခဲ့ပြီး ၀န်ကြီး ဌာနငွေစာရင်းတွင် မမှန်မကန် စာရင်းပြခဲ့ကြောင်း၊ 

ထို့ကြောင့် ဦးဆန်းဆင့်နှင့် အပေါင်း အပါများကို နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မ ရဲစခန်းတွင် စသုံးလုံးက အမှုဖွင့် တိုင်ကြား ခဲ့ကြောင်း EMG သတင်းတွင် ဖော်ပြထားပါတယ်။

 နိုင်ငံရေးလေ့လာစောင့်ကြည့်သူများကမူ ယခုအမှုသည် မဟာသန္တိသုခကျောင်းကို ဝင်ရောက်စီးနင်းမှုနှင့် ပတ်သက်မည်ဟု သုံးသပ်နေကြပါတယ်။

မဟာသန္တိသုခကျောင်းစီးနင်းမှုတွင် သမ္မတရုံးနှင့် သာသနာရေး ဝန်ကြီးဌာနတို့ သဘောကွဲခဲ့ကြောင်း မီဒီယာများသို့ ၂ ဘက် ပြောဆိုချက်များက ပြဆိုနေပြီး ဝန်ကြီးဌာနက သမ္မတရုံးကို ပမာမခန့်လုပ်ခဲ့ရာ သမ္မတ၏ လုပ်ဆောင်ခွင့်အတိုင်းအတာအပေါ် အများပြည်သူ မေးခွန်းထုတ်စရာ ဖြစ်လာရတာပါ။

သို့သော် အာဏာပိုင်များအတွင်း နိုင်ငံရေး အကွဲအပြဲဖြစ်ပြီး ဖြုတ်ထုတ်ကြသောအခါတိုင်း ငွေကြေးနှင့် အာဏာအလွဲသုံးစားလုပ်မှုဖြင့် အကြောင်းပြတတ်သည်မှာ မြန်မာ့ထုံးစံဖြစ်ပါတယ်။

ဦးဆန်းဆင့်သည် သမ္မတဦးသိန်းစိန်ကဲ့သို့ လာဘ်စားမှုကင်းရှင်းသူအဖြစ် လူသိများပါတယ်။













1 comments :

  1. Unknown said... :

    ပြသနာကြီးကြီးဖြစ်တိုင်း လူကြီးပြောင်းလဲပြီး မျက်လှည့်ပြတာ အကြိမ်ကြိမ်အခါခါ ..
    ဒီလိုနဲ့သွားနေတဲ့ .....နိုင်ငံပါ...မယုံလျှင်ပြန်စဉ်းစားကြည့်လိုပါတယ်...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved