သရက်သီးမှပေးသော ကျန်းမာရေးကောင်းကျိုးများ

Wednesday, June 3, 2015



photo - foodfacts.mercola.com

သရက်သီးဟာ စားလို့အလွန်ကောင်းတဲ့ အသီးဖြစ်ရုံသာမက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးလည်း ဖြစ်ပါတယ်။ “အသီးမှာ သရက်” လို့ပင်ခေါ်ဆိုရသော အသီးများရဲ့ ဘုရင် သရက်သီးကို စားသုံးခြင်းအားဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေ၊ သရက်သီးနဲ့ ပတ်သက်တဲ့ သဘောကျဖွယ်ရာ အချက်အလက်တွေ သတိထားရမယ့် အချက်တွေကိုလည်း လေ့လာနိုင်ပါတယ်။


ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးများ

ကင်ဆာရောဂါဖြစ်ခြင်းမှကာကွယ်ပေးခြင်း

လေ့လာတွေ့ရှိချက်တွေအရ သရက်သီးမှာပါရှိတဲ့ ဓါတ်တိုးဆန့်ကျင် အာနိသင်ဟာ အူမကြီး၊ ရင်သား၊ သွေးနဲ့ ဆီးကြိတ် ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။ သဘာဝဓါတ်ပေါင်းများနဲ့ အင်ဇိုင်းအမျိုးမျိုးနဲ့ ပြည့်ဝနေတာကလည်း သရက်သီးပဲဖြစ်ပါတယ်။
သရက်သီးမှာပါဝင်တဲ့ ဖိုင်ဘာမျှင်များ၊ ပက်တင်နဲ့ ဗိုက်တာမင်စီများမှာ လူရဲ့ခန္ဓာကိုယ်ကို ဒုက္ခဖြစ်စေတဲ့ သွေးတွင်းကိုလက်စထရောကို လျှော့ချပေးနိုင်ပါတယ်။

သရက်သီးအား အသားအရေကောင်းမွန်ဖို့ရန်အတွက် စားသုံးခြင်း၊ အရေပြားပေါ်တွင် သုတ်လိမ်းခြင်း အားဖြင့်လည်း အသုံးပြုနိုင်ပါတယ်။ သရက်သီးဟာ ချွေးပေါက်များကို ကျဉ်းစေတဲ့အပြင် ၀က်ခြံများကိုလည်း ဖယ်ရှားပစ်နိုင်ပါတယ်။

သရက်သီးဖျော်ရည်တစ်ခွက်ကို သောက်သုံးခြင်းအားဖြင့် လူတစ်ဦးအတွက် တစ်နေ့လျှင်လိုအပ်တဲ့ ဗိုက်တာမင် အေ ပမာဏရဲ့ ၂၅ ရာခိုင်နှုန်းကို ဖြည့်တင်းပေးနိုင်ပြီး မျက်စိအမြင်အာရုံ အားကောင်းစေတဲ့အပြင် ကြက်မျက်သင့်ခြင်း၊ မျက်ရည်ခမ်းခြောက်ခြင်းများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
သရက်သီးတွင်တွေ့ရှိရတဲ့ တာတရစ် အက်ဆစ်၊ မဲလက် အက်ဆစ်၊ စစ်ထရစ် အက်ဆစ်များဟာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အယ်ကာလိုင်းတွေကို ထိန်းညှိပေးထားပါတယ်။

သရက်ပင်ရဲ့အရွက်တွေဟာ သွေးအတွင်းရှိ အင်ဆူလင်အခြေအနေကို သာမန်အနေအထားရှိစေရန် ကူညီပေးပါတယ်။ သရက်အရွက်များကို ရေနဲ့ပြုတ်လို့တစ်ညတာသိုထားပြီး နောက်တစ်နေ့မနက်မှာ အဲဒီအပြုတ်ရည်စစ်ယူ သောက်သုံးခြင်းအားဖြင့်လည်း အိမ်တွင်းဆီးချိုကုသနည်းအဖြစ် အသုံးပြုနိုင်ပါတယ်။ သရက်သီးမှာတွေ့ရှိရတဲ့ ဂလိုက်စရင်း ပါဝင်မှုအညွှန်းပမာဏမှာလည်း ၄၁မှ၆၀အထိသာ ရှိသောကြောင့် စားသုံးတဲ့အခါ အချိုဓါတ်လွန်ကဲမှုအတွက် စိုးရိမ်စရာမရှိပါဘူး။

သရက်သီးမှာ ဗိုက်တာမင် အီး ပမာဏများစွာ ပါဝင်ပါတယ်။ ယခင်က တိရိစ္ဆာန်များကို အသုံးပြုလျက် ဗိုက်တာမင်အီး နှင့် ကာမဆက်ဆံမှုတို့၏ ဆက်စပ်မှုအကြောင်းကို မှားယွင်းစွာ ကောက်ချက်ချ သုံးသပ်မိခဲ့ ကြသော်လည်း ယခုနောက်ပိုင်းလေ့လာတွေ့ရှိမှုများအရ သရက်သီးမှပေးသော သင့်တင့်မျှတတဲ့ ဗီတာမင် အီး ဟာ ကာမဆက်ဆံမှုကို အားကောင်းစေရန် ပံ့ပိုးပေးနိုင်ကြောင်း ဖော်ပြထားပါတယ်။

သဘောင်္သီးတစ်မျိုးတည်းကသာ ပရိုတင်းများကို ခြေဖျက်ပေးနိုင်သော အင်ဇိုင်းများကို ထုတ်ပေးနိုင်တာ မဟုတ်ဘဲ သရက်သီးအပါအ၀င် အခြားသော အသီးအနှံများမှာလည်း ကျန်းမာရေးကို တိုးတက် ကောင်းမွန်စေတဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။ သရက်သီးမှာပါဝင်တဲ့ ဖိုင်ဘာမျှင်များဟာ အစာခြေရာမှာသော်လည်းကောင်း၊ အစာဟောင်းများကို စွန့်ထုတ်ရာမှာသော်လည်းကောင်း အကူအညီ ပေးလျက်ရှိပါတယ်။

သရက်သီးအစိမ်းကို အရည်ဖျော်ပြီး အချိုဓါတ်အနည်းငယ်ရောထားသော သရက်သီးရည်ဟာ ခန္ဓာကိုယ်ရဲ့ အပူချိန်နဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးအန္တရာယ်တွေကို လျော့ချပေးနိုင်ပါတယ်။။ အာယုဝီဒ သဘောတရားအရ၊ လူတစ်ဦးဟာ အီကွေတာ အနီးတ၀ိုက်ဝန်းကျင်နေရာတွေကို ရောက်တဲ့အခါ ရာသီဥတုကြောင့် ဆီးရွှင်နေခြင်း၊ ပင်ပန်းလွယ်ခြင်းအစရှိသည်တို့ကို ခံစားရခြင်းမှာ နေရောင်မှလာတဲ့ စွမ်းအင်ဟာ လူရဲ့ ခန္ဓာကိုယ်ရှိ ကြွက်သားတွေကို လောင်ကျွမ်းနေတာကြောင့်ဖြစ်တယ်လို့ ယူဆထားကြပါတယ်။ အဲဒီအချိန်မှာ ကျောက်ကပ် ဟာလည်း အဆိပ်အတောက်များနဲ့ ပြည့်နေတယ်လို့ အဆိုရှိပါတယ်။

သရက်သီးမှာ ဗိုက်တာမင် စီ နဲ့ အေ ပမာဏအမြောက်အများအပြင် ကာရော့တီနွိုက် ၂၅ မျိုး ပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားကို ကြံခိုင်သန်စွမ်းစေပါတယ်။

သရက်သီးနဲ့ ပတ်သက်တဲ့ သင်သိသင့်တဲ့အချက်အလက်များ

သရက်သီးဟာအခြားသောအသီးအနှံများနဲ့ယှဉ်ရင် လက်ဆတ်စွာစားသုံးနိုင်တဲ့ အသီးအနှံ အမျိုးအစားမှာ ပါဝင်ပါတယ်။

သရက်သီးစတင်ပေါ်ပေါက်ထွက်ရှိလာတဲ့ နေရာကတော့ အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟင်မလေးရန် လွင်ပြင်ဖြစ်ပြီး လွန်ခဲ့တဲ့ အနှစ် (၄၀၀၀)ကျော်ခန့်မှ စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ သရက်သီးအား အများဆုံးစိုက်ပျိုးပြီး စားသုံးတဲ့နေရာကို “စဖီးဒါး”လို့ ခေါ်ဆိုကြပါတယ်။ သတ္တဗေဒမျိုးနွယ်ဝင်အရ အပွင့်ပွင့်နိုင်သော အပင်မျိုးဖြစ်တဲ့ သီဟိုဠ်၊ ရင်ကွဲစေ့ပင်များနှင့် မျိုးတူဖြစ်ပါတယ်။ သရက်မျိုးကွဲပေါင်း (၁၀၀၀)ကျော် ရှိပါတယ်။

သရက်သီးတစ်ခွက် (၂၂၅ ဂရမ်) တွင် (၁၀၅)ကယ်လိုရီ၊ တစ်နေ့တာအတွက် လိုအပ်သောဗိုက်တာမင် စီ ၇၆ ရာခိုင်နှုန်း၊ ဗိုက်တာမင် အေ ၂၅ ရာခိုင်နှုန်း၊ ဦးနှောက်အတွင်း ဟော်မုန်းထုတ်ပေးမှုနဲ့ နှလုံးရောဂါကို ကာကွယ်ပေးရာမှာ လိုအပ်တဲ့ ဗိုက်တာမင် ဘီ 6 နဲ့ ဘီ ၁၁ ရာခိုင်နှုန်း၊ ခန္ဓာကိုယ်အား အထောက်အကူ ပေးတဲ့ ဖိုင်ဘာ ၉ ရာခိုင်နှုန်း၊ သွေးနီဥများအတွက် လိုအပ်သောအင်ဇိုင်းကို ဖြစ်ပေါ်စေသည့် ကော့ပါး ၉ ရာခိုင်နှုန်း၊ ပိုတက်စီယမ် ၇ ရာခိုင်နှုန်း၊  မဂ္ဂနီစီယမ် ၄ ရာခိုင်နှုန်းပါဝင်ပါတယ်။

သရက်သီးတွင် ဘီတာ ကယ်ရိုတင်းပါဝင်ပြီး အရေပြားပေါ်သို့ သုတ်လိမ်းလိုက်တဲ့အခါ ဗိုက်တာမင် အေ အဖြစ် ပြောင်းလဲနိုင်တဲ့ အပြင် ဗိုက်တာမင် စီလည်း ကြွယ်ဝစွာပါဝင်တာကြောင့် အရေပြားအားပြန်လည် ကောင်းမွန်လာစေရန် သရက်သီးရည်အားမျက်နှာနှင့် အသားအရည်များပေါ်ကို သုတ်လိမ်းပေးနိုင်ပါတယ်။ သရက်သီးအား အစာအဖြစ် စားသုံးပါကလည်း အရေပြားပြဿနာများကို ဖြေရှင်းပေးနိုင်တဲ့ အပြင် ၀က်ခြံများကိုလည်း သက်သာစေပါတယ်။

သရက်သီးအစေ့အားလည်း အစိမ်းသော်လည်းကောင်း ချက်ပြုတ်၍သော်လည်းကောင်း စားသုံးနိုင်ပါတယ်။
မျောက်များဟာ သရက်သီးအစိမ်းရဲ့ အစေ့အား စားသုံးတတ်ကြပါတယ်။ အာယုဝီဒ ဆေးကုသနည်းလမ်းများ ကို လိုက်စားသူများမှာ သရက်သီးရဲ အစေ့ဟာ မျောက်များအား အပင်တစ်ပင်မှ တစ်ပင် ခုန်ကူးနိုင်သော စွမ်းအားကို ပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။

သရက်သီးနှင့် ပတ်သက်ပြီး သတိထားရမည့် အချက်များကတော့..

(၁) သင်ဟာအစေးများနဲ့ ဓါတ်မတည့်သူဖြစ်ပါကသရက်စေးများ အထူးသဖြင့် သရက်သီးအစိမ်းမှ ထွက်လာသောအစေးများသည်လည်း သင့်ကိုအန္တရာယ်ပြုနိုင်ပါတယ်။ ဤသို့ ဓါတ်မတည့်ယားယံခြင်း ဖြစ်ခြင်းမှာလည်း သရက်စေးတွင်ပါသော အန်အာကတ်ဒက် အက်ဆစ်တမျိုးကြောင့် ဖြစ်ပါတယ်။

(၂) အဆိပ်နွယ်ပင်များမှာ ပါရှိတဲ့ ဓာတုဓါတ်တစ်မျိုးကို သရက်သီးအခွံနဲ့ အစေးမှာတွေ့ရတာမို့ ဓါတ်မတည့်သူများမှာတော့ ၄င်းတို့နဲ့ ထိတွေ့လိုက်ရင် ယားယံခြင်းများကို ခံစားရမှာဖြစ်ပါတယ်။

(၃) အချို့သောသရက်သီးရောင်းသူများမှာ သရက်သီးကို မှည့်စေရန် ကယ်လ်စီယမ် ကာဗိုက် ဓါတုဓါတ်များကို အသုံးပြုတတ်ပြီး အဲ့ဒီဓါတုဓါတ်ဟာ စားသုံးသူများရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ အကယ်လို့ သင်စားသုံးမယ့် သရက်သီးမှာသဘာဝမြေသြဇာကို အသုံးပြုထားသော ဒါမှမဟုတ်ပါက မစားသုံးခင် တစ်ညအလိုမှာ ရေစိမ်ထားပြီး သေချာစွာ သန့်စင်ပြီးမှ စားသုံးသင့်ပါတယ်။


ခင်အေးမြလွင် 


ကိုးကားသတင်း။  ။ http://www.care2.com/greenliving/10-health-benefits-of mangos.html#ixzz3bn9S6Jh9




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved