ဗြိတိန် ၂ ဦး ထိုင်းနိုင်ငံမှာသေဆုံးမှု မြန်မာအလုပ်သမားတချို့ စစ်မေးခံရ

Wednesday, September 17, 2014

ထိုင်းနိုင်ငံ Koh Tao ကမ်းခြေမှာ ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွား ၂ ဦး သေဆုံးမှုနဲ့ပတ်သက်ပြီး အဲဒီ ကမ်းခြေရှိ In Touch Resort မှာ အလုပ်လုပ်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၆ ဦးကို ရဲတပ်ဖွဲ့က စုံစမ်းမေးမြန်းနေတယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။ 



 Koh Tao ကမ်းခြေ တနေရာ  (ဓာတ်ပုံ- Wikicommons)
ထိုင်းနိုင်ငံ တောင်ပိုင်း ဆူရတ်ဌာနီ ဒေသ Koh Tao ကျွန်းရှိ Sai Ree ကမ်းခြေတနေရာမှာ ဗြိတိန်နိုင်ငံက အသက် ၂၄ နှစ်အရွယ်အမျိုးသားနဲ့ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတို့ရဲ့ အလောင်းတွေကို တနင်္လာနေ့က တွေ့ရှိခဲ့ပါတယ်။ 

ဘီဘီစီသတင်းတပုဒ်မှာတော့ ရဲက ခေါ်ယူစစ်ဆေးသူ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၃ ဦးကို လူသတ်မှု နဲ့ မပတ်သက်နိုင်ဘူးလို့ အမှတ် ၈ ရဲတပ်ရင်းအကြီးအကဲက ပြောဆိုကြောင်း ဖော်ပြထားပါတယ်။ 


  အဆိုပါ ၂ ဦးဟာ သတ်ဖြတ်ခံခဲ့ရတယ်လို့ ရဲက ယုံကြည်ထားပါတယ်။ ဆူရပ်ဌာနီ ရဲ ရာနဲ့ချီပြီး အင်္ဂါနေ့က အခင်းဖြစ်တဲ့နေရာ ပတ်ဝန်းကျင်တွေမှာ သဲလွန်စတွေ ရှာခဲ့ ကြတယ်လို့ ဘန်ကောက်ပို့စ် က ဆိုပါတယ်။ 

 သေဆုံးသွားကြတဲ့ ဗြိတိသျှ ၂ ဦးဟာ Koh Tao ကမ်းခြေကို သီးခြားဆီ ရောက်လာတာဖြစ်ပြီး ပင်လယ် ကမ်းစပ် ဘင်ဂလိုတွေမှာ အခန်းချင်း ကပ်လျက် တည်းခိုခဲ့ကြရင်းတွေ့ဆုံခဲ့ကြတာလို့ ဆူရပ်ဌာနီ ရဲ အရာရှိတဦးက ပြောထားပါတယ်။ 

 တနင်္လာနေ့ မနက်စောစော ၁ နာရီကျော်လောက်က သေဆုံးသူ ၂ ဦးဟာ တယောက်ကို တယောက် လက်ချင်းတွဲပြီး ဘားဆိုင်တခုကို ထွက်သွားခဲ့တဲ့ စီစီ တီဗွီမှတ်တမ်းအရ သိရတယ်လို့ ရဲက ဆိုထားပါတယ်။ 

ပြီးတော့ မနက် ၆ နာရီခွဲလောက်မှာ အသေရိုက်နှက်သတ်ဖြတ်ခံထားရတဲ့ ဒဏ်ရာနဲ့ အလောင်း တွေကို သွေးအလိမ်းလိမ်းနဲ့ တွေ့ခဲ့ရတာလို့ ဆိုပါတယ်။ 

သူတို့ ၂ ဦးဟာ တနင်္လာနေ့ မနက် ၄ နာရီနဲ့ ၅ နာရီ ဝန်းကျင်လောက်က အသတ်ခံရတယ်လို့ ရဲက ယူဆကြောင်း ဘန်ကောက်ပို့စ်က ရေးပါတယ်။ 

ရဲတပ်ဖွဲ့ ထုတ်ပြန်တဲ့ စီစီတီဗွီ ပုံရိပ်တွေမှာ အာရှတိုက်သား တဦးဖြစ်ပုံရတဲ့ အရပ် ၁၆၀ - ၁၇၀ စင်တီ မီတာ အမြင့်ရှိတဲ့ အမျိုးသားတဦးဟာ တနင်္လာနေ့ မနက် ၄ နာရီ ဝန်းကျင်လောက်မှာ AC ဘားဆိုင်ဘက်ကို လမ်းလျှောက်သွားနေခဲ့တာရယ် နောက် မိနစ် ၅၀ လောက်အကြာမှာ သူက ပြန်ပြေးလာတဲ့ ပုံရိပ်တွေ မှတ်တမ်းရခဲ့တာမို့ အဲဒီအမျိုးသားကို လူသေမှု ကိစ္စနဲ့ပတ်သက်ပြီး သံသယ ဖြစ်နေတယ်လို့ ရဲအရာရှိက ဆိုပါတယ်။ 

အဲဒီမှာပဲ ဗြိတိန် ကမ္ဘာလှည့်ခရီးသွား ၂ ဦး သေဆုံးတဲ့ Sai Ree ကမ်းခြေကနေ မီတာ ၃ဝဝ လောက် ဝေးတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေနေတဲ့ အခန်းတွေကို ရဲတပ်ဖွဲ့နဲ့ စုံစမ်း စစ်ဆေးသူတွေက ဝင် ရောက် ရှာဖွေခဲ့ကြတယ်လို့ ဘန်ကောက်ပို့စ်က ရေးထားပါတယ်။ 

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနေကြတဲ့ အခန်းတွေထဲက အိုင်ဖိုန်း ၄ လုံး ကို သိမ်းဆည်းခဲ့ တာ ၂ လုံးက ပျက်စီးနေတယ်လို့ ဆိုတယ်။ နောက် သွေးစွန်းနေတဲ့ ဂျင်းဘောင်းဘီ တထည် ကိုလည်း သိမ်းဆီးခဲ့ပြီး အဲဒီ ဂျင်းဘောင်းဘီကို စစ်ဆေးဖို့ အင်္ဂါနေ့က ဓာတ်ခွဲခန်းပို့ထားတယ်လို့ ဆိုတယ်။ 

ဘီဘီစီသတင်းတပုဒ်မှာတော့ ... အမှတ် ၈ ရဲတပ်ရင်းအရာရှိကြီး ပြောဆိုတာမှာတော့  သွေးစွန်းနေတဲ့ ဂျင်းဘောင်းဘီ၊ သေဆုံးသူတွေရဲ့ အိုင်ဖုန်း ၄ လုံးတို့ကို မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဆီက သိမ်း ဆည်းရမိတယ် ဆိုတာကလည်း ရဲက မပြောပဲ သတင်းတွေက ရေးတာသာဖြစ်တယ်လို့ ဆိုထားပါတယ်။


အခု ရဲတပ်ဖွဲ့နဲ့ စုံစမ်းရေးသမားတွေရဲ့ စစ်မေးခံနေရတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၆ ဦးရဲ့ DNA ကိုလည်း မှုခင်းရဲက ယူထားတယ်လို့ ဆိုပါတယ်။ 

ထိုင်းရဲ ကပြောကတော့ စီစီတီဗွီ ဗွီဒီယို မှတ်တမ်းအပါအဝင် အထောက်အထားတွေ သဲလွန်စတွေ မျက်မြင် သက်သေတွေ အဆိုအရ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ဒီအမှုနဲ့ပတ်သက်ပြီး အာရုံစိုက်နေ တာဖြစ်တယ် လို့ ရဲမှူးကြီး Kiattipong က အေပီသတင်းဌာနကို ပြောထားပါတယ်။ 

နောက်ထပ် ဒေသခံ ရဲအရာရှိကြီး ဖြစ်တဲ့ ရဲမှူးကြီး Prachum Ruangthong ပြောတာကတော့ စုံစမ်းရေး သမားတွေဟာ ဘားဆိုင် အလုပ်သမားအုပ်စုတခုကို ရှာဖွေနေတယ်လို့ ပြောဆိုထားပြီး နိုင်ငံခြားသား အုပ်စု တခုကိုလည်း မေးမြန်းမှုတွေ လုပ်နေတယ်လို့ ဆိုပြန်ပါတယ်။ 

ရဲတပ်ရင်း ၈ က အကြီးအကဲ Panya Mamen က သေဆုံး အမျိုးသားရဲ့ မိတ်ဆွေ ဗြိတိန်နိုင်ငံသားတဦး ကိုလည်း သံသယ ဖြစ်သူ စာရင်းထဲ ထားခဲ့တာလို့ ဆိုတယ်။ 

တနင်္လာနေ့က ရဲက သူ့ကို မေးမြန်းမှုတွေ လုပ်ခဲ့ပြီး နောက်တော့ သူ့ကို သံသယ ဖြစ်ခံရသူ စာရင်းက 
ဖြုတ် လိုက်တယ်လို့ ပြောပါတယ်။ 

သူက ဆက်ပြောတာမှာ အခုဆိုရင် လူသတ်မှု သံသယဖြစ်သူတွေအဖြစ် ဒီ ကျွန်းပေါ် လာပြီး အလုပ် လုပ်နေကြတဲ့ နိုင်ငံ ခြား က အလုပ်သမားတွေအပေါ် အဓိက အာရုံစိုက်နေတယ်လို့ ဆိုပါတယ်။ 

ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုချန်အိုချာကတော့ ထိုင်းနိုင်ငံမှာ ဒီလို ဗြိတိန် ကမ္ဘာလှည့်ခရီးသွား ၂ ဦး အသတ်ခံ လိုက် ရတဲ့ ကိစ္စကြောင့် ထိုင်းနိုင်ငံကိုလာမယ့် ကမ္ဘာလှည့်ခရီးသွားတွေ လျော့နည်းကျဆင်း သွား မှာ စိုးရိမ်ပြီး ဒီအမှုကို အမြန်ဆုံး ဖော်ထုတ်အရေးယူဖို့ အမိန့်ပေးထားတယ်လို့ ဘန်ကောက်ပို့စ်က ဆိုပါတယ်။

ဆက်စပ်
http://www.irrawaddy.org/asia/2-british-tourists-found-dead-beach-thailand.html


 အိမ့်သံစဉ် ~










0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved