ဖေ့ဘုတ်ပေါ်က မျက်လှည့်သင်တန်း

Tuesday, October 28, 2014



လူငယ် မျက်လှည့်ပညာရှင် ၁၀ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ Heaven Bone Magic Production ဆိုတဲ့ မျက်လှည့်အဖွဲ့ဟာ ပရိတ်သတ်တွေ လွယ်လင့်တကူ ပြန်လည် သင်ယူလို့ရနိုင်တဲ့ အခြေခံ မျက်လှည့်ပညာတွေကို အွန်လိုင်းဖေ့ဘုတ်စာမျက်နှာထက်မှာ သင်ပေးနေပါတယ်။


ကလေးတွေကို မျက်လှည့်ပြနေတဲ့ မျက်လှည့်ပညာရှင် လင်းဏေ (ဓာတ်ပုံ- Lynn Nay facebook မှ)


ဖေ့ဘုတ်ပရိတ်သတ်တွေအနေနဲ့ Lynn Nay Myanmar Magician လို့ဆိုတဲ့ ဖေ့ဘုတ်စာမျက်နှာမှာ Like လုပ်ထားပြီး သွားကြည့်လို့ရပါတယ်။ ဖေ့ဘုတ်ကနေ သူတို့သင်ပေးနေတာ ၈ လလောက်ရှိပါပြီ။

သူတို့ပြထားတဲ့ မျက်လှည့်ပြကွက်တွေထဲက ကိုယ်သင်ယူလိုတဲ့ မျက်လှည့်ပြကွက်လေးတွေကို Like တို့ comment တို့ပေးပြီး တောင်းဆိုလို့ရပါတယ်။ အများဆုံး တောင်းဆိုထားတဲ့ ပြကွက်တွေကို သူတို့အနေနဲ့ နောက်တကြိမ်မှာ ပြန်လည်သင်ကြားပေးတာကိုလည်း တွေ့ရပါတယ်။

ဘာကြောင့် အခုလို မျက်လှည့်ပညာတွေကို သင်ကြားပေးနေရလဲလို့ဆိုတော့ “ကျနော်တို့ခေတ်က ဒီပညာ ကို ခဲရာခဲဆစ်နဲ့ လေ့လာခဲ့ရတယ်။ နောင်လာနောက်သားတွေကို ဒီလိုမဖြစ်စေချင်ဘူး။ အရမ်းဝါသနာပါပြီး ဒီပညာကို ဘယ်မှာ လေ့လာရမှန်းမသိတဲ့သူတွေအတွက် ကျနော်တို့က အခုဖေ့ဘုတ်ပေါ်ကနေတဆင့် အတတ်နိုင်ဆုံး ပညာကို sharing လုပ်ပေးတဲ့အနေနဲ့ ကျနော်တို့ ဝေဌပေးတာ။ ကျနော်တို့ ဝေဌပေးတာက ပညာကို ပေါသွားစေချင်တဲ့စိတ်နဲ့ မဟုတ်ဘူး။” လို့ Heaven Bone Magic Production အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုလင်းဏေ က ပြောပါတယ်။

အရင်က မျက်လှည့်ပညာရှင်ဆိုတာ လက်ချိုးရေလို့ရတဲ့အနေအထားကနေ မြန်မာပြည်မှာရှိတဲ့ မျက်လှည့် ၀ါသနာရှင်ပေါင်း အယောက် ၂၀၀ လောက်အထိရှိလာတယ်ဆိုတာ ပဉ္စလက် ၅၂ အမည်နဲ့ ဖေ့ဘုတ် စာမျက်နှာထက်မှာ အဖွဲ့  ဖွဲ့ထားတာကို ကြည့်ရင်သိနိုင်ပါတယ်လို့ ကိုလင်းဏေက ဆိုပါတယ်။

Heaven Bone Magic Production က ဖေ့ဘုတ်အွန်လိုင်းမှာ ဘယ်လိုမျက်လှည့်ပညာမျိုးတွေ သင်ပေးနေလဲ။

“ပြကွက်တွေကတော့ အဓိကအားဖြင့် သာမာန်လူတွေ လုပ်လို့ရမယ့် ပြကွက်တွေကို ရွေးချယ်ပြီးတော့ သင်ပေးတာပါ။ ဘာကြောင့်လည်းဆိုတော့ မျက်လှည့်မှာ ကိရိယာလေးတွေလုပ်ပြီး လုပ်ရတဲ့အလုပ်ဆိုရင် မလုပ်ချင်ကြတော့ဘူး။ ပျင်းသွားရော။ ကျနော်တို့လုပ်တာ ထိရောက်မှာမဟုတ်ဘူး။ လိမ်တာ သိသွားပါပြီကွာ ဆိုတာမျိုး မဖြစ်စေချင်ဘူး။ ဒါဟာ လှည့်စားမှုတခုပါ။ သူတို့လိုက်လုပ်လို့ရတယ်၊ သူတို့လက်မှာ စွပ်ထားတဲ့ လက်စွပ်နဲ့ သူတို့ဆီမှာရှိတဲ့ ဖန်ခွက်နဲ့ 
သတင်းစာ လေးတရွက်နဲ့ ပြလို့ ရမယ့် ပြကွက်လေးတွေကိုပဲ ကျနော်တို့က ရွေးချယ်ပြီးတော့ နောက်လည်း ဖေ့ဘုတ်မှာသင်ကြားရေးအစီအစဉ်လေးတွေနဲ့ လုပ်သွားဖို့ နောက်ထပ်အစီအစဉ်တွေလည်း အများကြီးရှိပါတယ်။ ကျနော်တို့နိုင်ငံမှာ ဒီပညာနဲ့ ပတ်သက်လို့ ၀ါသနာပါတဲ့သူတွေပေါ်လာရင် သင်ပေးရမယ်။ ပင်လယ်ရေ တယောက်တည်း သောက်လို့မရဘူးဆိုတဲ့ အသိရှိတယ်။” လို့ သူက ပြောပါတယ်။

ကဲ မျက်လှည့်ပညာကို စိတ်ဝင်စားတဲ့သူတွေ ကိုယ်တိုင်လုပ်ကြည့်ချင်ပါတယ်ဆိုတဲ့သူတွေ အွန်လိုင်းဖေ့ဘုတ် စာမျက်နှာထက်ကနေ သူတို့သင်ပေးတဲ့ မျက်လှည့်ပြကွက်လေးတွေကို ကြည့်ရင်း လိုက်လုပ်လို့ ရပြီဆိုတဲ့ အကြောင်း ပြောချင်ပါတယ်။ 

ဒါပေမယ့် မြန်မာပြည် အင်တာနက်မြန်နှုန်းနဲ့ဆိုရင်တော့ သူတို့တင်ထားတဲ့ ဗီဒီယိုဖိုင်ကို ဖွင့်ကြည့်နိုင်ဖို့ နည်းနည်း စိတ်ရှည်သည်းခံစွာနဲ့ စောင့်စားရမယ်ဆိုတာတော့ ချွင်းချက်ပေါ့နော်..။


သဲသဲ…



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved