ဝန်ကြီးသစ် ဦးရဲထွဋ် Facebook မှာ ကတိသစ္စာပြု

Friday, August 1, 2014

 ~



ပြန်ကြားရေးဝန်ကြီးသစ် ဖြစ်လာသူ ဦးရဲထွဋ်က သမ္မတရဲ့  ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များမှာ "ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ပါဝင်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း ကတိပြုပါတယ်" လို့ သူ့ ဖေ့စ်ဘုတ်မှာ အခုလေးတင် ရေးသားလိုက်ပါတယ်။



သူ ဖေ့စ်ဘုတ်စာမျက်နှာကိုလည်း ဆက်ဖွင့်ထားမယ်၊ ယဉ်ယဉ်ကျေးကျေး ဝေဖန်အကြံပြုဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

သူ့ရဲ့ ရေးသားချက်တွေကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။



ကျွန်တော်ကို ယနေ့ သြဂုတ်လ ၁ ရက်နေ့မှာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန် ပေးအပ်ခြင်းကို ပြည်ထောင်စုလွှတ်တော်က သဘောတူခဲ့ပြီး နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် ၁၈/ ၂၀၁၄ နဲ့ ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။

ကျွန်တော့်ကို ယုံကြည်စွာတာဝန်ပေးအပ်တဲ့ သမ္မတကြီးနဲ့ တာဝန်ပေးအပ်မှုအပေါ် သဘောတူခဲ့တဲ့ ပြည် ထောင်စုလွှတ်တော်ကို ကျေးဇူးတင်ပါတယ်။ အဲဒီယုံကြည်မှုများနဲ့ ထိုက်တန်တဲ့ ပေးဆပ်မှုအဖြစ် သမ္မတကြီး၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ပါဝင်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း ကတိပြုပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနမှာ ရာထူးအဆင့်ဆင့် တိုးမြှင့်တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း ကျွန်တော့် အထက် အကြီးအကဲများဖြစ်ခဲ့တဲ့ ပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်း၊ ဦးအောင်ကြည်နဲ့ ညွှန်ကြားရေးမှူးချုပ် ဦးချစ်နိုင်တို့ရဲ့ သွန်သင်ဆုံးမမှုများဟာလည်း ယခု တာဝန်သစ်ကို အောင်မြင်စွာထမ်းဆောင်နိုင်ဖို့အတွက် ကြီးမားတဲ့ ပံ့ပိုးမှုများဖြစ်ပါတယ်။

အဲဒီလိုပဲ ဗိုလ်လောင်းဘ၀ကစပြီး ကျွန်တော်အမှုထမ်းသက်တစ်လျှောက် သင်ဆရာ၊ မြင်ဆရာများ၊ အတူလက်တွဲထမ်းဆောင်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်များ၊ အားပေးကူညီခဲ့တဲ့ မိဘ ညီ အကိုမောင်နှမများနဲ့ ကျွန်တော့်မိသားစုဟာလည်း ဒီတာဝန်ကိုထမ်းဆောင်နိုင်ဖို့အတွက် အထောက်အကူ များဖြစ်ပါတယ်။

ကျွန်တော့်အတွက် ရာထူးတိုးမြှင့်ခံရခြင်းဟာ အခွင့်အရေးကို တိုးမြှင့်ခံစားရန်မဟုတ်ဘဲ တာဝန်ကို ပိုမို ထမ်းဆောင်ရန် ဖြစ်တယ်လို့ပဲ ခံယူထားပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အရေးကြီးဆုံးဆောင်ရွက်ရမယ့်လုပ်ငန်းကတော့ အစိုးရ ဌာနများနဲ့ စာနယ်ဇင်းများအကြား တနည်းအားဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ စတုတ္ထမဏ္ဍိုင်ကြား ကျင့်ဝတ်နဲ့ အပြန်အလှန်လေးစားမှုကို အခြေခံတဲ့ ကောင်းမွန်တဲ့ မီဒီယာဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့ပဲဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်တဲ့အခါမှာ ကျွန်တော့်ကို ယုံကြည်သူရှိသလို၊ မယုံကြည်သူ၊ လက်မခံနိုင်သူတွေလည်း ရှိမှာ ပါ။ မယုံကြည်သေးသူများလက်ခံလာအောင် ပူးပေါင်းဆောင်ရွက်လာအောင် အစွမ်းကုန်ကြိုးစားပါ့မယ်။ ကျွန်တော့် လုပ်ငန်းများကိုရိုးသားပွင့်လင်းစွာပဲဆောင်ရွက်မှာဖြစ်ပြီး အယူအဆအားလုံး အထူးသဖြင့် မတူ ကွဲပြားတဲ့အမြင် များကို ပိုပြီးအလေးထားနားထောင်ပါ့မယ်။

ကျွန်တော့်ရဲ့ Facebook စာမျက်နှာကိုလည်း ဆက်ပြီးဖွင့်ထားပါ့မယ်။ ဝေဖန်အကြံပြုလိုသူများကလည်း ဒီစာမျက်နှာကနေ နိုင်ငံကြီးသားပီသစွာ ယဉ်ကျေးသိမ်မွေ့စွာနဲ့ ဝေဖန်အကြံပြုပေးကြပါရန် ဖိတ်ခေါ်ပါတယ်။

 



.

6 comments :

  1. Anonymous said... :

    ဒီမိုကရေစီစံနစ်နဲ့အံမဝင်ပဲဘေးချော်ထွက်နေတဲ့လူပါ

  1. ဦးကြောင်ကြီး said... :

    နိုင်ငံဂျီးသား ပီသရအောင် မြန်တျန့်ပြည်က ဘယ်လောက်များ ကြီးနေလို့လဲကွ.. ငါ့ကောင်ဂျီးယ

  1. Anonymous said... :

    နိုင်ငံတော်ုအကျိုကိုးဆထက်တပိုး ထမ်းရွက်နိုင်ပါစေ။

  1. Anonymous said... :

    အဆဲခံရအောင်လုပ်ရင်တော့...ဆဲတဲ့သူအပြစ်မပာုတ်ဘူးနော်။

  1. Anonymous said... :

    ပြည်​သူ့ကိုယ်​စားပြု ပြည်​​ထောင်​ဝန်​ကြှီးဖြစ်​ပါ​စေလို့ ဆု​တောင်းပါတယ်

  1. Anonymous said... :

    နိုင်ငံကြီးသားပီသစွာ ယဉ်ကျေးသိမ်မွေ့စွာဖြစ်ဖို့ ဘယ်သူကြိုးစားဖို့လိုလဲလို့ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ပါ။ ကိုယ့်ရဲ့အသက်မွေးမှုက သန့်ရှင်းရဲ့လား...အကုသိုလ်ကင်းရဲ့လားဆိုတာ ??????????

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved