ချစ်စွာသော မိုး ...

Tuesday, July 15, 2014

မနေ့ညနေ အလုပ်မှ ပြန်ခါနီးတွင် မိုးသည်းထန်စွာ ရွာချလိုက်သောကြောင့် ဆိုင်ကယ် အစုတ်လေးနှင့် အိမ်ကိုမည်သို့ ပြန်ရမည်နည်း။ နေတဲ့ အိမ်ကလည်း နီးလှသည် မဟုတ်။ ဒီအတိုင်း အိမ်ပြန်သွားရင်လည်း ကြွက်စုတ် ဖြစ်ဦးမှာ။ ဆိုင်ကယ် အစုတ်ကလဲ မိုးတွင်းဆို သိပ်စိတ်မချရဘူး ... သူလည်း ပိုင်ရှင်လိုပင် ဂျစ်ကန်ကန် နိုင်သလို နှာစေး ချောင်းဆိုး လည်း ဖြစ်တတ် သေးသည်။ လမ်းမှာ ရပ်သွားလို့ကတော့ ဒုက္ခ။

ဒါနဲ့ပဲ အချိန်ကုန်ခံပြီး မိုးစဲမယ့်အချိန်ကို အလုပ်မှာပဲ ပေတေနေရတာပေါ့။ မှန်ပြတင်းပေါက်ကနေ မိုးတွေ သည်းသည်း မည်းမည်း ရွာနေတာကိုကြည့်ပြီး ချက်ချင်းပဲ ငယ်ဘ၀ကို ပြန်အောက်မေ့မိသလို အမေနဲ့ ငယ်သူငယ်ချင်းတွေကို ပြန်မြင်ယောင်မိတယ်။ ရေတွေပြည့်နေတဲ့ လယ်ကွင်းကြီးထဲမှာ သူ့မိသားစု ဝမ်းရေးအတွက် မြုံးတွေထောင် ပုဇွန်တွေ အတူဖမ်းခဲ့ဖူးတဲ့ အဖိုးရဲ့ မျက်နှာကိုလည်း မိုးသည်းသည်း ထဲမှာပဲ မြင်မိလိုက်သလိုလို။

မိုးရွာပြီဆိုရင် အိမ်ကလူကြီးတွေရဲ့စကား နားမထောင်တော့။ အင်္ကျီချွတ်ပြီး လမ်းမပေါ် လျှောက်ပြေးတော့တာပဲ။ ကျနော်ပြေးနေတာကို မြင်ရင်ပဲ အိမ်နီးနားက သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက် အလိုလို ထွက်လိုက်လာ ကြတယ်။ ပြီးရင် လယ်ကွင်းကြီး ထဲကိုသွားပြီး ဂဏန်း ပုဇွန်တွေ လိုက်ဖမ်း။ တစ်ယောက်နဲ့ တစ်ယောက် လိုက်တမ်းပြေးတမ်း ကစားကြ။ ဖားတစ်ပိုင်း ငါးတစ်ပိုင်းလဲ သူ့ဟာသူ ငြိမ်ငြိမ်မနေရ။

မိုးလဲစဲ ... လူလဲပမ်း ... ချမ်းချမ်း တုန်တုန်နဲ့ သူငယ်ချင်းတွေနဲ့ လမ်းခွဲပြီး အိမ်ပြန်ကြတော့ တခါးဝမှာ ကြက်မွှေး တံမြက်စည်းနဲ့ အသင့်စောင့်နေတဲ့ အမေ့ကို မြင်ရင်ပဲ လန့်ဖြန့်ပြီး အိမ်ကို ပတ်ပြေးတော့တာ။ နောက်ဆုံး အမေ့ခမြာ လိုက်မနိုင်တော့တဲ့ အဆုံး အိမ်ပေါ်ပြန်တက်၊ ကိုယ်သုတ်ဝတ်နဲ့ အင်္ကျီဘောင်းဘီတွေကိုယူပြီး အဝတ်အစား လဲပေးဖို့ စိတ်တိုတိုနဲ့ စောင့်နေလေရဲ့။ ကျနော်လဲ ကုပ်ချောင်း ကုပ်ချောင်းနဲ့ ပြန်တက် အဝတ်အစားလဲ ... ပြီးရင် ငါးပိ တို့စရာနဲ့ လွေးပြီးရင် အိပ်ပေတော့။

ကျောင်းပိတ်တဲ့ နေ့ဆိုရင် သူငယ်ချင်း လေးငါးယောက်စုပြီး အဖိုးရဲ့လှေနဲ့ လယ်ကွင်းပြင်ထဲကို အမြဲလိုက်သွားတယ်။ ကျနော်တို့ တာတေလန် အုပ်စုအကြောင်း ကိုတော့ အဖိုးက နောကျေနေတာမို့ လိုက်ခွင့်ပြုတယ်။ မပြုရင်လဲ အခြားလှေ တစ်စီးစီးနဲ့ မရမကလိုက်မှာကိုး။ လယ်ကွင်းဆိုတာ နွေအခါ သီးနှံစပါး စိုက်ပျိုးပေမယ့် မိုးအခါကျရင် လယ်ကွင်းထဲကို ချောင်းထဲကရေတွေက တူးမြောင်းက တဆင့် စီးဝင်ပြီး ပြည့်လျှံနေရော။

မိုးတွေသည်းသည်း မဲမဲရွာနေတဲ့ အဲဒီကွင်းထဲမှာ အဖိုးက မြုံးထောင်တော့ ကွင်းရေလယ်ထဲမှာပဲ လင့်စင်ဆောက်ပြီး နေတယ်လေ။ လင့်စင်လေးက အတော်ကျယ်ပါတယ်။ အဲဒီမှာရောက်ရင် အဖိုးက မြုံးမဖော်သေးပဲ ထမင်းအရင်တည်၊ ငရုပ်သီးနဲ့ စိမ်းစားငါးပိတွေကို မီးကင်၊ ဟင်းချိုချက်။ ပုစွန်ထုပ်တွေကင်။ ကျနော်တို့က အဖိုးရဲ့လှေကိုယူပြီး ကျနော်တို့ တာတေအုပ်စု သောင်းကြမ်းပြီ။ ရေထဲမှာ ကြီးပြင်းလာကြ သူတွေမို့ လှေမှောက်မှာလဲ မကြောက်ရ။ လှေပေါ်မှ ဒိုက်ထိုးချ ... ခုန်ဆင်းပြီး ရေကူးကြနဲ့ ဘ၀မှာ ပူပင်သောကကင်းပြီး ပျော်စရာအကောင်းဆုံး အချိန်ပါ။

မိုးကိုချစ်တဲ့ကျနော် ခုလောလောဆယ်တော့ မိုးစဲမယ့်အချိန်ကို စိတ်ပျက်စွာနဲ့ပဲ ထိုင်စောင့်နေရဆဲ။ အဲဒီ ငယ်ဘ၀ အချိန်လေး ... သူငယ်ချင်းများနဲ့ မိုးတောထဲမှာ ပြေးလွှားလျှော့ကစားခဲ့တဲ့ အချိန်လေး ... ဘယ်တော့မှ ပြန်မရနိုင်တော့ပါ။ ဒါပေမယ့် ကျနော် မိုးကို ချစ်တုန်းပါပဲ ... ကျနော် စိတ်ပျက် အားငယ်နေချိန် မိုးရေထဲမှာ တစ်ယောက်ထဲ လမ်းလျှောက်တဲ့အခါ မိုးစက်များက ကျနော့်ကို ဖေးမအားပေးနေသလိုလို ထူးခြားတဲ့အားအင် တစ်ခုခုကို ခံစားရမိနေဆဲပင်။

အဉ္ဇလီ

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved