တိုင်းရင်းသားစာပေနဲ့ သတင်းစာ ပေါ်ထွက်လာ

Saturday, August 2, 2014

လူမျိုးတမျိုးရဲ့ အသက်ဟာ စာပေဖြစ်ပါတယ်။ စာပေပျောက်ရင် လူမျိုးပျောက်သလို စာပေတိုးတက် ထွန်းကားခြင်းဟာ လည်း လူမျိုးတင့်တယ်တည်ရှိခြင်းလည်း မည်တယ်လို့ ရှေးပညာရှိတွေ ဆိုခဲ့ကြပါ တယ်။ 

 မြန်မာစာဖြင့် ထုတ်ဝေနေကြတဲ့ ဂျာနယ်၊ သတင်းစာများ

မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံနေထိုင်ကြတာကြောင့် တိုင်းရင်းသား စာပေ ထိန်းသိမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စတွေဟာ အရေးကြီးကြောင်း တချို့က ထုတ်ပြောကြပေမယ့် အရင်အစိုးရအဆက် ဆက်က ထိထိရောက်ရောက် အကောင်အထည်မဖော်ခဲ့ပါဘူး။ 

ဒီလိုအခြေအနေကနေ ထူးထူးခြားခြား တိုင်းရင်းသားတွေအတွက် သတင်းကောင်းတပုဒ် ဇူလိုင်လ ၃၁ ရက်
နေ့က နိုင်ငံပိုင် ကြေးမုံသတင်းစာမှာ ဖော်ပြလာပါတယ်။ 

“တိုင်းရင်းသားများ အသိဉာဏ်ပညာတိုးတက်စေရေး တိုင်းရင်းသားသတင်းစာထုတ်ဝေ” ဆိုတဲ့ သတင်း
ခေါင်းစဉ်နဲ့ပါ။ 



မွန်ဘာသာ၊ ကရင် (စကော)ဘာသာ၊ ကရင်(ပိုး)ဘာသာနှင့် ပအိုဝ်းဘာသာ တို့နဲ့ ပုံနှိပ်ထားတဲ့ တိုင်းရင်း သား သတင်းစာကို မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းမှာ ထုတ်ဝေ သွားမယ်လို့ ဆိုတယ်။ 

“ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း မော်လမြိုင် ကိုယ်ပွားသတင်းစာတိုက်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် သြဂုတ် ၁ ရက်တွင် ရိုက်နှိပ် ထုတ်ဝေသွားမည်ဖြစ်ပြီး သြဂုတ် ၃ ရက်မှစတင်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ထုတ်ဝေ သွားမည်ဖြစ်သည်” လို့ ကြေးမုံသတင်းတပုဒ်မှာ ရေးထားပါတယ်။ 

ဆက်ပြီး သတင်းမှာ ရေးထားတာက “ယခုထုတ်ဝေသည့် တိုင်းရင်းသားသတင်းစာသည် လွယ်လွယ်ကူ ကူဖြင့် ထုတ်လုပ် နိုင်ခဲ့ခြင်းမဟုတ်ဘဲ သင်ယူလိုစိတ်ပြင်းထန်ပြီး တက်ကြွသည့်တိုင်းရင်းသား လူငယ်များ၏ ကျားကုတ် ကျားခဲကြိုးစားမှု၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ အားပေးပါဝင်ဆောင် ရွက် မှု၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တကွ ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ပံ့ပိုးဖြည့် ဆည်းမှု စသည့်ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင်ဆောင်ရွက်မှု များကြောင့်ဖြစ်ကြောင်း” ဆက်ရေးထားတယ်။ 

တိုင်းရင်းသား ပေါင်းစုံနဲ့ စုစည်းဖွဲ့ထားတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံမှာ တိုင်းရင်းသား ဘာသာစာပေနဲ့ အစိုးရ သတင်းစာကို အထက်ကလို ခက်ခက်ခဲခဲနဲ့ ကြိုးစားမှုကြောင့်သာ ပေါ်ထွက် လာတယ်ဆိုပေမယ့် ဒါဟာ သတင်းကောင်း တပုဒ်လို့ ပြောရမှာပါ။ 

ဒါပေမယ့် အစိုးရသတင်းစာက တိုင်းရင်းသားတွေကို ဝါဒဖြန့်ချီတဲ့ ပုံစံမျိုးနဲ့ မဟုတ်ပဲ အမှန်တကယ် စိတ်ရင်း စေတနာမှန်နဲ့ လုပ်ဆောင်ရင်တော့ အတိုင်းထက် အလွန်ပါဘဲ။

ဒါပေမယ့် တိုင်းရင်းသား စာပေနဲ့ အစိုးရသတင်းစာသာ ပေါ်ထွက်လာသေးပြီး ကျမ သိရသလောက် သက်ဆိုင်ရာ တိုင်းရင်းသား စာပေအသင်းတွေ ဒါမှမဟုတ် ပုဂ္ဂလိက တိုင်းရင်းသား စာပေနဲ့ ထုတ်လုပ်တဲ့ သတင်းစာမျိုးတော့ အခုထိ မကြားရသေးပါဘူး။ 

မြန်မာစာ၊ မြန်မာစကားဟာ မြန်မာနိုင်ငံမှာ အများသုံးဘာသာစကား ဖြစ်ပေမယ့် တိုင်းရင်းသား ဘာသာ စကား၊ စာပေတွေကို တိုင်းရင်းသား အားလုံးက လေးစားအသိအမှတ်ပြုပြီး ထိန်းသိမ်းသင့်ကြပါတယ်။ 

တိုင်းရင်းသားတိုင်းရဲ့ စာပေ၊ ယဉ်ကျေးမှုကို အစိုးရရဲ့ အားပေးထောက်ခံမှုတွေသာမက တိုင်းရင်းသား 
တွေ ကိုယ်တိုင်ကလည်း လေးလေးစားစား ထိန်းသိမ်းမှုတွေ လုပ်ဆောင်သင့်ပါတယ်။ 

ဒါမှသာ ကိုယ့်တိုင်းရင်းသားမျိုးနွယ်ကို ထိန်းသိမ်းစောင့်ရှောက်တာလည်း မည်တယ်လို့ ရှုမြင်ပါတယ်။ ပုဂ္ဂလိက တိုင်းရင်းသား စာပေနဲ့ ထုတ်လုပ်တဲ့ သတင်းစာများ ပေါ်ထွန်းလာစေဖို့ ဒီပို့စ်ကို ရည်ရွယ်ရေး သားလိုက်ပါတယ်။ 


အိမ့်သံစဉ် ~ 


 

.






0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved