အလှအပနဲ့ ကျန်းမာရေးအတွက် ခရမ်းချဉ်သီးအစွမ်း

Thursday, November 13, 2014

ခရမ်းချည်သီးဟာ အသားအရည်၊ မျက်လုံး၊ အရိုးကျန်းမာရေးအတွက် အလွန်ကောင်းတဲ့ သဘာဝ 
ဆေးတမျိုး ဖြစ်တယ်ဆိုတာ မြန်မာ့ဆေးကျမ်းတွေနဲ့ သိပ္ပံလေ့လာတွေ့ရှိချက်တွေက ညွှန်းဆိုပါတယ်။ 

 ဓာတ်ပုံ- အိမ့်သံစဉ်/ ဧရာဝတီ

ခရမ်းချည်သီးထဲမှာပါဝင်တဲ့ ဗီတာမင် စီ၊ ဘိုင်အိုတင်၊ ဗီတာမင် ကေ၊ ပိုတက်စီယမ်၊ ကော့ပါး၊ မဂ္ဂနီး၊ ဖိုင်ဘာ၊ ဗစ်တာမင် အေ၊ ဗီတာမင် ဘီ ၆၊ ဘီတာမင် ဘီ ၃၊ ဖိုလိတ်၊ ဖော့စ်ဖောရပ်စ်၊ ဗီတာမင် ဘီ ၁၊ ဗီတာမင် အီး၊ မဂ္ဂနီစီယမ်၊ ခရိုမီယမ်၊ သံ ဓာတ်၊ သွပ်ဓာတ်၊ ကလိုရိန်း၊ ပန်တိုသင်းနစ် အက်စစ်၊ ပရိုတိန်း စတဲ့ ဓာတ်သတ္တိတွေက အခုလို လူ့ ကျန်းမာရေးအတွက် အလွန် ဆေးဘက်ဝင်တာလို့ The World's Healthiest Foods အဖွဲ့ရဲ့ အင်တာနက် စာမျက်နှာက ရေးသားထားပါတယ်။

 ဓာတ်ပုံ- The World's Healthiest Foods- whfoods.com

ခရမ်းချဉ်သီးကလည်း အမျိုးမျိုး အစားစား ရှိပါတယ်။ မြန်မာတွေ အခေါ် ပြောရရင် ဗမာသီး၊ ရှမ်းသီး၊ ကိုင်းသီး စသဖြင့် ကွဲလွဲကြပါတယ်။ 

ဘယ်လောက်ပဲ ခရမ်းချဉ်သီးအမျိုးတွေ ကွဲလွဲပေမယ့် ခရမ်းချဉ်သီးထဲမှာ ပါဝင်တဲ့ ဓာတ်တွေကြောင့် အသားအရေကို စို ပြေ ဝင်းအိစေပါတယ်။ 

 အေးတဲ့ အရပ်ဒေသမှာနေရင် အအေးဒဏ်ကို ခံနိုင်ပြီး အသားအရည် သွေ့ခြောက်မှု အက်ကွဲမှု မရှိပဲ စိုပြေပါတယ်။ ပူတဲ့ အရပ်ဒေသမှာနေရင်လည်း အပူဒဏ်ခံနိုင်ပြီး အသားအရည် လောင်ကျွမ်းတာမျိုးမရှိပဲ မူလ ဗီဇမျိုးရိုး အသား အရည်ကို ကြည်လင်စိုပြေစေတာမျိုးပါ။ 

 ခရမ်းချဉ်သီးထဲမှာပါဝင်တဲ့ ဓာတ်ပစ္စည်းတွေက နှလုံးကိုလည်း အားကောင်းစေသလို နှလုံးသွေးကြော ကျယ်တာ၊ ကျဉ်းတာတွေကို မျှတစေနိုင်သလို သွေးလည်ပတ်မှုကိုလည်း မှန်ကန်ကောင်းမွန်စေ ပြီး သွေးကိုလည်း သန့်စေပါတယ်။

ဒီအပြင် ခရမ်းချဉ်သီးနဲ့ မျက်နှာ၊ ကိုယ်ခန္ဓာတွေကို တပတ်တခါ ပွတ်လိမ်းပေးမယ်ဆိုရင်လည်း မျက်နှာမှာ ရှိတဲ့ တင်းတိပ်၊ ဝက်ခြံ၊ အနီစက်၊ အမည်းစက်တွေကိုလည်း ကင်းစင် ပပျောက်စေနိုင်တယ်လို့ ပြင်သစ် အခြေစိုက် အမျိုးသမီးများ အလှအပဆိုင်ရာ မဂ္ဂဇင်း Elle မှာလည်း ဖော်ပြထားပါတယ်။ 

အထူးသဖြင့် မိတ်ကပ် လိမ်းခြယ်တတ်သူ မိန်းကလေးတွေအနေနဲ့ ညပိုင်း အိပ်ရာမဝင်ခင် မျက်နှာသစ်ပြီး ခရမ်းချဉ်သီး နဲ့ ပွတ်လိမ်းပေးမယ်ဆိုရင် မိတ်ကပ်ကြောင့် အသက်အရွယ်ရလာတဲ့အခါ မိတ်ကပ်နာ လို့ ခေါ်တဲ့ အရေးအကြောင်းတွေ အိုမင်းရင့်ရော်မှု အန္တရာယ်ကနေလည်း ကာကွယ်ပေးပါတယ်တဲ့။ 

အရိုးနာ၊ အရိုးကျီးပါင်း၊ အရိုးကိုက်၊ အရိုးကျိုး၊ အရိုးအက်၊ အရိုးပွ စတဲ့ အရိုးနဲ့ပတ်သက်တဲ့ ရောဂါတွေ ကိုလည်း ခရမ်းချဉ်သီးရဲ့ အစွမ်းက သက်သာ ပျောက်ကင်းစေပါတယ်။ 

မျက်လုံးနဲ့ပတ်သက်တာမှာလည်း မျက်ဝတ်ထွက်ခြင်း၊ မျက်စိမှုန်ဝါးခြင်း၊ မျက်ရည်ပူကျခြင်း၊ မျက်စေ့စွန်
ခြင်း၊ မျက်စေ့ရောင်ခြင်း၊ မျက်သားတက်ခြင်း၊ မျက်ကြောကပ်ခြင်း၊ မျက်ရိုးကိုက်ခြင်းစတာတွေကိုလည်း သက်သာ ပျောက်ကင်းစွမ်းရှိတယ်လို့ လေ့လာ သိရှိရပါတယ်။ 

ဥတုဘောဇနကျမ်းလာ ခရမ်းချဉ်သီးအစွမ်းထက်ပုံတွေနဲ့ အခြားသော အစားအသောက်နှင့် ကျန်းမာရေး ဆိုင်ရာ မဂ္ဂဇင်းတွေထဲက ရေးသားဖော်ပြချက်တချို့ကို အခုလို စုစည်း ကောက်နှုတ်ဖော်ပြပေးလိုက်တာပါ။

ခရမ်းချဉ်သီးရဲ့ အသုံးဝင်ပုံ၊ အစွမ်းထက်ပုံတွေနဲ့ ပတ်သက်လို့ သိကောင်းစရာမှတ်စုတခုအနေနဲ့ ဖတ်ရှုချင်တယ်ဆိုရင်တော့ အောက်ပါလင့်ခ်လေးမှာ ဖတ်ရှုနိုင်ပါကြောင်း လမ်းညွှန်ပေးလိုက်ပါတယ်နော်..။

http://www.whfoods.com/genpage.php?tname=foodspice&dbid=44


အိမ့်သံစဉ် ~ 








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved