စိတ်ကူးချိုချိုရဲ့ စာအုပ်ချိုချို

Wednesday, July 9, 2014

 ~


 

မိဘတွေရဲ့အကူအညီမလိုဘဲ စာဖတ်တတ်စ ကလေးတွေကိုယ်တိုင် ပျော်ပျော်ရွှင်ရွှင်ဖတ်နိုင်မယ့် စာအုပ်လေးတွေ စိတ်ကူးချိုချိုစာပေကနေ ထွက်ရှိလာပါတယ်။

“ကလေးကြိုက်ဖတ်စာ”လို့ အမည်ပေးထားတဲ့ အဲဒီစာအုပ်ကလေးတွေကို တအုပ်ကို တန်ဖိုးငွေ ၁,ဝဝဝ ကျပ်နဲ့ သုံးအုပ်တွဲ ဖြန့်ချိထားတာဖြစ်ပြီး ဧရာဝတီဂျာနယ်ရဲ့ ပင်တိုင်ဆောင်းပါးရှင် ခေတ်ဘုန်းသစ်က ပြုစုရေးသားထားတာပါ။

ကလေးငယ်တွေအနေနဲ့ အင်္ဂလိပ်ဘာသာ၊ အင်္ဂလိပ်စာကို လေ့လာကြတော့မယ်ဆိုရင် စာလုံးအရေအတွက် ကန့်သတ်ထားတဲ့ ladder series စာအုပ်ကလေးတွေကို သက်ဆိုင်ရာဘာသာရပ် အသီးသီးတိုင်းအတွက် အလွယ်တကူ ရှာဖွေဝယ်ယူ ဖတ်ရှုနိုင်ကြပေမယ့် မြန်မာစာလေ့လာသင်ယူစ ကလေးငယ်တွေအတွက်တော့ အဲဒီလိုစာအုပ်မျိုးမရှိဘူးလို့ ပြောလို့ရအောင် ရှားပါးပါတယ်။

သူငယ်တန်းဖတ်စာ စာအုပ်ကို သင်ယူပြီးတဲ့ သူငယ်တန်းကလေးငယ်လေးတွေကိုယ်တိုင် ဖတ်နိုင်မယ့်၊ လွယ်ကူရိုးရှင်းပြီး ကလေးတွေ နားလည်ဖို့လွယ်ကူတဲ့ မြန်မာစာအသုံးအနှုန်းဝေါဟာရလေးတွေကို စိစစ်ပြီး ပြုစုထားတဲ့ အဲဒီစာအုပ် ပထမတွဲမှာတော့ သူငယ်တန်းဖတ်စာ ၁ မှ ၅ အထိ သင်ကြားပြီးသား အရေးအဖွဲ့တွေသာ (ဥပမာ အ အာ အား၊ အိ အီ အီး ကနေ အဲ အဲ့ အယ် အထိသာ) ပါဝင်တာမို့ သူငယ်တန်းဖတ်စာကို အခန်း ၅ အထိ သင်ပြီးသား ကလေးငယ်တွေဟာ ဒီစာအုပ် ပထမတွဲကို မိဘအကူအညီမလိုဘဲ ကိုယ်တိုင်ပျော်ပျော်ရွှင်ရွှင်ဖတ်နိုင်ကြမှာ ဖြစ်ပါတယ်။
နောက်ပြီး သူငယ်တန်းဖတ်စာထဲမှာ ပါဝင်ပြီးသား ဝေါဟာရတွေကို တတ်နိုင်သလောက်ရှောင်ပြီး ရေးသားထားတယ်လို့ စာရေးသူက သူ့ရဲ့ အမှာစာမှာ ရေးသားထားတဲ့အတွက် စာဖတ်သူကလေးငယ်တွေအတွက် ဝေါဟာရအသစ်တွေလည်း တိုးပွားနိုင်ပါတယ်။

ဒုတိယတွဲမှာတော့ ဖတ်စာ ၁ ဖြစ်တဲ့ အ အာ အား ကနေ ဖတ်စာ ၈ ဖြစ်တဲ့ အို အို့ အိုး အထိ ဆွဲခေါ် သင်ကြားပေးသွားပြီး၊ တတိယတွဲမှာတော့  ရပင့်၊ ရရစ်၊ ဝဆွဲ၊ ဟထိုး တွေအထိ ဖတ်တတ်လာအောင် ဇာတ်လမ်းလေးတွေ၊ ချစ်စရာ သရုပ်ဖော်ပုံကလေးတွေနဲ့ တဆင့်ချင်း ဆွဲခေါ်ယူသွားတာမို့ ကလေးတွေဟာ မြန်မာစာအခြေခံကို မပင်ပန်း၊ မငြီးငွေ့ရဘဲ ပျော်ပျော်ရွှင်ရွှင် သင်ယူတတ်မြောက်သွားနိုင်လိမ့်မယ်လို့ ယူဆရပါတယ်။

ဒီလိုနဲ့ စာဖတ်ရတာကို မကြောက်ရွံ့တော့ဘဲ နှစ်ခြိုက်ပျော်မွေ့ သွားကြပြီဆိုရင် စာအုပ်တွေကို ချစ်တတ်သွားရာကနေ စာဖတ်ဝါသနာပါတဲ့ အဆင့်အထိပါ မျှော်လင့်နိုင်တာမို့ ကလေးတွေအတွက်ရော၊ မိမိသားသမီးကို မြန်မာစာမညံ့စေလိုတဲ့ ကလေးမိဘတွေအတွက်သာမက မြန်မာစာသင်ကြားတဲ့ ဆရာ/မ တွေအတွက်ပါ အကျိုးများစေမယ့် စာအုပ်ဖြစ်နိုင်ပါတယ်။

ကလေးစာပေဖွံ့ဖြိုးမှုအားနည်းနေသေးတဲ့ မြန်မာစာပေလောကမှာ ရှားရှားပါးပါး မြန်မာစာသင်ကြားရေးအထောက်အကူပြု စာအုပ်တအုပ် ဖြစ်တဲ့အတွက် ထူးခြားတယ်လို့ ဆိုရမှာဖြစ်တဲ့အတွက် ဧရာဝတီဘလော့ဂ် http://blog.irrawaddy.org ပရိသတ်အတွက် ဖော်ပြလိုက်ရပါတယ်။

ပထမအုပ်

ဒုတိယအုပ်

တတိယအုပ်


 
 



.

1 comments :

  1. Anonymous said... :

    ဆရာမခေတ်ဘုန်းသစ်ရဲ့ စာပေဆောင်းပါးတွေကို ကြိုက်နှစ်သက်ပါတယ်။
    ကလေးတွေအတွက် ဒီထက်မကရေးသားပြုစုနိုင်ပါစေ။
    လေးစားလျှက်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved