ယခင်စစ်အစိုးရလက်ထက် ဌာနဆိုင်ရာ ပေါင်းစုံကို ကောင်းကောင်း အလုပ်ပေးခဲ့တာက ကြက်ဆူပင်စီမံကိန်းပါ။
ဗိုလ်ချုပ်ကြီးတွေရော ပြည်သူတွေပါ ကြက်ဆူပင် မစိုက်မနေရ စိုက်ပျိုးခဲ့ရပါတယ်။
ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဆင်တဲအုပ်စု ရွာသစ်ကုန်းကျေးရွာမှာရှိတဲ့ အကွင်းအမှတ် (၄၉) အထက်မှာရှိတဲ့ ဧက (၈၀) ကျော်ကိုလည်း ကြက်ဆူပင်စိုက်ခင်းအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
၂၀၀၅ ခုနှစ် ၁၀ လပိုင်းမှာ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ပန်းတောင်းမြို့နယ် အုပ်ချုပ်ရေးမှူးတို့က အဲဒီလို သတ်မှတ်ခဲ့တာပါ။
သတ်မှတ်တယ်ဆိုတာကလည်း သူတို့က ရွာသစ်ကုန်းကျေးရွာသားတွေနဲ့ တွေ့ဆုံပြီး သိမ်းယူလိုက်ကြောင်း ပြောဆိုခဲ့တာ ဖြစ်တယ်လို့ ဒေသခံ အငြိမ်းစား တပ်ကြပ်ကြီး ဦးအုန်းမြင့်က ပြောပါတယ်။
“ အဲဒါတွေကိုလာသိမ်းတုန်းက ခယက က ဗိုလ်မှူးကြီးထွန်းအေးရယ်၊ ပန်းတောင်းမြို့နယ် မယက ဦးကျော်တင့်ရယ် ကျနော်တို့ကိုလာပြောတယ်။
မပြောရဲလို့ ငြိမ်နေခဲ့ရတာ။
အဲဒါကျနော်တို့ ယာမြေတွေ။ သူတို့ကြက်ဆူလည်း မစိုက်ဘူး။ ကျနော်တို့ပဲ အခုချိန်ထိစိုက်နေတာ။
နာမည်ပေါက်ယူထားတော့ ဗိုလ်မှူးတွေကြီးပဲ။ ဧက (၈၀) ကျော်စလုံး သူတို့နာမည်တွေနဲ့ ကျလာတယ်”
ဧက(၈၀) ကျော်မှာ ရွာသစ်ကုန်းရွာမှ တောင်သူ ၁၁ ဦးပိုင် ဓားမဦးချ လုပ်ကိုင်နေသည့် မြေများဖြစ်တယ်လို့ ဦးအုန်းမြင့်က ဆက်ပြောပါတယ်။
ဘာမှမဖြစ်ခင်တုန်းကတော့ ဘာမှမဖြစ်ပါဘူး။
အခုတော့ ဖြစ်လာပါပြီ။
တယ်လီနော ဆက်သွယ်ရေး ကုမဏီက တာဝါတိုင်စိုက်ထူမယ် ဆိုပြီး သိပ်မကြာသေးခင်က ကျေးရွာသားများနဲ့ သဘောတူစာချုပ်ရေးထိုးပါတယ်။
သို့သော်လည်း ကျောက်ခွဲစက်ပိုင်ရှင်တဦးက အဲဒီ တာဝါတိုင်စိုက်ထူမယ့် အကွက်ကို စစ်အရာရှိတဦးဆီကနေ ဝယ်ယူထားတာဖြစ်တယ် ဆိုပြီး ကန့်ကွက်လာပါပြီ။
“ဖုန်းတိုင်စိုက်ဖို့ စာချုပ်ချုပ်ပြီး ငွေလည်း လက်ခံပြီးတော့မှ စိုက်ဖို့လုပ်နေတဲ့အချိန် ကျောက်ခွဲစက်က ဒေါ်တိုးက အဲဒါ ဗိုလ်မှူးမြင့်သိန်းဆီက
ပြန်ဝယ်ထားတဲ့အကွက်၊ တာဝါတိုင်မစိုက်နဲ့လို့ လာတားတယ်။
ဒါ ကျနော်တို့မြေတွေ သူတို့က ကြက်ဆူခင်း အယောင်ပြပြီး သိမ်းခဲ့တာ။ တခါမှ မစိုက်ဘူး။
ဘာကြက်ဆူပင်မှလည်း မရှိဘူး။ အမည်ပေါက်ကတော့ သူတို့နာမည်နဲ့ ရှိနေတယ် မြေစာရင်းမှာ”
ဒါကြောင့် ဒေသတချို့ကတော့ ပန်းတောင်းမြို့နယ်က ကြက်ဆူပင်စီမံကိန်းအတွက် သိမ်းခဲ့တဲ့ ယာမြေဧက (၈၀) ကျော် ဘယ်သူပိုင်သွားပြီလဲလို့ မေးနေကြပါပြီ။
အာဏာပိုင်တို့ရဲ့ ပြောဆိုချက်
ပန်းတောင်းမြို့နယ် မြေစာရင်းဦးစီးမှူး ဦးရဲဝင်းက အဆိုပါမြေဧက (၈၀) ကျော်မှာ ယခင်အစိုးရ ခရိုင်အဆင့် တာဝန်ရှိသူများ၏ အမည်နဲ့ ရှိထားကြောင်းနဲ့
ကြက်ဆူစိုက်ခင်းအတွက် မြေလွတ်၊ မြေရိုင်းများရှာဖွေပြီး စီမံကိန်းအတွက် ရယူထားကြောင်း ဧရာဝတီကိုပြောပါတယ်။
“ အဲဒါတွေကအရင်ကတည်းက လုပ်မယ့်လူမရှိတဲ့ မြေလွတ်မြေရိုင်းတွေ၊ ကြက်ဆူစီမံကိန်းအတွက် ယူထားတာ။
မအောင်မြင်တော့ မြေလွတ်၊ မြေလတ်နဲ့ မြေရိုင်းများ သီးနှံစိုက်ပျိုးရန် ယာယီလုပ်ကိုင်ခွင့်ပြုထားတဲ့ အမိန့်စာရှိပါတယ်။
သူတို့နာမည်တွေနဲ့ ချပေးထားတာပါ။
ဒါပေမဲ့ အဲဒီမြေတွေကို ပြန်ရောင်းစားလို့ မရပါဘူး။ သူတို့ မလုပ်နိုင်ရင် နိုင်ငံတော်က ပြန်သိမ်းမှာပါ”
ရွာသစ်ကုန်းကျေးရွာရှိ တောင်သူ ၁၁ ဦးက သူတို့ရဲ့ သိမ်းဆည်ခံမြေများ ပြန်လည်ရရှိရေးအတွက် သုံးကြိမ်တိတိ တိုင်ကြားထားသော်လည်း တစုံတရာ ထူးခြားမှုမရှိသေးကြောင်း သိရပါတယ်။
တပ်မတော်ရဲ့ ဂုဏ်သိက္ခာတပ်ကြပ်ကြီး(ငြိမ်း) တဖြစ်လဲလယ် သိမ်းခံတောင်သူဖြစ်တဲ့ ဦးအုန်းမြင့်ကတော့ တပ်မတော်မှ အရာရှိကြီးများအမည်ဖြင့် ဒေသခံတောင်သူများအပေါ် ယခုလို နိုင်ထက်စီးနင့်သိမ်းယူနေတာဟာ
တပ်မတော်ရဲ့ ဂုဏ်သိက္ခာကိုထိခိုက်နိုင်တယ်လို့ ပြောပါတယ်။
ကြက်ဆူခင်းက တလျှောက်လုံး အမှုတွေ ပွေခဲ့တယ်လို့ ဆိုရမယ်။
လောလောဆယ်တော့ မစိုက်ရသေးတဲ့ တယ်လီနော တာဝါတိုင်ကို အမှု ပွေနေပါပြီ။
ကောင်းမြတ်မင်း
.
0 comments :
Post a Comment