အီဘိုလာဗိုင်းရပ်စ်ရောဂါ သတိပေးနှိုးဆော်ချက်

Saturday, August 23, 2014


 ~




အီဘိုလာဗိုင်းရပ်စ်ရောဂါပြန့်နေတဲ့ အာဖရိကတိုက်ဘက်က ပြန်လာပြီး ရန်ကုန်လေဆိပ်အရောက်မှာ သံသယလူနာအဖြစ် သတ်မှတ်ခံရတဲ့ မြန်မာအမျိုးသားမှာ ငှက်ဖျားပိုး
ရှိနေတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။


  •  အီဘိုလာသံသယရှိသူတဦးတွေ့ရှိခဲ့တဲ့ ရန်ကုန်လေဆိပ်မှာ ကြိုတင်ကာကွယ်မှုပြုလုပ်ထားသူတချို့ကို   သြဂုတ်၂၀ ရက်နေ့က အခုလို တွေ့ရပါတယ် (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

သူ့နဲ့အတူ ကာလအတန်ကြာ အနီးကပ်ရှိခဲ့တဲ့ ခရီးသွားဖော် ၄ ဦးမှာတော့ ဘာရောဂါမှ မတွေ့ဘူးလို့ ဆိုပါတယ်။

သံသယလူနာမှာ အီဘိုလာဗိုင်းရပ်စ် ရှိမရှိ ဆိုတာ သိဖို့ ဓာတ်ခွဲစမ်းသပ်မှုကို အိန္ဒိယပို့ထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးပါတယ်။

အီဘိုလာနဲ့ ပတ်သက်ပြီး ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်ကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။
အီဘိုလာဆိုတာ ဘာလဲ၊ ဘယ်လို ကာကွယ်မလဲ ဆိုတာတွေကို ထုတ်ပြန်ချက်မှာ တွေ့ရပါမယ်။

  • အီဘိုလာဗိုင်းရပ်စ်ရောဂါ သတိပေးနှိုးဆော်ချက်

အီဘိုလာဗိုင်းရပ်စ်ရောဂါသည် ကူးစက်မြန်ရောဂါတစ်မျိုးဖြစ်ပြီး ကုသ ရန်ခက်ခဲသည့်အပြင် ရောဂါပြန့်ပွားမှုအား ထိန်းချုပ်ရန်အလွန်ခက်ခဲသော ရောဂါဖြစ်ပါသည်။

ယခုအခါ အာဖရိကအနောက်ပိုင်းဒေသရှိ Guinea, Liberia, Nigeria & Sierra Leone နိုင်ငံတို့တွင် ရောဂါကူးစက်ဖြစ်ပွားနေပြီး ရောဂါဖြစ်ပွား သူများ၏ (၉၀)ရာခိုင်နှုန်း အသက်ဆုံးရှုံးနိုင်ပါသည်။

အီဘိုလာဗိုင်းရပ်စ်ရောဂါကူးစက်နိုင်သော နည်းလမ်းများ အီဘိုလာဗိုင်းရပ်စ်ရောဂါသည် ရောဂါပိုးရှိသောလူ (သို့မဟုတ်) တိရစ္ဆာန်၏ တံတွေး၊ သွေး၊ ခန္ဓာကိုယ်မှထွက်သော အရည်တို့နှင့် တိုက်ရိုက် ထိတွေ့ကိုင်တွယ်ခြင်း။

အဆိုပါ သွေးနှင့် ခန္ဓာကိုယ်မှ အရည်များထိတွေ့ထားသော အရာဝတ္ထု များနှင့် ထိတွေ့ကိုင်တွယ်ခြင်းတို့မှ ကူးစက်နိုင်သည်။

ဆားစ်၊ လူတုပ်ကွေးကပ်ရောဂါ၊ H7N9 ကြက်ငှက်တုပ်ကွေးရောဂါ၊ မားစ်ပြင်းထန်အဆုတ်ရောင်ရောဂါ (MERS CoV)တို့ကဲ့သို့ လေထဲမှ တစ်ဆင့် ကူးစက်နိုင်သောရောဂါမဟုတ်ပါ။

အီဘိုလာရောဂါသည် လေ၊ ရေ၊ အစားအစာတို့မှတစ်ဆင့် မကူးစက် နိုင်ပါ။

ယခုအချိန်အထိ အီဘိုလာဗိုင်းရပ်စ်ရောဂါကို ကာကွယ်ကုသရန် ဆေးမရှိ သေးပါ။ ရောဂါမဖြစ်ပွားရန် ကာကွယ်ရန် အရေးကြီးပါသည်။

ရောဂါပိုးရှိသော လူနာနှင့်တိရစ္ဆာန်တို့၏ တံတွေး၊ သွေး စသော ခန္ဓာ ကိုယ်အရည်များအား ကိုင်တွယ်ထိတွေ့သူများတွင် အဓိကရောဂါကူးစက် နိုင်ခြေရှိသဖြင့် ကာကွယ်သည့်နည်းလမ်းများကို တိကျစွာလိုက်နာ ဆောင်ရွက် ရန် လိုအပ်ပါသည်။

အီဘိုလာဗိုင်းရပ်စ်ရောဂါသံသယလက္ခဏာများ အီဘိုလာဗိုင်းရပ်စ်ရောဂါ ကူးစက်ဖြစ်ပွားနေသောနိုင်ငံများ အထူးသဖြင့် (အနောက်အာဖရိကနိုင်ငံများ)သို့ သွားရောက်ခဲ့သူများ (သို့မဟုတ်)နိုင်ငံ တကာခရီးသွားသူများ၊ ကူးစက်မြန် အီဘိုလာရောဂါလူနာအား တိုက်ရိုက် ပြုစုကုသ ထိတွေ့ကိုင်တွယ်ခဲ့သူများ၊ ရောဂါရှိသော တောရိုင်းတိရစ္ဆာန်များ အား ထိတွေ့ကိုင်တွယ်သူများတွင်ဖျား ခြင်း၊ အားအင်ချည့်နဲ့ခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ အန်ခြင်း၊ အရည်ဝမ်းသွားခြင်း၊ အီဘိုလာဗိုင်းရပ်စ်ပိုးသည် အသည်းနှင့်ကျောက်ကပ်များ ပျက်စီးနိုင် သဖြင့် ခန္ဓာကိုယ်အတွင်းနှင့်အပြင် သွေးယိုထွက်မှုရှိခြင်းကြောင့် အသက် အန္တရာယ် ဖြစ်နိုင်ပါသည်။

အီဘိုလာဗိုင်းရပ်စ်ရောဂါကူးစက်မှုမရှိစေရေး ကာကွယ်ရန်နည်းလမ်းများ

၁။ တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုပြုပါ။
၂။ လက်ကို ရေနှင့်ဆပ်ပြာဖြင့် မကြာခဏဆေးကြောပါ။

၃။ ရောဂါပိုးရှိသူ၏ သွေးနှင့် ၎င်းခန္ဓာကိုယ်မှထွက်သော အရည်များအား ထိတွေ့ကိုင်တွယ်ခြင်း မပြုရ။
၎။ ရောဂါပိုးရှိသော လူ၊ တိရစ္ဆာန်တို့၏သွေးနှင့် ၎င်းခန္ဓာကိုယ်မှ ထွက် သော အရည်များရှိနိုင်သည့် (အရာဝတ္ထုပစ္စည်း၊ ခုံများ၊ စားပွဲများ၊ အိပ်ရာ၊ လှေကား လက်ရန်း၊ နံရံစသည်တို့အား)ထိတွေ့ကိုင်တွယ်ခြင်း မပြုရ။

၅။ အထူးသဖြင့် အီဘိုလာဗိုင်းရပ်စ်ရောဂါ ကူးစက်ဖြစ်ပွားသော နိုင်ငံများသို့ သွားရောက်ခဲ့သူများနှင့် နိုင်ငံတကာခရီးသွားသူများတွင် အောက် ဖော်ပြပါ သံသယလက္ခဏာများဖြစ်ပေါ်လာပါက ကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပို့ ဆေးကုသမှုခံယူပါ။ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နုံးချည့်ခြင်း၊ လည်ချောင်းနာခြင်း၊ အရည်ဝမ်း သွားခြင်း၊ အန်ခြင်း၊ ခန္ဓာကိုယ်အတွင်းနှင့်အပြင် သွေးယိုထွက်မှုရှိခြင်း။
၆။ အထက်ပါ သံသယလက္ခဏာဖြစ်ပွားသူများ တွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပို့ပါ။

၇။ နိုင်ငံခြားသို့ ခရီးသွားရောက်ရန် အစီအစဉ်ရှိပါက ရောဂါဖြစ်ပွား ကူးစက်နေသည့် နိုင်ငံများသို့ သွားရောက်ခြင်းကို ရှောင်ကြဉ်ပါ။ ကျန်းမာရေးဝန်ကြီးဌာနမှ အီဘိုလာရောဂါ ကြိုတင်ကာကွယ်ကုသ ထိန်းချုပ်ရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ သတိပေးနှိုးဆော်ချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်ပါ။

ကျန်းမာရေးဝန်ကြီးဌာန

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved