မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းနဲ့ သမ္မတမိန့်ခွန်း

Monday, September 1, 2014


 ~




တန်ဘိုးနည်း တန်ဘိုးသင့်အိမ်ရာတွေ နယ်မြို့ကြီးများမှာလည်း  လုပ်သင့်တယ်လို့  သမ္မတ ဦးသိန်းစိန်ရဲ့ စက်တင်ဘာလ ၁ ရက်နေ့ ရက်စွဲတပ် မိန့်ခွန်းမှာ ဖော်ပြထားပါတယ်။ 
 


  • ပုသိမ်မြို့ ချောင်းသာကမ်းခြေရှိ ခရီးသွားဝန်ဆောင်မှု မြင်ကွင်းတခု (ဓာတ်ပုံ - ဆလိုင်းသန့်စင် / ဧရာဝတီ)

 "လက်ရှိ ဆောင်ရွက်နေတဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို ရန်ကုန်နဲ့ မန္တလေးလို နေရာများမှာ သာမကဘဲ မြို့ကြီးများဖြစ်တဲ့ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မုံရွာ၊ မကွေး
 နဲ့ စစ်တွေလို နေရာမျိုးမှာ  ပြည်သူလူထုအများစု လက်လှမ်းမီစေနိုင်မယ့် ပြည်သူ့အိမ်ရာ စီမံကိန်းတွေကို မြို့ရွာဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနဲ့အညီ အကောင် အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်" လို့ သမ္မတက ပြောပါတယ်။

မြို့ပြစီမံကိန်းများကို ရန်ကုန်နဲ့ မန္တလေးဘက်မှာပဲ အတွေ့ရများနေလို့ ဒီလို ပြောလိုက်တာ ဖြစ်နိုင်သလို၊
နယ်မြို့ကြီးများမှာလည်း မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း ရှိသင့်ကြောင်း အကြံပေးသူတွေ ရှိလို့ ပြောလိုက်တာလည်း ဖြစ်နိုင်ပါတယ်။

လောလောဆယ်မှာတော့ ရန်ကုန်၊ မန္တလေးကိုပဲ ပြောင်းရွှေ့အခြေချသူတွေ အလုံးအရင်းနဲ့ ရှိနေလိမ့်မယ်လို့ ယူဆရပါတယ်။ ဆုံချက်ကျတဲ့ ဒီမြို့ကြီးတွေမှာပဲ နိုင်ငံတကာလေဆိပ်ကြီးတွေရှိပြီး ဆေးရုံတွေကလည်း နယ်ဘက်ဆေးရုံများထက် ပိုမိုပြည့်စုံတဲ့အနေအထားမှာ ရှိပါတယ်။

သမ္မတမိန့်ခွန်းထဲ ရေကြီးရေလျှံမှု နဲ့  သဘာဝ ဘေးအန္တရာယ်အကြောင်းကိုလည်း ထည့်ပြောပါတယ်။  "အခက်အခဲကြုံတွေ့နေရတဲ့ ပြည်သူတွေကို မွန်မြတ်စွာ ကူညီခဲ့ကြတဲ့ အဖွဲ့အစည်းများနဲ့ ပြည်သူ တစ်ဦးတစ်ယောက်ချင်း စီရဲ့
ဆောင်ရွက်မှုများကိုလည်း အထူးဂုဏ်ယူ ဝမ်းမြောက် မိကြောင်း" ထည့်သွင်း ပြောကြားထားပါတယ်။

 ပြုပြင်ပြောင်းလဲရေး၊ ငြိမ်းချမ်းရေး၊  မြို့ရွာဖွံ့ဖြိုးရေး စတဲ့ အကြောင်းအရာများ ပါဝင်တဲ့ သမ္မတရဲ့ စက်တင်ဘာမိန့်ခွန်း အစအဆုံးကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

 
မိဘပြည်သူများခင်ဗျား


● ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှ တစ်ဆင့် အသိပေးပြောကြား နေကျဖြစ်တဲ့အတိုင်း ဩဂုတ်လအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုများကို ပြောကြားရခြင်း ဖြစ်ပါတယ်။

● ယနေ့မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများရဲ့ အခြေအနေများကို လက်တွေ့ ကျကျ သုံးသပ်မယ်ဆိုရင် မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပြီး ထိုက်သင့်တဲ့ နိုင်ငံရေး အရွေ့တစ်ရပ်လည်း ရှိနေတယ် ဆိုတဲ့ အချက်ဟာငြင်းဆို လို့မရနိုင်တဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။

● ကျွန်တော်နဲ့အတူ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များမှာ တစိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်နေကြသူများ အနေနဲ့ နိုင်ငံရေးဖြေလျှော့မှုများနဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ်များ အသက်ဝင်ရှင်သန်ရေးတို့ကို ခိုင်မာတဲ့ သန္နိဋ္ဌာန် ချဆောင်ရွက်နေခြင်းဟာ ပြည်သူ လူထုတစ်ရပ်လုံး အကျိုးခံစားရခြင်းကို အဓိကထားတဲ့ နိုင်ငံရေး စေတနာမှန် သက်သက်ဖြင့်သာ လုပ်ဆောင် နေခြင်း ဖြစ်ပါတယ်။

● ဒီလိုလုပ်ဆောင်တဲ့ နေရာမှာလည်း ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများနဲ့ အခက်အခဲများကို ကျော်လွှားတဲ့အခါမှာ ရှုမြင်တဲ့ ပုံစံများပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှု များအပေါ် အကောင်း အဆိုးခွဲခြား တွေ့မြင် နေကြရတာ ဖြစ်ပါတယ်။

● ဒီလိုမတူညီတဲ့ ရှုမြင်မှုများနဲ့ ရပ်တည်ချက်များကိုလည်း ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်း များနဲ့ပတ်သက်ပြီး တာဝန်အရှိဆုံးဖြစ်တဲ့ ကျွန်တော့်အနေနဲ့ နားလည်လက်ခံပြီး ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

● အဓိကကျတဲ့ အချက်တစ်ချက်အနေနဲ့ ပြောကြားလိုတာကတော့ ပြည်သူလူထုကို နိုင်ငံရေး၊ စီးပွားရေးနဲ့လူမှုရေးအရ ဦးဆောင်မှု များပေးနေတဲ့ ခေါင်းဆောင် များအနေနဲ့ ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့ ကြိုးပမ်းဆောင်ရွက်မှုများအပေါ် သဘောတူခြင်း၊ မတူခြင်း ဆိုတာထက် လက်ဝယ်ရရှိထားတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များရဲ့ အရှိန်အဟုန် များ တုံ့နှေးလျော့ကျသွားခြင်းမျိုး မဖြစ်စေဘဲ ဆက်လက် အသက်ဝင် ရှင်သန်ရေးနဲ့ ခိုင်မြဲရေးကို တည်ဆောက်ရေးအမြင်နဲ့ ရှုမြင်ဆောင် ရွက်ကြဖို့ တိုက်တွန်း လိုခြင်းပဲဖြစ် ပါတယ်။

●ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်အနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား အဖွဲ့အစည်းများဆိုင်ရာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့တို့ဟာ တစ်နိုင်ငံလုံး အတိုင်းအတာ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် တတိယမူကြမ်းကို ပြုစုနိုင်ခဲ့ပြီး ဆက်လက် ညှိနှိုင်းစရာ အချက်အနည်းငယ်သာ ကျန်တဲ့ အထိ တိုးတက်မှုများ ရရှိခဲ့ပါတယ်။

●နိုင်ငံရေး ဆွေးနွေးပွဲများကို တက်လှမ်းဖို့ ပြင်ဆင်ဆောင်ရွက်မှု တစ်ခုအနေနဲ့ တရားဝင် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေး ပါတီများနဲ့ တွေ့ဆုံဆွေးနွေးမှုကို ပထမဦးဆုံးအကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။  များမကြာမီကာလမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ်ကို အောင်မြင်စွာချုပ်ဆိုပြီး၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်များ ချမှတ်ပြီး နိုင်ငံရေးဆွေးနွေးပွဲ များကို အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် ငြိမ်းချမ်းရေးရဲ့ အခြေခံ အုတ်မြစ်ကို ကျွန်တော်တို့အစိုးရလက်ထက်မှာ ချမှတ်နိုင်အောင် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း အသိပေး တင်ပြလိုပါတယ်။

● ကျွန်တော် ကိုယ်တိုင်လည်း အခါအခွင့်သင့်တိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင် များနဲ့ တွေ့ဆုံဆွေးနွေးလျက် ရှိပါတယ်။

●ဩဂုတ်လအတွင်းမှာ “၀” အထူးဒေသ (၂)၊ မိုင်းလားအထူးဒေသ (၄) နဲ့ SSPP/SSA မှ ကိုယ်စားလှယ်များကို လက်ခံတွေ့ဆုံ ခဲ့ပါတယ်။

● တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ လက်မှတ်ရေးထိုးပြီး နိုင်ငံရေး ဆွေးနွေးမှု လုပ်ငန်းစဉ်များထဲမှာ ထိုအဖွဲ့များ အနေနဲ့ ပူးပေါင်းပါဝင်လိုတဲ့ ဆန္ဒများ ရှိကြောင်းကို ဆွေးနွေး ဖလှယ်ခဲ့ကြပါတယ်။

●ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ နှစ်ပေါင်း ၆၀ ကျော်ကြာခဲ့တဲ့ မပြေလည်မှုတွေ၊ ပဋိပက္ခတွေကို ညှိနှိုင်း အဖြေရှာနေရတာဖြစ်တဲ့အတွက် လိုအပ်တဲ့ အချိန်ကာလ တစ်ခုကို ဖြတ်သန်း ရမယ် ဆိုတာကို နားလည် လက်ခံပေးကြရမှာ ဖြစ်ပါတယ်။  တစ်ဖက်မှာ လည်း နိုင်ငံရေး လက်တွေ့ဆန်မှုအရ နိုင်ငံရေးခေါင်းဆောင်များ၊ တပ်မတော် ခေါင်းဆောင်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ ခေါင်းဆောင်များ အပါအဝင် ပြည်သူ တစ်ဦးချင်းစီ အနေနဲ့ စိတ်ရင်းစေတနာကောင်းများကို အားပြုပြီး လက်ရှိအခြေအနေများ ကိုသာမက ကောင်းမွန်တဲ့အနာဂတ်များ မျှော်မှန်းထားရှိပြီး ရဲရဲဝံ့ဝံ့ ဆက်လက် ဆောင်ရွက်ကြဖို့ လည်း တိုက်တွန်းလိုပါတယ်။

●ဩဂုတ်လအတွင်းမှာ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ ဒေသတွင်း ဖိုရမ်နဲ့ အခြားအရေးပါတဲ့ ဆက်စပ်အစည်းအဝေးများကို နေပြည်တော်မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။

● လက်ရှိအရေးကြီးတဲ့ ကမ္ဘာ့ရေးရာကိစ္စရပ်များနဲ့ ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး တိုင်ပင်ခဲ့ကြပါတယ်။  ဒီအစည်းအဝေးများဟာ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် လွတ်လပ်ရေး ရပြီးနောက်ပိုင်း နိုင်ငံတကာဆက်ဆံရေးမှာ အရေးကြီးတဲ့ ပွဲကြီးတစ်ပွဲကို အောင်မြင်စွာ လက်ခံ ကျင်းပနိုင်ခဲ့ခြင်း ဖြစ်တယ်လို့လည်း ဆိုရမှာဖြစ်ပါတယ်။

●ထို့အတူ ယခုလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ အာဆီယံ စီးပွားရေး ဝန်ကြီးများ အစည်းအဝေးများနဲ့ ဆက်စပ် အစည်းအဝေး များကိုလည်း ကျင်းပနိုင်ခဲ့ပါတယ်။

● အဆိုပါ အစည်းအဝေးများသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများအပြင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဩစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယနိုင်ငံ၊ အမေရိကန်နဲ့ ရုရှားဖက်ဒရေးရှင်း၊ အီးယူ ကိုယ်စားလှယ်များလည်း တက်ရောက် ခဲ့ပါတယ်။  ပိတ်ဆို့ အရေးယူမှုတွေနဲ့ နှစ်ပေါင်းများစွာ အထီးကျန်ခဲ့ရမှုတွေကနေ ရုန်းထွက်နိုင်ဖို့ ကြိုးပမ်းနေတဲ့ ကာလမှာ ကျွန်တော်တို့နိုင်ငံအနေနဲ့ ဒီဆွေးနွေးပွဲကြီးကို အောင်အောင် မြင်မြင် လက်ခံကျင်းပနိုင်ခဲ့တဲ့ အတွက် နိုင်ငံ အတွက်အောင်မြင်မှု တစ်ရပ် ဖြစ်ပါတယ်။  ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံဥက္ကဋ္ဌ တာဝန်ယူ ထားရတဲ့ နိုင်ငံအနေနဲ့ထိုက်တန်တဲ့ ကြိုးပမ်းဆောင်ရွက်မှုတစ်ခုလည်း ဖြစ်ပါတယ်။

● ဒီဆွေးနွေးပွဲကြီးများ ဖြစ်မြောက်ရေးအတွက် အားကြိုးမာန်တက် ကြိုးပမ်း ဆောင်ရွက် ခဲ့ကြတဲ့ ဝန်ထမ်းများနဲ့ ကျရာကဏ္ဍများမှာ အဆင့်ဆင့် တာဝန်ယူခဲ့ကြတဲ့ ပုဂ္ဂိုလ် အသီးသီးကိုလည်း ချီးကျူးဂုဏ်ပြုအပ် ပါတယ်။

● ပဲခူးတိုင်းဒေသကြီး အပါအဝင် မြန်မာနိုင်ငံရဲ့ ဒေသတစ်ချို့မှာ ဩဂုတ်လ အတွင်းက ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှု ကိစ္စရပ်များဟာ ကျွန်တော်တို့ မြန်မာနိုင်ငံ အနေနဲ့ ဒီကနေ့ခေတ် ကာလများမှာ ရှောင်လွှဲဖို့ခက်ခဲတဲ့ သဘာဝဘေး အန္တရာယ်တွေရဲ့ စိန်ခေါ်မှုတွေကို ယခင်ကာလများကထက် ပိုမိုရင်ဆိုင်လာရပြီး ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ အမြဲ ပြင်ဆင်ထားရမယ် ဆိုတဲ့ သတိပေးမှုလည်း ဖြစ်ပါတယ်။

● သဘာဝ ဘေးအန္တရာယ်ရဲ့ ခြိမ်းခြောက်မှုများ၊ ဆိုးကျိုးများကို လျှော့ချနိုင်ခြင်း၊ ကြိုတင် ကာကွယ်ခြင်း၊ ရင်ဆိုင်တုံ့ပြန်ခြင်းနဲ့ ပြန်လည် ထူထောင်ခြင်း လုပ်ငန်းများကို
 ကျွန်တော်တို့ အစိုးရအနေနဲ့ ပြည်သူများ၊ အရပ်ဘက်အဖွဲ့အစည်း များနဲ့ ပူးပေါင်း ဆောင်ရွက်ပြီး အစဉ် တိုးတက်ကောင်းမွန်စေဖို့ ကြိုးပမ်းနေပါတယ်။

● အခက်အခဲကြုံတွေ့နေရတဲ့ ပြည်သူတွေကို မွန်မြတ်စွာ ကူညီခဲ့ကြတဲ့ အဖွဲ့အစည်းများနဲ့ ပြည်သူ တစ်ဦးတစ်ယောက်ချင်း စီရဲ့ ဆောင်ရွက်မှုများကိုလည်း အထူးဂုဏ်ယူ ဝမ်းမြောက် မိကြောင်းလည်း ပြောကြားလိုပါတယ်။

● အသွင်ကူးပြောင်းရေး ဆောင်ရွက်ရတဲ့ နိုင်ငံတိုင်းမှာ ကြုံတွေ့ရတဲ့ ပြဿနာများထဲမှာ ကျေးလက်မြို့ပြ မြေယာ စီမံခန့်ခွဲရေးနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ အရေးအကြီးဆုံးနဲ့ ခက်ခဲတဲ့ ကိစ္စတစ်ရပ်ပဲ ဖြစ်ပါတယ်။

●မြို့ပြနဲ့ ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများအတွက် မြေအရင်းအမြစ်များကို ထိရောက်စွာ စီမံခန့်ခွဲ အသုံးပြုနိုင်ရမှာ ဖြစ်ပါတယ်။ 
အိုးမဲ့အိမ်မဲ့များ၊ ကျူးကျော် ကိစ္စရပ်များနဲ့ ပတ်သက်လို့ ကျွန်တော့်အနေနဲ့ ဥပဒေမဲ့ ကျူးကျော်မှုများကို အရေးယူ ဆောင်ရွက်လျက်ရှိသလို အမှန်တကယ် မြေယာမရှိတဲ့ တောင်သူများကို မြေယာ ခွဲဝေပေးရေးဟာလည်း ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် ကြီးမားတဲ့ အထောက်အပံ့ ဖြစ်တယ်လို့ ခံယူပြီးကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။

● လက်ရှိ ဆောင်ရွက်နေတဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို ရန်ကုန်နဲ့ မန္တလေးလို နေရာများမှာ သာမကဘဲ မြို့ကြီးများဖြစ်တဲ့ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မုံရွာ၊ မကွေးနဲ့ စစ်တွေလို နေရာမျိုးမှာ
 ပြည်သူလူထုအများစု လက်လှမ်းမီစေနိုင်မယ့် ပြည်သူ့အိမ်ရာ စီမံကိန်းတွေကို မြို့ရွာဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနဲ့အညီ အကောင် အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း မြန်မာနိုင်ငံရဲ့ အဓိက စီးပွားရေး မြို့တော်ဖြစ်ပြီး လူဦးရေ ငါးသန်းကျော်မှီတင်းနေထိုင်တဲ့ ရန်ကုန်မြို့တော် အပါအဝင် အခြားမြို့ကြီးများအတွက် ခေတ်မီဖွံ့ဖြိုး တိုးတက်ဖို့ စနစ်ကျတဲ့ မြို့ပြစီမံကိန်း လုပ်ငန်းများကို အလေးထား လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

● ရန်ကုန်မြို့တော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်မှုနဲ့ သဟဇာတရှိတဲ့ ယဉ်ကျေးမှု အမွေအနှစ် များ ထိန်းသိမ်းခြင်းတို့ကို ပိုင်ဆိုင်ပြီး အာရှတိုက်ရဲ့ နေချင့်စဖွယ်၊ လာရောက်လည်ပတ် ချင်စဖွယ် အကောင်းဆုံးမြို့ကြီးများထဲက မြို့တစ်မြို့အဖြစ် ပေါ်ပေါက် လာစေရေးကို ကြိုးပမ်းဆောင်ရွက် သွားကြရမှာလည်း ဖြစ်ပါတယ်။

● အာရှတိုက်ရဲ့ အခြားမြို့ကြီးများထက် ရှေးဟောင်း အဆောက် အအုံများ၊ ဗိသုကာ လက်ရာများနဲ့ ပြည့်စုံတဲ့ ရန်ကုန်မြို့တော် ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ ရန်ကုန်မြို့ရဲ့ရှေးဟောင်း ဗိသုကာ အဆောက်အအုံများ ထိန်းသိမ်းရေးကို အဓိက ဆောင်ရွက်နေတဲ့ ရန်ကုန်မြို့ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ (YHT) တို့ပူးပေါင်း ဆောင်ရွက်နေတာကလည်းကောင်းမွန်တဲ့ စံပြ လုပ်ဆောင်မှုလည်း ဖြစ်ပါတယ်။  သမိုင်းဝင် အဆောက်အအုံ များအတွက် အထိမ်းအမှတ် ကမ္ပည်းပြား တပ်ဆင်ခြင်းလုပ်ငန်းစဉ်များရဲ့ ပထမဆုံး ဆောင်ရွက်မှုအဖြစ် မြို့တော်ခန်းမရဲ့ ကမ္ပည်းပြားတပ်ဆင်ခြင်းကို ဩဂုတ်လအစောပိုင်းက စတင်ဆောင်ရွက် နိုင်ခဲ့ပါတယ်။  ဆက်လက်ပြီး သမိုင်းဝင်ဗိသုကာနေရာ ၁၀၀ ကျော်အတွက် အထိမ်းအမှတ် ကမ္ပည်းပြားများ တပ်ဆင်ခြင်းကို ၂၀၁၆ ခုနှစ်အမီ စိုက်ထူနိုင်ဖို့ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါတယ်။

●ဩဂုတ်လနောက်ဆုံးပတ် အတွင်းမှာ ကျွန်တော်တို့အစိုးရ အဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနဲ့ ပြည်သူ့ရေးရာ ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ အတွက် ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအကြား ဟန်ချက်ညီညီ ဆောင်ရွက်နိုင်မှု၊ အပြန် အလှန် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်မှု ပိုမိုမြင့်မားစေဖို့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် လေးလပတ် အစည်းအဝေး ကို ခေါ်ယူကျင်းပခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးရအောင်၊ ပြည်သူများရဲ့ စီးပွားရေးပြန်လည် ဖွံ့ဖြိုး တိုးတက်လာအောင် ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ ဖန်တီးပေးနိုင်ဖို့ တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိတဲ့ အကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

မိဘပြည်သူများ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။
 
 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved