မဟာမှိုင်းအလွန် နှစ် ၅ဝ ပြည့်ပြပွဲနဲ့ ပြည်ခရိုင်

Monday, July 21, 2014

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်သည့် နှစ် ငါးဆယ်ပြည့် ကာလ အမှတ်တရ အစီအစဉ်အဖြစ် မဟာမှိုင်း အလွန် နှစ် (၅၀) ပန်းချီပြပွဲနှင့် ကဗျာရွတ်ပွဲ သခင်ကိုယ်တော်မှိုင်း၏ ဇာတိနှင့် ပြည်မြို့တို့ တွင် ပြုလုပ်ပါမည်။  


ကိုယ်တော်မှိုင်း ပုံတူပန်းချီ

 ပန်းချီပြပွဲနှင့် ကဗျာရွတ်ပွဲကို ပထမဦးဆုံးအကြိမ်အဖြစ် ဆရာကြီး၏ ဇာတိဖြစ်သည့် ရွှေတောင်မြို့နယ်၊ ၀ါးလည်ရွာတွင်လည်း ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။ 

အဆိုပါနှစ်ငါးဆယ်ပြည့်ပွဲကို ဆရာကြီးကွယ်လွန်သည့် နေ့ရက်ဖြစ်သည့် ဇူလိုင် ၂၃ ရက်နေ့တွင်ပြုလုပ်သွားမည်ဖြစ်ပြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် (ပြည်ခရိုင်) နှင့် ပြည်ခရိုင်းအတွင်းမှ ပန်းချီဆရာများ၊ ကဗျာကဗျာဆရာများနှင့် အနုပညာရှင်များ ပူးပေါင်းပြုလုပ်သွားမှာဖြစ်ကြောင်း သိရသည်။ 

ပန်းချီပြပွဲကို ပြည်မြို့ ဘူတာအနီး၊ တီကျစ်ဆုံလမ်းရှိ ဗေဒါရီပန်းချီပြခန်းတွင် ပြုလုပ်မှာဖြစ်ပြီး ကဗျာရွတ်ပွဲကို ဆရာကြီး၏ ဇာတိ ရွှေတောင်မြို့နယ်၊ ၀ါးလည်ကျေးရွာတွင်ပြုလုပ် သွားမှာဖြစ်ကြောင်း ဆရာကြီး သခင်ကိုယ်တောင်မှိုင်း ကွန်ရက် (ပြည်ခရိုင်)မှ ဦးဇော်ဝင်းက ပြောသည်။ 

လက်ရှိမြန်မာနိုင်ငံတွင် တိုင်းရင်းသားအချင်းချင်း တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ဆရာကြီးသခင် ကိုယ်တော်မှိုင်း၏ ရည်မှန်းချက်၊ ဆန္ဒမပြည့်ဝနိုင်သေးကြောင်းနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆရာကြီး၏ ရည်မှန်းချက်ကို နောင်မျိုးဆက်သစ်များ သိရှိနိုင်စေရန် မဟာမှိုင်းအလွန်နှစ်ငါးဆယ်ပြည့် အထိမ်း အမှတ် အခန်းအနားပြုလုပ်ရခြင်းဖြစ်ကြောင်း၊ သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် (ပြည်ခရိုင်)မှ စာရေးဆရာ ဦးချစ်ဆောင်ဦးက ဧရာဝတီကို ပြောသည်။ 

“ဆရာကြီးရဲ့ တသက်တာမှာ မြန်မာပြည် အမျိုးသားလွတ်မြောက်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးအတွက် လုပ်ဆောင်မှုတွေက အင်မတန်များပြားတဲ့အပြင် အစစအရာရာ ဦးဆောင်ပြီးတော့ သေတဲ့အထိ တစိုက်မက်မက် လုပ်သွားခဲ့တယ်။
အခုကျနော်တို့ကတော့ ဆရာကြီးရဲ့ သူမနာ ကိုယ်မနာ ငြိမ်းချမ်းရေး နည်းနာအတိုင်း၊ နောက်ဆက်တွဲအနေနဲ့ ဆရာကြီးရဲ့ ခြေလှမ်းကို အမှီ မလိုက်နိုင်တောင်မှပဲ၊ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ပါဝင်ပြီးတော့ ဆောင်ရွက်နေတာဖြစ်ပါတယ်
ဟု ဦးချစ်ဆောင်ဦးက ဆက်ပြောသည်။ 

“ပြည်ခရိုင်မှာရှိတဲ့ အနုပညာသမားတွေ ပန်းချီ၊ ကဗျာဆရာတွေကို ခေါ်ပြီး ဆရာကြီးရဲ့ ကွယ်လွန်တဲ့ နှစ်ငါးဆယ်မြောက်အထိမ်းအမှတ်အတွက် အားသွန် ခွန်စိုက်နဲ့ ဂုဏ်ပြုပွဲ ကျင်းပရခြင်းဖြစ်ပါတယ်”
ဆရာကြီးသည် ၁၉၆၄ ခု ဇူလိုင်လ ၂၃ ရက်နေ့တွင် အသက်(၈၉) နှစ် အရွယ်တွင် အမှတ်(၅)၊ ချမ်းသာလမ်း၊ စမ်းချောင်းရပ်၊ ရန်ကုန်မြို့ရှိ ၎င်း၏နေအိမ် တွင်ကွယ်လွန် အနိစ္စ ရောက်ခဲ့ရသည်။ 


အဆိုပါ မဟာမှိုင်းအလွန်နှစ်ငါးဆယ်ပြည့် အထိမ်းအမှတ် အခန်းအနားကို ပြည်၊ မန္တလေး၊ မြင်းခြံ။ မုံရွာ၊ ပုသိမ်စသည့် မြို့ကြီးများတွင် ဇူလိုင်လ ၂၃ ရက်နေ့တွင် တပြိုင်တည်း ပြုလုပ်သွားမှာဖြစ်ကြောင်း သိရသည်။ 

 ဇူလိုင် ၂၇ ၇က်နေ့မှ သြဂုတ်လ ၂ ရက်နေ့အထိ ရန်ကုန်မြို့လောကနတ် ပန်းချီပြခန်းတွင် ဆရာကြီး၏ ပုံတူပန်းချီကားများ၊ သမိုင်းဝင်မှတ်တမ်းဓါတ်ပုံများနှင့် ငြိမ်းချမ်းရေးကိုဖော်ကြူးထားသည့် ပန်းချီ လက်ရာများကို ချိတ်ဆွဲပြသ ရောင်းချသွားမည်ဟု သိရသည်။

ရောင်းချရသည့်ငွေထဲမှ (၃၀) ရာခိုင်နှုန်း ကို ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂူဗိမ္မာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ နှင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေး ကွန်ရက်၏ ရံပုံငွေအဖြစ် ထည့်ဝင်လှူဒါန်းသွားမှာ ဖြစ်ကြောင်း ရန်ကုန်တိုင်း သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်မှ ကိုထွန်းဝင်းငြိမ်းက ဧရာဝတီသို့ပြောသည်။ 


ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ပြည်ခရိုင်၊ ရွှေတောင်မြို့ ၀ါးလည်ရွာတွင် မြန်မာသကရာဇ် ၁၂၃၇ ခုနှစ် တပေါင်းလပြည့်ကျော် ၁၄ ရက်နေ့တွင် မွေးဖွားခဲ့သည်။

၁၃၂၆ ခုနှစ် ဒုတိယ၀ါဆိုလဆန်း ၁၄ ၇က်နေ့တွင် ရန်ကုန်မြို့ရှိ  နေအိမ်၌ ကွယ်လွန်အနိစ္စရောက်ခဲ့သည်။ 



ကောင်းမြတ်မင်း ~












0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved