ဟင်္သာတမှာ ကျောင်းသားမိဘတွေ ဆန္ဒပြမယ်

Saturday, August 2, 2014

 ~




ကျောင်းသားတွေ ဆန္ဒပြမယ် ဆိုတာ ကြားရတတ်တဲ့သတင်းဆိုပေမယ့် ကျောင်းသားမိဘတွေ ဆန္ဒပြမယ် ဆိုတာကိုတော့ ကြားဖူးကြမယ် မဟုတ်ပါဘူး။


ဟင်္သာတမြို့မှာတော့ ကျောင်းသားမိဘတွေ ဆန္ဒပြဖို့ ပြင်ဆင်နေကြပါပြီ။

ဒီအကြောင်း ဧရာဝတီတိုင်းဒေသကြီးအခြေစိုက် သတင်းထောက် ဆလိုင်းသန့်စင်က  သတင်းပေးပို့ထားပါတယ်။

  ပညာရေးဌာနတာဝန်ရှိသူတွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေအပေါ် ကျေနပ်မှု မရှိတဲ့အတွက်  ကျောင်းသားမိဘတချို့က ဟင်္သာတခရိုင် ပညာရေးမှူး၊  မြို့နယ် လက်ထောက်ပညာရေးမှူး၊ သုံးခွကျေးရွာအလယ်တန်းကျောင်းက ဆရာမ ၃ ဦးကို ဆန္ဒပြဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ဟင်္သာတမြို့နယ် တံတားဦးကျေးရွာအုပ်စု သုံးခွကျေးရွာအလယ်တန်းကျောင်းခွဲမှာ တာဝန်ကျနေတဲ့ ဆရာမ ၃ ဦးဟာ ကျောင်းသားတွေအပေါ် ဂရုတစိုက် စာပေသင်ကြားမှုနည်းပါးတယ်၊
 ကျောင်းပျက်တယ်၊ ကျောင်းချိန်နောက်ကျတယ်၊  လုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမများအပေါ် တင်းမာစွာ ပြောဆိုဆက်ဆံတယ်လို့ ဆန္ဒပြဖို့ ပြင်နေသူတွေက ပြောပါတယ်။

ဒီဆရာမ ၃ ဦးကို အရေးယူဖယ်ရှားပေးဖို့ ကျောင်းသားမိဘတွေက ၂၀၁၃ ခုနှစ်ကတည်းက သက်ဆိုင်ရာ တိုင်းပညာရေးမှူးနဲ့ ဧရာဝတီတိုင်းအစိုးရအဖွဲ့အထိ တိုင်ကြားပေမယ့် အခုချိန်အထိ တစုံတရာအရေးယူဖယ်ရှားခြင်းမရှိတဲ့အတွက် ဆန္ဒဖော်ထုတ်ဖို့ စီစဉ်ရတာဖြစ်တယ်လို့ ကျောင်းအကျိုးတော်ဆောင်အဖွဲ့က ပြောပါတယ်။

“ကျနော်တို့ရွာက ဆရာမ ၃ ဦးပေါ့လေ။ သူတို့တွေက အရမ်းကို စည်းကမ်းပျက်နေတယ်။ ကိုယ့်လယ်ကို ကိုယ်ဆင်းလုပ်ပြီး တမနက်ကုန်မှ နေ့လည်ခင်းကျမှ ကျောင်းကိုလာတယ်။
ကျောင်းဆရာမတွေက တဦးနဲ့တဦး တွယ်ကပ်နေပြီး တယောက်ကကျောင်းသွားမှ နောက်တယောက်က သွားတယ်။
တယောက်မသွားရင် နောက်တယောက်ကလည်း မသွားဘူး။
စာလည်း ကောင်းကောင်းမသင်ဘူး။
ဒီလိုဖြစ်နေတာ ဆရာမ ၄ ဦးရှိတယ်။
၁ ဦးကတော့ ရပ်ရွာက ၀ိုင်းတိုင်လို့ ပြုပြင်သွားပေမယ့် ၃ ဦးကတော့ အခုထက်ထိ ဒီအတိုင်းပဲဖြစ်နေလို့ ဆန္ဒဖော်ထုတ်တာပါ”လို့ သုံးခွကျေးရွာ ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင် ဦးမြ၀င်းက ဧရာဝတီကို ပြောပါတယ်။

ဟင်္သာတခရိုင်ပညာရေးမှူးကတော့ ကျောင်းသားတွေပညာရေးနဲ့ ကျောင်းသားမိဘတွေရဲ့ တင်ပြချက်တွေအပေါ် အလေးထား ဆောင်ရွက်ပေးခြင်းမရှိတဲ့အတွက်ဖြစ်ပြီး ဟင်္သာတမြို့နယ် လက်ထောက်ပညာရေးမှူးကတော့ ငွေတောင်းခံတဲ့အတွက် အခုလို ဆန္ဒဖော်ထုတ်ရတာပါလို့ ဆန္ဒပြပွဲဦးဆောင်သူတွေက ပြောပါတယ်။

ဆန္ဒဖော်ထုတ်ဖို့အတွက် ဟင်္သာတမြို့နယ် တံတားဦးကျေးရွာအုပ်စု သုံးခွကျေးရွာ အလယ်တန်းကျောင်းခွဲက ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင်တွေဖြစ်တဲ့ ဦးမြင့်စိုးနဲ့ ဦးမြ၀င်းတို့က ဦးဆောင်ပြီး လာမယ့် သြဂုတ်လ ၅ ရက်နေ့မှာ ဆန္ဒဖော်ထုတ်ဖို့  ဟင်္သာတမြို့နယ် ရဲတပ်ဖွဲ့မှူးထံ မနေ့က တင်ပြထားပါတယ်။

ဆန္ဒပြပွဲဖြစ်လာခဲ့ရင်တော့ ဧရာဝတီတိုင်းဒေသကြီးမှာ ပညာရေးဌာနတခုကို ပထမဆုံးဆန္ဒပြတဲ့ ဆန္ဒပြပွဲတခုအဖြစ် မှတ်တမ်းဝင်သွားမှာဖြစ်သလို ဟင်္သာတမြို့အနေနဲ့လည်း ဌာနဆိုင်ရာတခုကို မြိုခံတွေက ပထမဆုံးဆန္ဒပြတဲ့ပွဲတခုလည်း ဖြစ်သွားမှာဖြစ်ပါတယ်။

ဆန္ဒပြမယ့်အစီအစဉ်ကတော့ သြဂုတ်လ ၅ ရက်နေ့ နံနက် ၁၀ နာရီကနေ နေ့လည် ၁ နာရီအတွင်း ဟင်္သာတမြို့နယ်က ကျောင်းသားမိဘတွေဟာ ဟင်္သာတခရိုင် ပညာရေးမှူးရုံး၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့ရဲ့လူစည်ကားရာနေရာတွေမှာ လှည့်လည်ဆန္ဒပြဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှာ ၂၀၁၄ ခုနှစ်အတွင်း ဌာနဆိုင်ရာတွေကို ဆန္ဒပြမှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပါတယ်။
ယခုနှစ် မေလအတွင်းက ပုသိမ်မြို့အခြေစိုက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကို လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဆန္ဒပြမှုဖြစ်ပွားခဲ့သလို ဇူလိုင်လ ဒုတိယပတ် အတွင်းမှာလည်း လူနာတဦး အဆုံးစီရင်ခဲ့တာနဲ့ ပတ်သက်လို့ မြောင်းမြဆေးရုံက ဆရာဝန်၊ ဆရာမတွေကို မြောင်းမြမြို့ခံတွေက ဆန္ဒပြခဲ့ကြပါတယ်။

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved