အမှိုက်စား သတ္တ၀ါ

Wednesday, October 8, 2014


 ~





ကမ္ဘာ့ရွာသူကြီးမှာ ထိုင်ခုံနောက်မှီပေါ်တွင် ခေါင်းတင်ကာ မျက်စေ့မှိတ်၍ နားထောင်နေသည်။ ပြည့်တင်း ဖောင်းကား နေသည့် ၎င်း၏ ၀မ်းဗိုက်ကြီးမှာ နိမ့်တုံ မြင့်တုံဖြစ်နေပြီး၊ အဆီယစ် ဖောထွက်နေသည့် ၀က်မျက်နှာပေါ်တွင် ကြီးမားသည့် မျက်မှန် ထူထူကြီးက မြေခွေးမျက်လုံးကဲ့သို့ ကောက်ကျစ်သော မျက်ဝန်းများကို ဖုံးကွယ်ပေး ထားသည်ဟု ထင်ရသည်...
      

အခန်း(၁)

နိုဘယ်ဆုရ သိပ္ပံပညာရှင်ကြီး ဒေါက်တာဝိတ်သည် ရန်ကုန်မြို့၊ ဗညားဒလလမ်း အမှတ်(၂၇၉)၊ အထပ်(၅၀)ရှိ သူ၏ ခေတ်မီ ဧည့်ခန်းမကြီးထဲတွင် ထိုင်ရင်း ကော်ဖီကို အရသာခံသောက်ကာ အခြားစကြ၀ဠာများမှ ထုတ်ဝေသော သတင်းစာ၊ ဂျာနယ်၊ စာစောင် များကို ဖတ်ရှုလျက် သူ၏ မိတ်ဆွေလည်းဖြစ်၊ လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်သော ဒေါက်တာကျော်ကို စောင့်နေလေသည်။ ၄င်း၏ မျက်နှာချင်းဆိုင်နံရံဖန်သားပြင်ပေါ်က Venus ဂြိုဟ်မှ ထုတ်လွှင့်သော Venus Bellee ရုပ်မြင်သံကြား အစီအစဉ်ကို တချက်ဝေ့ ကြည့်လိုက်ပြီး သူ၏ရှေ့တည့်တည့် စားပွဲပေါ်ရှိ စာစောင် တခုကို လှန်လှောဖတ်ရှုလိုက်သည်။ ဆေတန်ဂြိုဟ် လုံးဆိုင်ရာ အဖွဲ့က ထုတ် ဝေသည့် Tomorrow အမည်ရှိ သတင်းစဉ် စာစောင်ဖြစ်သည်။ ခေါင်းကြီးပိုင်းတွင် ဆေတန်ဂြိုဟ် သန့်ရှင်းသာယာ လှပရေးနှင့် ပတ်သက်ပြီး ကမ္ဘာဂြိုဟ်ပြာပြာ၏ နည်းပညာကို ရယူ၍ ရှင်းလင်းလုပ်ဆောင်နေပြီ ဖြစ်ကြောင်း၊ အမှိုက်သရိုက်များကို ဂြိုဟ်နှင့်ဝေးရာ အာကာသထဲသို့ ပစ်လွှင့်လျက်ရှိကြောင်း၊ နည်းပညာရပ်များကို ဂြိုဟ်ပြာပြာမှ ရယူ၍ ပိုမိုမြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရေးသားထားလေသည်။

    ထိုစဉ် တယ်လီဖုန်းမြည်သံကြားရသည်။ Interpreter က ချက်ချင်း ဘာသာပြန်ပေးချက် အရ - “အင်္ဂါဂြိုဟ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေးအစီအစဉ် အရ ပညာပေးသင်တန်း ဖွင့်လှစ်ပို့ချလိုပါ၍ သဘာ၀၀န်းကျင်ဆိုင်ရာ နိုဘယ်ဆုရ ဒေါက်တာဝိတ် ကိုယ်တိုင် သင်တန်း ဖွင့်လှစ် ပို့ချပေးပါရန်နှင့် သင်တန်းတွင် ပါဝင်ပို့ချပေးပါရန်” အင်္ဂါဂြိုဟ် ဥသျှောင် ကိုယ်တိုင် ဖိတ်ကြားကြောင်း သိလိုက်ရသည်။ ဒေါက်တာဝိတ်သည် ဖိတ်ကြားချက်ကို လက်ခံကြောင်းနှင့် လာရောက်ရမည့် နေ့ရက် အချိန်ကို ပြန်လည်တင်ပြရန် ညွှန်ကြားလိုက်သည်။ တဆက်တည်း တင်ပြ လာမည့်  နေ့ရက်အချိန်ကို မှတ်သားထားပြီး နေ့စဉ်လုပ်ဆောင်ရမည့် အစီအစဉ် မှတ်တမ်းတွင် ထည့်သွင်းရန် Interpreter ၏ ခလုတ်တခုကို နှိပ်လိုက်သည်။ ကမ္ဘာပေါ်တွင်သာမက စကြ၀ဠာ အတွင်းရှိ ဂြိုဟ်သားများသည် ကိုယ်ပိုင် ဘာသာစကား ဖြင့်သာ ပြောဆိုကြသည်။ သို့သော် ကွန်ပျူတာသုံး Interpreter က ဘာသာပြန်ဆိုပေးမှုကြောင့် အလွယ်တကူ သိရှိနားလည် နိုင်ကြသည်မှာ နှစ်အတော်ကြာခဲ့ပြီ ဖြစ်သည်။ ယခင်က ကမ္ဘာ့ရွာဟု ရှိနေရာမှ ယခုအခါ စကြ၀ဠာ ရွာကြီးဟု ပြောင်းလဲ သတ်မှတ် ခေါ်ဝေါ်လာကြ ပေပြီ။ ဤသည်မှာလည်း သိပ္ပံပညာရှင်ကြီး ဒေါက်တာဝိတ်၊ ဒေါက်တာကျော်တို့ အပါအ၀င် ကမ္ဘာ့သိပ္ပံပညာရှင်များ၏ မနားမနေ ကြိုးပမ်းမှုကြောင့် ဖြစ်ပါသည်။ နေ့မအား ညမနားလှုပ်ရှား၍ စကြ၀ဠာအတွင်း နည်းပညာနှင့် ပညာရည်မြင့်မားရေး ဆောင်ရွက်ပေးလျှက်ရှိသည်။ ထို့ကြောင့်ပင် ဒေါက်တာဝိတ်အား ၂၀၈၀ ပြည့်နှစ်အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ နိုဘယ်ဆု ချီးမြှင့်အပ်နှင်းခဲ့ခြင်း ဖြစ်သည့် အပြင် ယခုနှစ် ၂၀၈၅ ခုနှစ် တွင်လည်း စကြ၀ဠာလုံး ဆိုင်ရာ နိုဘယ်ဆု ထပ်မံ ချီးမြှင့်ရန် လျာထားခံရ သူလည်း ဖြစ်ပါသည်။

    ထူးခြားချက်မှာ ဒေါက်တာဝိတ်သည် အခြားသိပ္ပံပညာရှင်များ ကဲ့သို့ ပိန်ပိန်သွယ်သွယ်မဟုတ်၊ မို့အစ်ဖောင်းကား နေသည့် ပါးစုန့်ကြီးများပါသည့် မျက်နှာ၊ သေးငယ်ကျဉ်းမြောင်းသော်လည်း ထက်မြက်စူးရှသည့် မျက်လုံး၊ ၀ဖိုင့်ဖိုင့် ကိုယ်နေဟန် ရှိပြီး သေးငယ်ဝိုင်းစက်သော မျက်မှန်ကို တပ်ထားသဖြင့် ခန့်ငြားသူဟု ဆိုရပါမည်။ ထို့အပြင် အများအကျိုး အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံတတ်သူလည်း ဖြစ်ပါသည်။ သန့်ရှင်းသပ်ရပ်စွာ နေထိုင်တတ်သူ ဖြစ်ပြီး “စူထွက် ဖောင်းကားနေသော ၀မ်းဗိုက်ထဲတွင် အတွေးအခေါ်တွေ၊ ပညာတွေ အပြည့်ထည့်ထားတာ” ဟု ရယ်ရွှင်ဖွယ် ပြောတတသူလည်း ဖြစ်ပါသည်။ သို့ရာတွင် လုပ်ငန်းကိစ်္စနှင့် ပတ်သက်လျှင် အလွန်တိကျစွာ ဆောင်ရွက်တတ်သူ ဖြစ်ပါသည်။

ထိုစဉ် စွမ်းအင် အသွင်ပြောင်းသွားလာ ရေးစနစ်ဖြင့် လျှပ်ပြက်သလို ရောက်ရှိလာသူကား ဒေါက်တာကျော် ဖြစ်သည်။ အရပ်ရပ်မြင့်မြင့် စမတ်ကျကျ။ ရုတတရက် ဒေါက်တာဝိတ်၏ရှေ့တွင် ပေါ်လာခြင်း ဖြစ်သည်။ ဒေါက်တာဝိတ် နာရီကို တချက်ကြည့်လိုက်ပြီး- “အတိအကျပါလား၊ ဒေါက်တာကျော်ရဲ့။ ကျုပ်ကတော့ အစောကြီး ကတည်းက You ကို I WAIT ရတာ လည်ပင်းကြီးကို LONG LONG ဖြစ်နေပြီဗျာ၊ ဟားဟားဟား” ဟု ရယ်မောစရာ စကားဖြင့် နှုတ်ဆက်လိုက်သည်။ ဒေါက်တာကျော်ကလည်း-
“ဒေါက်တာဝိတ်ရယ်၊ ဒေါက်တာဝိတ်မို့၊ WAIT ရတာ၊ ဆက်ပြီးတော့သာ WAIT ပါ၊ ၀ိတ်ရယ်” ဟု အရွှန်းအပြက် စကားဖြင့် ပြန်လည် နှုတ်ဆက်လိုက်သည်။ နှစ်ဦးသား လက်ဆွဲနှုတ်ဆက်ကြရင်း - ဒေါက်တာဝိတ်က-

    “အခုကလေးပဲဗျာ၊ အင်္ဂါဂြိုဟ် ဥသျှောင်က ဖိတ်တယ်၊ သူတို့ဆီမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရည်မြှင့်တင်ရေး အစီအစဉ် အရ သင်တန်းပို့ချပေးဖို့ ကျုပ်တို့ ကမ္ဘာမြေက ပညာရှင်တွေကို ဖိတ်ထားတယ်။ အဓိက,ကတော့ ကျုပ်ကို တက်ဖို့ ပြောတယ်။ ပတ်ဝန်း ကျင်ဆိုင်ရာ ကိစ္စဆို တော့ ကိုယ်တိုင်ပဲ တက်လိုက်မယ်ဗျာ။ ခင်ဗျား က ယူရေးနပ်စ်နဲ့ နက်ပကျွန်း ဂြိုဟ်တွေမှာ နည်းပညာပြန့်ပွားနေရေး သင်တန်းပို့ချပေးပါနော်”ဟု ဒေါက်တာဝိတ်က လှမ်းပြောလိုက်သည်။

    ဒေါက်တာကျော်က- “ကျုပ်တို့ ကမ္ဘာ့သိပ္ပံပညာရှင်တွေ အားလုံး ကမ္ဘာဂြိုဟ် အတွက်သာမက စကြ၀ဠာတခုလုံး အထိ အတွက် ပါ ကြိုးပမ်း လုပ်ဆောင်နေကြတာပဲ ဗျာ၊ စိတ်ချပါ ကျုပ် ပို့ချပေးပါ့မယ်။ အလုပ်ကိစ္စတွေ ခဏ ထားလိုက်ဦး။ ကျုပ် အေးအေး ဆေးဆေး နားချင်သေးတယ်။ ကျုပ် အခုမှ ဟိုးဘက်စကြ၀ဠာ (၁၀)ခုကျော် နာနို (Nano) စကြ၀ဠာက ပြန်လာတာ။ ဟေ့ လူကြီး၊ ခင်ဗျား အဲဒီစကြ၀ဠာထဲက ဗွန်နို (Vonno)ကို ရောက် အောင်သွားလိုက်ဦးဗျာ။ အတော် သာသာယာယာ ရှိတယ်ဗျို့။ ကလေးတွေကလည်း ပညာရေးအတွက် အရမ်းအားတက်သရော ရှိတယ်ဗျာ။ သွားရလာရတာတော့ နည်းနည်းတော့ အခက်အခဲ ရှိတာပေါ့။ ဒါကလည်း သူတို့ ဆီမှာ ပညာရှင်က နည်းနေသေးတာကိုး။ အဲ အဲ ခင်ဗျား သားကြီး အာကာဟိန်းထက်အောင် ဖွင့်ထားတဲ့ လကမ္ဘာပေါ်က လက်ဘက်ရည်ဆိုင်က အတော့်ကို အောင်မြင်တယ်ဗျို့။ အချိန်ပြည့် စည်ကားနေတော့တာပဲ။ တခြား ဂြိုဟ်တွေကတောင် လာသောက်ကြ တယ်ဗျို့” ဟု ပြောရင်း ဒေါက်တာကျော်သည် ဖန်သားပြင်နှင့် မျက်နှာချင်းဆိုင်ရှိ နှစ်ယောက်ထိုင် ဆိုဖာကြီးပေါ် လှဲလိုက်ပြီး ညာဘက် လက်တန်းကို ခေါင်းအုံးကာ မှေးစက် အနားယူ နေလေသည်။ လူဝကြီး ဒေါက်တာဝိတ်သည် သူ့အတွက် သီးသန့် ပြုလုပ်ထားသည့် ဆိုဖာထိုင်ခုံပေါ် တွင် ထိုင်ရင်း ယနေ့ ဆက်လက်လုပ်ဆောင်ရမည့် အစီအစဉ်များကို ဖတရှု သုံးသပ် နေလေသည်။ ထိုစဉ်..

    ထိုစဉ်- အရေးပေါ်ဆက်သွယ်ရေး တယ်လီဖုန်းမြည်သံ အဆက် မပြတ် ပေါ်ထွက်လာသည်။ ဤဖုန်းမှာ သာမန်အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး ဆက်သွယ်ရမည့် ဖုန်းမဟုတပဲ၊ ကမ္ဘာ့ရွာ (သို့မဟုတ်) စကြ၀ဠာအတွက် အရေးပေါ် အရေးကြီး အခြေအနေနှင့် တွေ့ကြုံ ပေါ်ပေါက်မှသာ သိပ္ပံပညာ ရှင်များအဖွဲ့၊ ကမ္ဘာ့ရွာသူကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များသာ ဆက်သွယ်နိုင်သောဖုန်းဖြစ်သည်။ ဒေါက်တာဝိတ်နှင့် ဒေါက်တာကျော်တို့သည် တွေဝေ ငေးမောခြင်း အလျင်း မရှိပဲ မြန်ဆန်သွက်လက်စွာဖြင့် ဖုန်းညွှန်ကြားရာ ဟိုနိုလူလူ သို့ စွမ်းအင် အသွင်ပြောင်း အလင်းအလျင် ခရီးသွားလာရေး စနစ်ဖြင့်  ချက်ချင်း ထွက်ခွာသွားလေသည်။

အခန်း(၂)

“ကျုပ်တို့ရဲ့ ကမ္ဘာဂြိုဟ်အတွက် အထူးအရေးကြီးတဲ့ ကိစ္စတရပ်ပေါ် ပေါက်နေတဲ့အတွက် အခုလို အရေးပေါ် အစည်းအဝေး ခေါ်ယူလိုက် ရတာ ဖြစ်ပါတယ်။ ကျုပ်တို့ ကမ္ဘာရွာသာမက နေစကြ၀ဠာနဲ့ အခြားဂြိုဟ် တွေအတွက်ပါ အလွန်အရေးကြီးတဲ့ ကိစ္စပါ” ဟု ကမ္ဘာ့ရွာလုံခြုံရေးနှင့် လွှတတော် ဥက္ကဌက စိတလှုပ်ရှားစွာနှင့် အစည်းအဝေးကို စတင်လိုက်သည်။ သေးသွယ်သွယ်၊ ပိန်ပါးပါး ခန္ဓာကိုယ် လေးမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ရင် နေသည်ဟု ထင်ရသည်။ ဆံပင်ဆိုးဆေးကြောင့် နက်မှောင်နေသည့် ဆံပင် ကျိုးတိုး ကျဲတဲကို နောက်သို့ သပ်တင်ရင်း မျက်မှန်ထူကြီးကို ပုတိုတို နှာခေါင်းထက် မ,တင်ကာ ဆက်ပြောသည်။

    “ခေတ်အဆက်ဆက် သမိုင်းမှတ်တမ်းတွေအရ ကျုပ်တို့ ကမ္ဘာ့ရွာသူ ရွာသားတွေဟာ စည်းလုံးညီညွတ်မှု နည်းပါး တဲ့အပြင် အတ္တကြီး၊ ကိုယ်ကျိုးရှာ၊ အနိုင့်ထက်ကျင့် လုပ်တတ်တဲ့ အကျင့်စရိုက်ကြောင့် ငြိမ်းချမ်းတယ်ဆိုတာ မရှိခဲ့ဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ ၂၀၈၀ ပြည့်နှစ်မတိုင်မီ ကာလများက စ,ပြီး အလွန်ကို စည်းလုံးညီညွတ်လာတာ တွေ့ရပါတယ်။ ဒါကလည်း အန္တရာယ် အခက်အခဲကြောင့် စည်းလုံးကြတာပါ။ သာတူညီမျှ စိတ်၊ အချင်းချင်းနားလည်ပေးတဲ့စိတနဲ့ ချစ်ခင်စွာ စည်းလုံးလာခြင်း မဟုတ်ပါဘူး။ ဒါတွေကို အားလုံး သိပြီးဖြစ်ပါတယ်။ သို့ပေမယ့် အခုရင်ဆိုင် နေရတဲ့ အခက်အခဲ ပြဿနာ ဖြစ်တဲ့ - ကမ္ဘာ့ရွာ ကာကွယ်ရေး သင်တန်းသား ၁၅၀ တို့ဟာ နေစကြ၀ဠာလေးအတွင်း လေ့လာရေး ခရီးထွက်ရင်း အုပ်စုလိုက် ပျောက်ဆုံးနေတဲ့ ကိစ္စနဲ့ ပတ်သက်ခြင်း ရှိ-မရှိ တွေးဆ,နိုင်ဖို့နဲ့ ပညာရှင်ကြီးများက အကောင်းဆုံး အကြံဥာဏ်ပေးနိုင်ဖို့ အတွက် တင်ပြရခြင်းပါ”

    ကမ္ဘာ့ရွာလုံခြုံရေးနှင့် လွှတ်တော်ဥက္ကဋ္ဌသည် အရေးပေါ် အစည်းအဝေး တက်ရောက်လာသည့် သိပ္ပံပညာ ရှင်ကြီးများ၊ အတွေး အခေါ် ပညာရှင်ကြီးများနှင့် ကမ္ဘာ့ရွာသူကြီး အပါအ၀င် အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ စုစုပေါင်း (၂၀၀) ခန့်ကို တဦးချင်းစီအား ဝေ့ကြည့် လိုက်သည်။ ကမ္ဘာ့ရွာသူကြီးမှာ ထိုင်ခုံနောက်မှီပေါ်တွင် ခေါင်းတင်ကာ မျက်စေ့မှိတ်၍ နားထောင်နေသည်။ ပြည့်တင်း ဖောင်းကား နေသည့် ၎င်း၏ ၀မ်းဗိုက်ကြီးမှာ နိမ့်တုံ မြင့်တုံဖြစ်နေပြီး၊ အဆီယစ် ဖောထွက်နေသည့် ၀က်မျက်နှာပေါ်တွင် ကြီးမားသည့် မျက်မှန် ထူထူကြီးက မြေခွေးမျက်လုံးကဲ့သို့ ကောက်ကျစ်သော မျက်ဝန်းများကို ဖုံးကွယ်ပေး ထားသည်ဟု ထင်ရသည်။ အားလုံး စိတ်ဝင်တစား ရှိနေသည်ဟု ယူဆရသော အခါ ဥက္ကဌက-

“ဒီလို ခရီးသွားရင်း ပျောက်ဆုံးနေတာဟာ အခုနှစ်ပိုင်းအတွင်း ကယ်လီဖိုးနီးယားက (၁၂)ယောက်၊ နယူးယောက်က (၉)ယောက်၊ လန်ဒန်က (၁၂)ယောက်၊ မော်စကိုက (၇)ယောက်၊ တရုတ်ဘေကျင်းက (၅၀)၊ တိုကျိုက (၅)ယောက်နဲ့ တခြားနိုင်ငံတွေက (၂၈၀)၊ စုစုပေါင်း (၃၇၅) ယောက်တို့လည်း ပျောက်ဆုံးနေကြတယ်။ ကမ္ဘာ့ရွာတခုလုံး ဆိုရင် လက်ရှိ (၅၀၀) ကျော်လောက် ပျောက်ဆုံး နေကြတယ်။ သူတို့ရဲ့ နောက်ကြောင်းကို စိစစ် ကြည့်တော့ အားလုံးဟာ ကမ္ဘာ့ရွာထဲမှာ ပျောက်ဆုံးနေတာ မဟုတ်ဘဲ တခြားစကြ၀ဠာနဲ့ ဂြိုဟ်တွေကိုသွားရင်း ပြန်ရောက် မလာကြတာလို့ သိရတယ်။ ဒါဟာ သွေးရိုး သားရိုး ကိစ္စမဟုတ်နိုင်ဘူးလို့ ယူဆရတယ်”

    ထိုစဉ် အစည်းအဝေး တက်ရောက်လာသူ ၀၀တုတ်တုတ်၊ ၀က်ပုပ် တကောင်လို ကုပ်ပိုးများတက်နေသည့် ကမ္ဘာ့ရွာသူကြီးက “ဒါကတော့ဗျာ၊ စကြ၀ဠာအနှံ့ သွားချင်ရာ သွား၊ လာချင်ရာ လာ လို့ ရနေတာပဲ၊ တချို့ဆို ဂျူပီတာမှာ မနက်စာသွားစားကြ၊ လ, ကမ္ဘာမှာ ဖွင့် ထားတဲ့ Blue Moon လက်ဘက်ရည်ဆိုင်ကို သွားသောက်ကြ၊ တချို့လူငယ် တွေဆို ဟိုးဘက် စကြ၀ဠာတွေ သွားပြီး မိန်းမပိုးတာ တွေတောင် ရှိနေတာပဲ။ ကျုပ်မြေးလေး ဆိုရင်လည်း ဆေတန်ဂြိုဟ် သွားပြီး အပတ်စဉ် ကျောင်းတက်နေတာပဲလေ။ ဒါမျိုး ကိစ္စဟာ ထူးဆန်းတဲ့ ကိစ္စလို့ မဆိုနိုင်ဘူး။ ပြန်မလာချင်တဲ့ အကြောင်း တခုခုကြောင့် ပြန်မလာကြတာလို့ပဲ ယူဆရပါတယ်ဗျာ” ဟု ၎င်း၏ ထင်မြင် ယူဆချက်ကို ပေါ့ပေါ့ဆဆဖြင့် တင်ပြလိုက်သည်။

    ထိုအခါ ကမ္ဘာ့ရွာလုံခြုံရေးနှင့် လွှတ်တော်ဥက္ကဋ္ဌက “စောစောပိုင်း တုန်းကတော့ ဒီလိုပဲ ယူဆခဲ့တာပါပဲ ရွာသူကြီး။ ဒါပေမယ့် ပျောက်ဆုံးသွားသူတွေရဲ့ နောက်ကြောင်းနဲ့ သူတို့သွားကြတဲ့ ဂြိုဟ်ကို စုံစမ်းကြည့်တော့ အဲဒီဂြိုဟ်ကိုလည်း ရောက်မလာဘူး တဲ့။ ဒါနဲ့ တခြားဂြိုဟ်တွေ၊ စကြ၀ဠာတွေကို ဆက်သွယ်စုံစမ်းကြည့်တော့ သူတို့ ဧည့်စာရင်းမှတ်တမ်းထဲမှာ မရှိဘူးလို့ အခိုင်အမာ သိရှိရတယ်။ ဒါကြောင့် ဒီလိုပျောက်ဆုံးသွားတာဟာ သွေးရိုး သားရိုးကိစ္စ လုံးဝမဖြစ်နိုင်တော့ဘူး။ တခြားဂြိုဟ် တခုခုက ကျူးကျော်ဖို့ စီစဉ်နေ သလား၊ ပြန်ပေးဆွဲသွားတာလား ဆိုတာ ၀ိုင်းဝန်းစဉ်း စားပေးကြဖို့ပါ” ဟု အနည်းငယ် မောဟိုက်သံဖြင့် ပြောပြီး မိမိကုလားထိုင်ပေါ် ပြန်ထိုင်လိုက်သည်။ တင်ပြလာမည့် အကြံဥာဏ်များကို စောင့်ဆိုင်းနေ သည့် သဘောပင်ဖြစ်ပါသည်။

    သိပ္ပံပညာရှင်ကြီး ဒေါက်တာဝိတ်သည် ၎င်း၏ ထိုင်ခုံပေါ်တွင် ထိုင်ရင်း ငြိမ်သက်စွာ စဉ်းစားနေသည်။ ဒေါက်တာကျော်မှာ ကွန်ပျူတာတလုံးဖြင့် တခုခုကို အတိအကျ တွက်ထုတ် အဖြေရှာနေသည်။ ခဏအကြာတွင်-

    “ဒေါက်တာကျော် ကျုပ်စဉ်းစားလို့ ရသလောက် အမှိုက်ပြဿနာရဲ့ အကျိုးဆက်လို့ ထင်တယ်။ ခင်ဗျားရော ဘယ်လို ထင်လဲ” ဟု ဒေါက်တာဝိတ်က လေသံဖြင့် ဆွေးနွေးသည်။ ဒေါက်တာကျော်က-

    “ဟုတ်တယ်ဗျ။ ကျုပ်လည်း အဲဒီလိုပဲ ထင်လို့ အတိအကျတွက် ကြည့်တော့ အာကာသထဲ ရောက်ရှိသွားတဲ့ အမှိုက်တွေနဲ့ စွမ်းအင်အသွင် ပြောင်းပြီး၊ ခရီးသွားလာနေတဲ့ အလင်း လမ်းကြောင်း တိုးတိုက်ထိမိသွားပြီး…. စွမ်းအင်ပျက်ယွင်းသွားပြီး….. ပျောက်ဆုံး ကုန်တာလို့ ဆိုရမယ်ဗျ။ ဒီတော့...” ဟု ဆိုကာ ဒေါက်တာကျော် ဆက်လက် စဉ်းစားနေလေသည်။
   
အစည်းအဝေးခန်း တခုလုံး ငြိမ်သက်စွာ စဉ်းစားနေကြသော်လည်း အတန်ကြာသည့်တိုင် မည်သည့် အကြံကောင်း၊ ဥာဏ်ကောင်းမျှ တင်ပြနိုင်ခြင်းမရှိ။ တချို့သော ပညာရှင်များမှာလည်း အချင်းချင်းနှစ်ကိုယ်ကြား တိုးတိုး တိတ်တိတ် ဆွေးနွေးနေကြသည်။ ရွာသူကြီးနှင့် သူ၏ အုပ်ချုပ်ရေး အဖွဲ့ဝင်အချို့မှာလည်း သူခိုးအိပ် အိပ်ငိုက်လျက် ရှိသည်။ ထိုစဉ် လူဝ သိပ္ပံပညာရှင်ကြီး ဒေါက်တာဝိတ်နှင့် ဒေါက်တာကျော်တို့ တိုင်ပင်ကာ -

    “အဟမ်း”

    ဒေါက်တာဝိတ်၏ ခန့်ငြားသော ချောင်းဟန့်သံကြောင့် အစည်းအဝေး တက်ရောက်လာသူများ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ရွာသူကြီးအား ၎င်း၏ တပည့် တယောက်က လက်တို့နှိုးလိုက်မှ ရွာသူကြီး အိနြေ္ဒပြန်ထိန်းရင်း ဒေါက်တာဝိတ် တင်ပြမည်ကို စိတ်ဝင်စား နေ သလို လုပ်နေလိုက်သည်။ ဒေါက်တာဝိတ်က-

    “ဒီကိစ္စနဲ့ ပတ်သက်ပြီး၊ ကျနော် ဒေါက်တာဝိတ်နဲ့ ဒေါက်တာကျော်တို့ ဖြစ်နိုင်ခြေ အချက်အလက်များကို တင်ပြပါ့မယ်။ ဆက်လက် လုပ်ဆောင်စရာ ရှိတာတွေအတွက် ကျန်တဲ့ ပညာရှင်တွေကလည်း အကြံပြုပေး ကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု သြရှရှ အသံ ကြီးဖြင့် ပြောလိုက်လေသည်။

    “ပထမဆုံး ကမ္ဘာ့အမှိုက် ပြဿနာနဲ့ ခရီးသွားလာခြင်း နောက်ဆက်တွဲ ဆက်စပ်ပြဿနာများကို ဒေါက်တာကျော်က ရှင်းလင်း တင်ပြပါ့မယ်။ ကျနော်က ဆက်လက်ဆောင်ရွက်သင့်သည့် အချက်အလက် တချို့ကို တင်ပြပါ့မယ်။ ဒေါက်တာကျော် ခင်ဗျား…. အမှိုက် ပြဿနာနဲ့ ခရီးသွားခြင်း နောက်ဆက်တွဲ ဆက်စပ်ပြဿနာများကို တင်ပြပေးပါခင်ဗျား” ဟု ဒေါက်တာဝိတ်က ဒေါက်တာကျော်အား ပန်ကြားလိုက်သည်။

    ဒေါက်တာကျော်က “ကျနော် အခု တင်ပြမယ့် အကြောင်းအရာ ၂ ရပ်လုံးဟာ အားလုံး သိပြီးသား ဆိုပေမယ့်
၂ ရပ်လုံးကို ဆက်စပ်လိုက်ရင် ရှုပ်ထွေးသွားမှာ စိုးလို့ တပိုင်းစီက အခြေခံ အချက်အလက်တွေ တင်ပြပါ့မယ်။
အားလုံး သည်းခံပြီး နားထောင် ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။
ကျနော်တို့ရဲ့ မိခင် ကမ္ဘာမြေကြီးပေါ်မှာ စမ်းသပ်မှု စွန့်ပစ်ပစ္စည်းတွေ၊ တခါသုံး အိမ်သုံး ပစ္စည်းတွေ တနည်းအားဖြင့် အမှိုက်တွေဟာ ကမ္ဘာ့နေရာ အနှံ့မှာ ကြီးကြီး မားမားပေါ်ပေါက်လာခဲ့ပါတယ်။ ဥပမာ အမေရိကန်နိုင်ငံ တခုတည်းမှာ ကို စွန့်ပစ် အိမ်သုံးပစ္စည်း သုံးစွဲစွန့်ပစ်မှုက ၂ဝဝ၁ ခုနှစ်တုန်းက တရက် အတွင်း လူတဦးစွန့်ပစ် အမှိုက်အလေးချိန်က ၅ ပေါင်အထိ တရက် တရက်အတွင်း စွန့်ပစ်လာကြတယ်။ အမေရိကန်နိုင်ငံ တနိုင်ငံလုံး အနေနဲ့ အမှိုက်တန်ချိန် ၆၈ သန်း အထိ တိုးတက်များပြားလာပါတယ်။
တခြား နိုင်ငံတွေရော ထည့်တွက်လိုက်ရင် အမှိုက်ပုံထဲက ကမ္ဘာဖြစ်နေပြီ ပေါ့။
ဒါနဲ့ ကုလသမဂ္ဂ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ် (UNEP)ကနေ ပြီးWise Waste Programme တခုရေးဆွဲပြီး စွန်ပစ်ပစ္စည်း ပြန်လည်အသုံး ချရေး (Recycling) နည်းလမ်းအမျိုးမျိုး ရှာဖွေဖြေရှင်းကြပေမယ့် အမှိုက်တွေ ကတော့ တဖွဲဖွဲ တသည်းသည်းဆိုသလို ကြီးပြီးရင်း ကြီးကြီးလာနေခဲ့ပါ တယ်။ ပင်လယ်ပြင်တွေမှာ စွန့်ပစ်လိုက်တော့ ရေသတ္တဝါတွေနဲ့ သင်္ဘော တွေကို ဒုက္ခပေး၊ မြေကြီးထဲ မြှုပ်ပြန်တော့ ရေဒီယိုသတ္တိကြွ၊ မီးရှို့ပြန်ရင်လည်း အိုဇုန်းလွှာ ပါးလွှာပေါက်ပြဲ နေရတဲ့ အထဲ ဆုပ်ဖြဲပစ်လိုက်သလို ဖြစ်မှာ စိုးရတာနဲ့၊
 ဒီအမှိုက်တွေကို အာကာသထဲ လွှင့်ပစ်ဖို့ စီစဉ်ကြရတော့ တာပဲ။
ဒီ အစီအစဉ်ကို အကောင်းဆုံး၊ အဆင်အပြေဆုံး၊ စရိတ်စကအနည်းဆုံး ဖြစ်အောင် တီထွင်ကြံဆ,နိုင်ခဲ့တဲ့ ဒေါက်တာဝိတ်ကို နိုဘယ်ဆုချီးမြှင့် ခဲ့တာလည်း အားလုံး အသိပါ။
အခုဆိုရင် အာကာသထဲမှာ ကမ္ဘာမြေက လွှင့်ပစ်လိုက်တဲ့ အမှိုက်တန်ချိန် သန်းပေါင်း (၅ဝဝ,ဝဝဝ) ကျော်ရှိခဲ့ပါပြီ။ ဒီအမှိုက်တွေဟာ အာကာသထဲမှာ လွင့်မျောနေကြပါတယ်”
   
ဒေါက်တာကျော် အနည်းငယ် မောလာဟန်ဖြင့် ရေတခွက် ငှဲ့သောက် လိုက်သည်။ ရွာသူကြီးနှင့် အုပ်ချုပ်ရေး အဖွဲ့ဝင်များသည် ယိမ်းထိုး အိပ်ငိုက် နေကြသော်လည်း ကျန်ပညာရှင်များမှာ ဒေါက်တာကျော်၏ ရှင်းလင်းချက်များကို စိတ်ဝင်စားစွာ နားထောင် နေကြလေသည်။ ဒေါက်တာကျော်က ဆက်လက်၍-

    ''စကြဝဠာ ခရီးသွားခြင်း အကြောင်း တင်ပြပါ့မယ်။ အားလုံးသိပြီးသား ကိစ္စကို အခုလို ဘာဖြစ်လို့ တင်ပြနေရတာလဲဆိုရင် ကျနော်နဲ့ ဒေါက်တာဝိတ်တို့
ခန့်မှန်းတွက်ဆချက် မှန်ကန်မှု ရှိ မရှိ စဉ်းစားသုံးသပ်နိုင်အောင် လို့ပါ။
'အလင်း၊ အသံ၊ အပူ၊ လျှပ်စစ်၊ သံလိုက် စတာတွေ အားလုံးဟာ စွမ်းအင်ရဲ့ ပုံစံအမျိုးမျိုးသာဖြစ်တယ်'ဆိုတဲ့ နိယာမကို အခြေခံ ပြီးတော့ စကြဝဠာခရီးသွားခြင်း လုပ်ငန်းကို
တီထွင် လုပ်ဆောင်နိုင်ခဲ့ကြတာဖြစ်တယ်။
 ပြီးတော့- ဂျိမ်းစ်ကလာ့စ် မက္ကစ်ဝဲလ် (James Clerk Maxwell)ရဲ့ သင်္ချာ ညီမျှခြင်း(၆)ခုကလည်း 'စွမ်းအင်အမျိုးမျိုးတို့သည် တခုမှ တခု အပြန်အလှန် ပြောင်းလဲနိုင်သော အရာများဖြစ်သည်' လို့ ဆိုထားတယ် မဟုတ်လား။ ဒီနိယာမနဲ့ သင်္ချာညီမျှခြင်းတွေကို အခြေခံပြီး အခု ကျနော်တို့ အားလုံး စွမ်းအင် အသွင်ပြောင်းစနစ်နဲ့ သွားလာနေ ကြတယ်ဆိုတာ အားလုံးအသိဖြစ်ပါတယ်။ အဲဒီလို စွမ်းအင် အသွင်ပြောင်းစနစ်နဲ့ တခြားဂြိုဟ်တွေ၊ စကြဝဠာတွေကို သွားလာကြတဲ့အခါ ကျနော်တို့ လွှင့်ပစ်ခဲ့တဲ့ အမှိုက်တွေက တခါထပ်ပြီး ဒုက္ခပေးပြန်တော့တယ်။ ခရီးသွားမယ့် အလင်း လမ်းကြောင်းပေါ် အမှိုက်တွေ ရောက်လာ၊ အမှိုက်တွေကြောင့် အလင်းလမ်းကြောင်း ပြောင်းသွားတာတွေ၊ ကွေ့ကောက်သွားတာတွေ ဖြစ်ပေါ်စေတဲ့ အပြင် အမှိုက်ကြောင့် စွမ်းအင်ပျက်ယွင်းပြီး လူတွေ အမှိုက်တွင်းနက်ထဲမှာ ပျောက်ကွယ်သေဆုံး သွားကြတာ ဖြစ်မယ်လို့ ကျနော်တို့ ခန့်မှန်းတွက်ဆမိပါတယ် ခင်ဗျား။
အမှိုက်တွေဟာ ကမ္ဘာမြေကိုသာမက အာကာသထဲထိ ဆိုးကျိုးတွေ ဖြစ်ပေါ်စေပါတယ်။
ကျနော့်ခန့် မှန်းချက် ဖြစ်နိုင်ခြေ ရှိ မရှိနဲ့ ဆက်လက် ဆောင်ရွက်သင့်တဲ့ အချက်တွေကို ၀ိုင်းဝန်း စဉ်းစားပြီး အကြံဥာဏ်ပေးကြဖို့ တိုက်တွန်းပါတယ်'' ဟု ရှည်လျားစွာ ပြောပြီး နိဂုံးချုပ်လိုက်သည်။
   
အစည်းအဝေးခန်း တခုလုံးလှုပ်လှုပ်ရွရွ ဖြစ်သွားသည်။ မိမိတို့ စဉ်းစားမိသည်များကို တယောက်တပေါက် ပြောဆိုနေကြသည်။ တချို့က အမှိုက်ကြောင့် ဖြစ်ရတာကို ထောက်ခံကြောင်း၊ တချို့က မဖြစ်နိုင်ကြောင်း ငြင်းခုံပြောဆိုကြသဖြင့် ဆူညံလာသည်။ ကမ္ဘာ့ရွာသူကြီးမှာလည်း သူ၏ တပည့်များက လက်တို့ သတိပေးသဖြင့် နိုးနေလေပြီ။ သူ့အနေဖြင့် ပညာရှင်များက အမြန်တင်ပြပြီး အစည်းအဝေးပြီးဆုံးဖို့ စိတ်စောနေကြောင်း မျက်နှာတွင် အထင်းသားပေါ်နေသည်။ သို့သော် မည်သူမျှ တိတိပပ တင်ပြင်သူ မရှိသဖြင့် မအီမလယ် ဖြစ်နေရှာသည်။ ထို့ကြောင့်ပင် ကမ္ဘာ့ရွာသူကြီးက ထ,၍ -
   
“ဒီ အမှိုက်ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူ့မှာ တာဝန်ရှိသလဲ ဆိုတာ စဉ်းစားကြည့်ရင် အမှိုက်တွေကို အာကာသထဲ လွှင့်ပစ်ဖို့ အကြံပေးတဲ့သူနဲ့ လွှင့်ပစ်နိုင်အောင် စီစဉ်ပေးတဲ့လူတွေမှာ တာဝန်ရှိတယ်။ ဒါကြောင့် ဒီလူတွေကို ဖြေရှင်းခိုင်း လိုက်တာဟာ အကောင်းဆုံး အကြံပဲ”ဟု ဒိုးဒိုး ဒေါက်ဒေါက် ပြောလိုက်လေသည်။
   
“အမှိုက်တွေလွှင့်ပစ်ဖို့ အကြံပေးကြတာ အခုအစည်းအဝေး တက်ရောက်လာကြတဲ့ သိပ္ပံပညာရှင်တွေရော၊ ယခင် ကမ္ဘာ့ ရွာသူကြီးဟောင်းရော အပြင် ကမ္ဘာသူ ကမ္ဘာသားတွေရဲ့ ထောက်ခံမဲ၊ ကန့်ကွက်မဲနဲ့ အတည် ပြုချက် ရယူလုပ်ဆောင်ခဲ့တာမို့ အားလုံးမှာ တာဝန်ရှိပါတယ်။ ဒီအကြောင်းတွေကို ခင်ဗျား ဘာမှ မသိပါဘူး.. သူကြီး။ သိရင်လည်း ဒီလို အပြစ်ပုံချတာမျိုး မလုပ်သင့်ဘူး။ အမှိုက်တွေ လွှင့်ပစ်နိုင်အောင် စီစဉ်ပေးတာကလည်း ဒေါက်တာဝိတ်တင်မကဘူး၊ သိပ္ပံပညာရှင်တွေ စုပေါင်း လုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ်။ အဲဒီထဲမှာ ဒေါက်တာဝိတ် ကုန်ကျစရိတ် အသက်သာဆုံးနဲ့ အဆင် အပြေဆုံး တီထွင်ပေးနိုင်ခဲ့လို့ နိုဗယ်ဆု ရခဲ့တာဖြစ်တယ်။
ဒါကြောင့် ဒီအကြံပြုချက်ကို လက်မခံ၊ ပယ်ချပါတယ်''ဟု ကမ္ဘာ့ရွာလုံခြုံရေးနှင့် လွှတ်တော် ဥက္ကဋ္ဌက ပြောကြားလိုက်သည်။ ကမ္ဘာ့ရွာသူကြီး မျက်နှာပျက်ကာ ငြိမ်ကျသွားသည်။
   
အစည်းအဝေးခန်းထဲတွင် တဖန် ဆူညံ လှုပ်ရွလာပြန်သည်။ မည်သူမျှ ထိထိရောက်ရောက် မစဉ်းစားနိုင်ကြ။ အမှိုက်ပြဿနာ ကား ကမ္ဘာပေါ်မှာရော၊ အာကာသထဲအထိပါ ရှုပ်နေလေတော့သည်။ အစည်းအဝေး ပြုလုပ်သည်မှာ (၅)နာရီကျော် ကြာပြီ ဖြစ်သော် လည်း မည်သည့် ဆုံးဖြတ်ချက်၊ အကြံပြုချက်မှ မချမှတ်ရသေး။ ပြဿနာမှာ လုံးချာလည် ချာလည်လုံးနေသလို နောက်ဆုံး ဆိုးကျိုးဖြစ် စေမည့် အကြောင်းနှင့်သာ အဆုံးသတ်သွား ရသဖြင့် မည်သို့မျှ အကြံဥာဏ်မပေးတတ်အောင် ရှိနေလေသည်။ အချို့ကလည်း အာကာသထဲက အမှိုက်တွေ ပြန်စုဖို့ ပြောကြ၊ ကုန်ကျစရိတ်တွေ တွက်ချက်ကြနဲ့ အလုပ်ရှုပ်နေကြလေသည်။ ထိုစဉ် ဒေါက်တာဝိတ်က မတ်တပ်ရပ်လိုက်ပြီး -
   
“အားလုံးကို ကျနော် အချက်တချက် တင်ပြချင်ပါတယ်။ ကျနော် တင်ပြမယ့် အချက်ဟာ ကမ္ဘာမြေအတွက် မှန်ကန်နိုင် ပေမယ့်တခြား ဂြိုဟ်ကမ္ဘာတွေ အတွက်တော့ မှန်ကန်ချင်မှ မှန်ကန်မှာပါ။ ဒါကြောင့် စကြဝဠာ အဖွဲ့အစည်း အသီးသီးနဲ့လည်း ထပ်မံ ညှိနှိုင်း ဆောင်ရွက်ဖို့ အကြံပြုလိုပါတယ်။ ပြဿနာရဲ့ အခြေခံက အမှိုက်စွန့်ထုတ်အား မြင့်မားမှုကြောင့် အမှိုက်များ များပြားနေပြီး၊ အမှိုက်ကို ပြန်လည် အသုံးချနိုင်စွမ်း မရှိတော့ ဆိုးကျိုးတွေ ဖြစ်ပေါ် နေရတာပါပဲ။ အမှိုက်တွေကို အသုံးချနိုင်စွမ်းအား ပိုမိုမြှင့်တင်ကြဖို့ပါပဲ။ စွန့်ပစ် ပစ္စည်း ပြန်လည် အသုံးချနိုင်ရုံလောက်နဲ့တော့ အမှိုက်ပြဿနာ ပြေလည်လာနိုင်မှာ မဟုတ်ဘူး၊ မွေးမြူရေး စနစ်တခုကို သေသေချာချာ အကောင်အထည်ဖော်မှသာ ပြေလည်နိုင်စရာ ရှိပါတယ်” ဟု ပြောရင်း အစည်းအဝေး တက်ရောက်နေသူတွေကို အကဲခတ်ကြည့် လိုက်သည်။ ငေးငိုင်နေသည့် ကမ္ဘာ့ရွာသူကြီးနဲ့ သူ၏ အပေါင်းအပါများမှာ အပ ပညာရှင်များအားလုံး စိတ်ဝင်တစား ရှိနေသည်ကို တွေ့ရသည်။
   
ကျန်ပညာရှင်အားလုံး၏ မျက်ဝန်းများတွင် စိတ်ဝင်စားမှုကြောင့် အရောင် တဖျတ်ဖျတ်လက်နေသည်ဟုပင်ထင်ရသည်။ ဒေါက်တာဝိတ်က ဆက်လက်ရှင်းပြသည်။
   
“စက်မှုလုပ်ငန်းနဲ့ မွေးမြူရေးလုပ်ငန်းမှာလည်း မွေးမြူရေးလုပ်ငန်းက ပိုပြီး သင့်တော်မယ် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် စက်မှုလုပ်ငန်းက ထုတ်လုပ်လိုက်တဲ့ ပစ္စည်းဟာ နောက်တကြိမ် စက်မှုလုပ်ငန်းနဲ့ ထိတွေ့တဲ့ အခါ အရည်အသွေး မပြည့်တာတွေ၊ ဆိုးကျိုးတွေ တပြိုင်တည်း ရတတ်တာမို့ အမှိုက်စား သတ္တဝါ တမျိုး ဖန်တီးမွေးမြူရင် အားလုံးအဆင် ပြေသွားမယ် ထင်ပါတယ်”
   
“ဟေ - အမှိုက်စား သတ္တဝါ”
    “ဟာ - အမှိုက်စား သတ္တဝါ”
   
အစည်းအဝေး တက်ရောက်လာသူ ပညာရှင်အားလုံးနဲ့ ရွာသူကြီးပါ အလန့်တကြား ဖြစ်သွားကြသည်။ မိမိတို့ ကြားလိုက်ရတာကိုပင် မယုံနိုင်အောင် ဖြစ်သွားသည်။ ကမ္ဘာ့ရွာသူကြီးသည် မျက်လုံးကို ပွတ်လိုက်ပြီး မျက်မှန်ပြန်တပ်ကာ ဒေါက်တာဝိတ်အား အထူးအဆန်း သဖွယ် ကြည့်နေလေသည်။
    ဒေါက်တာဝိတ်က -
   
“ဟုတ်ပါတယ်ခင်ဗျား။ ကျနော်နဲ့ ဒေါက်တာကျော်တို့နှစ်ဦး ပူးပေါင်း စဉ်းစားမိကြတာပါ။ ရုတ်တရက်ဆိုတော့ အထူးအဆန်း ဖြစ်သွားပုံတော့ ရပါတယ်။ ဒါပေမယ့်.. ဒါဟာ ထူးထွေဆန်းပြားတဲ့အရာ လုံးဝ မဟုတ်ပါဘူး။ အမှိုက်စား သတ္တဝါဖန်တီး မွေးမြူဖို့ လိုအပ် တဲ့ နည်းပညာ၊ ကုန်ကျမယ့်ငွေကြေးကို ဒေါက်တာကျော် စိစစ်တွက်ချက်နေပါတယ်။ နောက်ထပ် နာရီဝက်အတွင်း အကြမ်းဖျင်း အစီအစဉ် ချပြနိုင်ပါပြီ။ အခုလောလောဆယ် ကျနော်က အမှိုက်စားသတ္တဝါနဲ့ ပတ်သက်ပြီး အကြမ်းဖျင်းတင်ပြပါ့မယ်” ဟု ပြောသည်။ အစည်းအဝေး တက်ရောက်လာသူများ  အလွန် စိတ်ဝင်စားသွားကြသည်။
   
“အမှိုက်စား သတ္တဝါကို ဖန်တီးတဲ့အခါ ကြွက်တွေလို အမှိုက် သရိုက်၊ အညစ်အကြေးတွေကြားမှာ နေထိုင်တတ်တဲ့ ဗီဇရှိဖို့ ကြွက်တွေရဲ့ D.N.A ကိုယူ၊ ပိုးဟပ်တွေလို လေထဲကလှိုင်းကလေးတွေ ခံစားနိုင်ပြီး အဲဒီ အာရုံခံ ခံစားချက်အရ သိရှိဆုံးဖြတ်နိုင်ဖို့ ပိုးဟပ်တွေရဲ့ ဗီဇနဲ့ တည်ဆောက်ပုံကိုယူ၊ နောက်ပြီး ယင်ကောင်တွေလို အနံ့ခံအာရုံ သိဖို့နဲ့ အမြင်အာရုံ ကျယ်ပြန်ဖို့ ယင်ကောင်တွေက မျိုးစိတ်ကိုလည်းယူ၊ နောက်ပြီး ကွန်ပျူတာထဲမှာ (Software)သုံးသလို သက်ရှိတွေမျိုးပွားခြင်း အဆင့်ဆင့် ပြောင်းလဲရာမှာ သုံးတဲ့ (Wetware)ကို တပ်ဆင်ထည့်သွင်းပေး၊ ပြီးတော့ စပါးကြီးမြွေရဲ့ အစာချက်လုပ်မှု စနစ်အတိုင်း အစာချက်လုပ်ဖို့ သူ့ရဲ့အစာအိမ်ကို ပြုပြင် တပ်ဆင်ပေး၊ သူရဲ့ခန္ဓာကိုယ် ကြီးထွားရေးနဲ့ မျိုးပွားရေး အတွက် လိုအပ်တဲ့ အစာအဟာရတွေဟာ စွန့်ပစ် ပစ္စည်းတွေက ထွက်တဲ့ ဓာတ်နဲ့ ကိုက်ညီ အောင် ဖန်တီးလိုက်ရင်....၊ သူ့ရဲ့ စွန့်ပစ် အညစ်အကြေးကလည်း အကောင်းဆုံး ဓာတ်မြေသြဇာဖြစ်မယ်ဆိုရင်.....”
 ဒေါက်တာဝိတ် စကားကို ခေတ္တရပ်လိုက်သည်။
   
အစည်းအဝေး တက်ရောက်လာကြသည့် ပညာရှင်များက “ကွန်ဂရက်ကျူလေးရှင်း ဒေါက်တာဝိတ်၊ ခင်ဗျားဟာ တကယ့်ပါရမီရှင် စစ်စစ်ကြီးပါ။ အိုင်းစတိုင်းနဲ့ စတီဖင်ဟော့ကင်းပြီးရင် ခင်ဗျားဟာ ကမ္ဘာ့ ပါရမီရှင်ကြီးပါ။ လေးစားပါတယ်ဗျာ။ ကွန်ဂရက်ကျူလေးရှင်း” ဟု ဝမ်းသာအားရဖြင့် ဒေါက်တာဝိတ်အား နှုတ်ဆက်ဂုဏ်ပြုကြလေသည်။
   
ထိုအခါ ဒေါက်တာဝိတ်က “အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။ သို့ပေမယ့် ဒေါက်တာကျော်ရဲ့ အကြံဥာဏ်နဲ့ တွက်ချက်မှု မရရင် ကျနော် ဒီလိုတင်ပြနိုင်မှာ မဟုတ်ပါဘူး။ ဒေါက်တာကျော်အားလည်း ဂုဏ်ပြုသင့်ပါတယ်” ဟု ပြောလိုက်ရာ အားလုံးက တပြိုင်တည်း -
   
“ကွန်ဂရက်ကျူလေးရှင်း ဒေါက်တာကျော်။ ကျွန်ုပ်တို့ အလွန်လှိုက်လှဲစွာ ဂုဏ်ယူဝမ်းသာပါတယ်။ စဉ်းစားတွေးခေါ်ရာမှာရော လက်တွေ့ တီထွင်မှု ပိုင်းမှာပါ ပါရမီရှင်စစ်စစ်ကြီးတွေပါ။ လေးစားဂုဏ်ယူပါတယ်” ဟုပြော လိုက်လေသည်။

    ဒေါက်တာကျော်က- “အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျား။

အမှိုက်စား သတ္တဝါ ဖန်တီးမှုနဲ့ ပတ်သက်ပြီး အားလုံးက လှိုက်လှိုက်လှဲလှဲ ထောက်ခံခဲ့တဲ့အပြင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ကြဖို့ စိတ်ပါဝင်စားတဲ့ အတွက် အထူးကျေးဇူးတင်ရပါတယ်။ ကျနော် နည်းနည်း တင်ပြလိုတာက အမှိုက်စားသတ္တဝါဟာ အမှိုက်ကိုစားသုံးတဲ့အခါ အဆင့် (၃) ဆင့်နဲ့ စိစစ်နိုင်ဖို့ ဖြစ်ပါတယ်။ ပထမအဆင့်   ဆိုးကျိုးအရမ်း မဖြစ်စေတဲ့ အမှိုက်၊ ဒုတိယအဆင့် အမှိုက်တွေထဲမှာ အတော်အတန် ဆိုးကျိုးဖြစ်စေတဲ့ အမှိုက်နဲ့   ဆိုးကျိုး အရမ်းဖြစ်စေပြီး ချက်ချင်း ဖျက်ဆီးစားသုံးပစ်ရမယ့် အမှိုက် ဆိုပြီး စိစစ်ခွဲ ခြားနိုင်အောင် ဖန်တီးဖို့ တင်ပြလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမှိုက်ဆိုရင်စား၊ အမှိုက်ဆိုရင်စားလို့ပဲ သိပြီး စားသောက် ဖျက်ဆီး တာထက် အရေးကြီး ဆိုးကျိုးပေးတဲ့ အမှိုက်ကို အလျှင်အမြန် ရွေးချယ် ဖျက်ဆီးပစ်တာက ကမ္ဘာကြီးအတွက် ပိုအဆင်ပြေ ကောင်းမွန် နိုင်တယ်လို့ ယူဆလို့ပါ။ နောက်ပြီး အမှိုက်စားသတ္တဝါရဲ့ မျက်စေ့ကိုလည်း အစိမ်း၊ အဝါ၊ အနီ ဆိုပြီး အရောင်ထွက်စေဖို့ လိုပါတယ်။ ဒါမှလည်း အမှိုက်စားသတ္တဝါရဲ့ ရွေးချယ်စားသုံး ဖျက်ဆီးနေတာ ဘယ်လို အမှိုက်မျိုးလဲ ဆိုတာ အလွယ် တကူ သိရှိနိုင်မှာ မို့ပါ”ဟု ပြောရင်း ဒေါက်တာကျော် ရပ်နားလိုက်သည်။

    သို့ဖြင့်- အမှိုက်စားသတ္တဝါ ဖန်တီးနိုင်ဖို့ အတွက် ကမ္ဘာ့ သိပ္ပံပညာရှင်များ နေ့ည မပြတ်ကြိုးပမ်းနေ ကြလေသည်။ ခွင့်ပြုချက် ရန်ပုံငွေကလည်း အစည်းအဝေး ပြုလုပ်သည့်နေ့ ကတည်းက ဒေါ်လာဘီလျံနှင့် ချီ၍ ထောက်ပံ့ပေးသဖြင့် ဇီဝဗေဒ ပညာရှင်များ၊ အင်းဆက် ပညာရှင်များ၊ မျိုးရိုးဇီဝ ပညာရှင်များ၊ ကွန်ပျူတာပညာရှင်များ၊ ဓာတုဗေဒ ပညာရှင်များ စသည့် သိပ္ပံပညာရှင်များသည် ကမ္ဘာမြေကြီးအတွက် အထူးခြားဆုံးနဲ့ အပြောင်မြောက်ဆုံး ဖန်တီးမှုကြီးကို အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ရာ..။
   
ဒေါက်တာဝိတ်နှင့် ဒေါက်တာကျော်တို့ ဦးဆောင်သော ကမ္ဘာ့သိပ္ပံပညာရှင်များ၏ အမှိုက်စားသတ္တဝါ ဖန်တီးမွေးမြူရေး အစီအစဉ်သည် အကြိမ် ပေါင်းများစွာ လက်တွေ့ စမ်းသပ်ချက်များ၊ အသေးစိတ် စိစစ်ချက်များ ပြီးစီး၍ တခုသော မတ်လနှောင်းပိုင်း နွေနေ့ တနေ့တွင် လုပ်ငန်းအောင်မြင်ခြင်းသို့ ရောက်ရှိခဲ့လေသည်။

    အမှိုက်စားသတ္တဝါနှင့် ပတ်သက်၍ ရှင်းလင်းပွဲကြီးကိုလည်း ကမ္ဘာ့ ရွာသူကြီးက အမြန်စီစဉ်လိုက်လေသည်။ ရှင်းလင်းပွဲသို့ ကမ္ဘာ့ဌာနဆိုင်ရာ အဖွဲ့များ၊ အစိုးရမဟုတ်သော လူမှုရေး အသင်းအဖွဲ့များ၊ တခြားဂြိုဟ်များမှ အထူး ဧည့်သည်တော်များ၊ ဖိတ်ကြားထားသူများနှင့် စကြ၀ဠာလုံးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်လာကြသည်။ အဖွဲ့အစည်း တခုချင်း အလိုက် သတ်မှတ်ထားသော တူညီဝတ်စုံများ ဝတ်ဆင်တက်ရောက် လာကြသဖြင့် အသွေးအရောင်စုံသည့် လူ့ပန်းခင်းကြီးသဖွယ် တင့်တယ်လှပေသည်။ သတင်းထောက်များကလည်း နေရာအမျိုးမျိုးမှ  ဓာတ်ပုံ တဖျတ်ဖျတ် ရိုက်နေကြလေသည်။ မှတ်တမ်းတင် ဗီဒီယို ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့များမှာလည်း   သေချာချိန်ညှိရိုက်ကူးနေကြသည်။

    ကမ္ဘာ့ရွာ လုံခြုံရေးနှင့် လွှတ်တော်ဥက္ကဋ္ဌက အမှိုက်စားသတ္တဝါ ဖန်တီးရာတွင် သုံးစွဲခဲ့သော ရန်ပုံငွေ ငွေစာရင်း ရှင်းတမ်းကို တင်ပြသည်။ တက်ရောက်လာသူများက လုံးဝ စိတ်ဝင်စားခြင်း မရှိ။ အမှိုက်စားသတ္တဝါကိုသာ စိတ်စောလျက်ရှိသည်။ ဒေါက်တာဝိတ်က နည်းပညာ ပေါင်းစပ်သုံးစွဲ ဖန်တီးထားမှု အကြောင်းကို တင်ပြသည်။ စိတ်ဝင်စားသူ မရှိ။ အမှိုက်စား သတ္တဝါကိုသာ မြင်ချင်နေကြသည်။ ရှင်းလင်း တင်ပြမှုအားလုံး ပြီးဆုံးခဲ့ပြီ။ ထိုစဉ် နဖူးမောက်မောက် နှာယောင်ကောက်ကောက် ပါးစပ်ပြဲပြဲ သွားကျဲကျဲနှင့် အခါတော်ပေး ပုဂ္ဂိုလ်က ဝဝတုတ်တုတ်၊ ဝက်ပုပ်ရုပ်နှင့် ကုပ်ပိုးများ တက်နေသည့် ရွာသူကြီးအား မင်္ဂလာအချိန် ကျရောက်ပြီးဖြစ်၍ အမှိုက်စားသတ္တဝါကို အခါတော် ပေးလေသည်။

    အမှိုက်စားသတ္တဝါကို မှန်လှောင်အိမ်တခုတွင် ထည့်ကာ ရှင်းလင်းပွဲ အတွင်းသို့ ယူဆောင်လာကြသည်။ သို့ရာတွင် အပေါ်မှ ကတ္တီပါ ကားလိပ်ဖြင့် ကာထားသဖြင့် မမြင်ကြရသေး။ သတ်မှတ်ထားသည့် စင်မြင့်ပေါ် တင်လိုက်ပြီး ကမ္ဘာ့ရွာသူကြီးက စက်ခလုတ် နှိပ်၍ ဖွင့်လှစ်ပေး လိုက်လေသည်။ ထို့နောက် အဖွဲ့အစည်း အသီးသီးမှ လူများသည် တဖွဲ့ချင်း အမှိုက်စားသတ္တဝါရှေ့မှ လျှောက်ကာ ကြည့်ရှုခွင့် ရကြလေသည်။ သတ္တဝါ ကြီး၏ မျက်လုံးမှာ အဖြူရောင် ဖြစ်နေပြီး၊ ခန္ဓာကိုယ်မှာ အရောင်မွဲမွဲဖြင့် ဝိုင်းဝိုင်းလုံးလုံးကြီး ဖြစ်နေသည်။ အားလုံးကြည့်ရှုပြီး သောအခါ ဒုတိယ အစီအစဉ် အနေဖြင့် အမှိုက်စားသတ္တဝါ၏ အမှိုက်ရွေးချယ် ဖျက်ဆီးတတ်မှု စွမ်းရည် ကို လက်တွေ့ပြ,သ ရမှာ ဖြစ်ပါသည်။ အစီအစဉ်အတွက် ကမ္ဘာ့ ရွာသူကြီးကိုယ်တိုင် လက်တွေ့စမ်းသပ်ပြသ ပေးရန် ဖြစ်သည်။ ထို့ကြောင့် သတ္တဝါကြီးကို ထည့်ထားသည့် မှန်လှောင်အိမ်ကို စင်မြင့်ထက်မှ ကွင်းပြင်သို့ ပြောင်းရွှေ့ချထားလိုက်သည်။ အနီးနား တဝိုက်တွင် အမှိုက်သရိုက်မျိုးစုံ ပုံထားသည်။ ကမ္ဘာ့ရွာ သူကြီးနှင့် အုပ်ချုပ်ရေး အဖွဲ့ဝင် ၃ ယောက်တို့က မှန်လှောင်အိမ် တံခါးကို အဝေးထိန်း စက်ခလုတ်နှိပ်၍ ဖွင့်လှစ် ပေးလိုက်ပြန်သည်။ သတ္တဝါကြီး အပြင်သို့ တဖြည်းဖြည်း ထွက်လာသည်။

    သတ္တဝါကြီး၏ အမြင့်မှာ ၄ ပေ၊ ၈ လက်မခန့် ရှိပြီး၊ ကြီးမားသည့် ဦးခေါင်းနေရာတွင် ၃၆ဝ ဒီဂရီ မြင်နိုင်သည့် မျက်စေ့ကြီးက နေရာယူထားသည်။
 ပြဲကားနေသည့် ပါးစပ်မှာ ဝမ်းဗိုက်နှင့် တဆက်တည်း ရှိပြီး ကိုယ်အောက်ပိုင်းမှာ ဝိုင်းလုံးလုံး ပုတိုတို ဖားပြုပ် ပုံသဏ္ဍာန်ရှိသည်။
သတ္တဝါကြီး၏ မျက်လုံးကြီးနှင့် ကိုယ်အနေအထားကို တွေ့မြင်ရသည်မှာ မှိုပွင့်ကို ခေါင်းပေါ်တွင် ဆောင်းထားသည့် ဖားပြုပ် တကောင်ကဲ့သို့ မျက်စေ့ကြီးကို  ဆောင်းထားသည့်နှယ်ရှိ၏။
ရယ်ဖွယ်လည်းကောင်း၏။
ကြောက်ဖွယ်လည်း ကောင်း၏။
 တုတ်ခိုင် မာကျောသည့် ဘဲခြေထောက်ကဲ့သို့သော ခြေထောက်တိုတို နှစ်ချောင်းပေါ် ရပ်ကာ ဘေး ဝန်းကျင်ကို ကြည့်နေလေသည်။
လူ အများမှာလည်း ဘေးမှ ဝိုင်း၍ မျက်လှည့်ပွဲကြည့် သကဲ့သို့ စိတ်ဝင်တစားဖြင့် ဝိုင်းအုံကြည့်ရှု နေကြလေသည်။
သူကြီးနှင့် သူ၏ လက်ထောက် နှစ်ယောက်ကား ကွင်းအလယ်တွင် ရှိနေ၏။ သူကြီးက အဝေးထိန်း စက်ခလုတ်တခုကို နှိပ်လိုက်သည်။
သတ္တဝါကြီး၏ ကိုယ်ခန္ဓာ အတွင်းရှိ Wetware များ လှုပ်ရှားနေကြသည်။ အာရုံခံ ကိရိယာများ နိုးကြားလာသည်။ အစာချက်လုပ်သည့် စနစ်များ သွက်လက် လှုပ်ရှားလာသည်။
အမြင် အကြား အနံ့ခံ အာရုံများ ပိုမိုနိုးကြားလာသည်။ သတ္တဝါကြီးသည် ရှေ့မှ အမှိုက်ပုံများကို စိစစ်သည်။ မျက်လုံး အရောင် အစိမ်း။
ဘေးပတ်ဝန်း ကျင်ရှိ တူညီဝတ်စုံများ နှင့် လူများကို စိစစ်သည်။ မျက်စေ့အရောင် အဝါ။
   
သတ္တဝါကြီး၏ ကိုယ်အတွင်းမှ စက်ကိရိယာများ ပိုမိုလျင်မြန်စွာ၊ ပိုမိုသွက်လက်စွာ လှုပ်ရှားလာနေသည့် အသံမှာ အံကြိတ်သံ ကဲ့သို့ ထွက်ပေါ်လာသည်။
သတ္တဝါကြီး၏ ၃၆ဝ ဒီဂရီမြင်ရသော မျက်လုံးများမှာ သွက်လက်မြန်ဆန်စွာ လှည့်လည်ကြည့်ရှုနေသည်။ အာရုံခံနေသည်။ စိစစ် ရွေးချယ်နေသည်။ အရေးအကြီးဆုံးနှင့် ချက်ချင်း ရှင်းလင်း စားသောက် ပစ်ရမည့် အမှိုက်။ ဟော တွေ့ပါပြီ၊ ပုံရိပ် ၃ ခု။ သတ္တဝါကြီး၏ မျက်စေ့များသည် ချက်ချင်း အနီရောင်ပြောင်းသွားသည်။ အမြန်ဆုံး ရှင်းလင်းရမည့် အမှိုက်ကို တွေ့ရှိသွားပေပြီ။ ထို့နောက် သတ္တဝါကြီးသည် ရှေ့ရှိ အမှိုက်ပုံများကို ခွကျော်လိုက်သည်။ တလှမ်းချင်း လှမ်းထွက်လာသည်။
လူများ ရုတ်ရုတ် သဲသဲ ဖြစ်လာသည်။ အားလုံးထိတ်လန့်နေကြသည်။ သတ္တဝါကြီး၏ စွမ်းရည်မှာလည်း ပိုမို ပိုမို ထက်မြက်လာသည်။
သုံးစက္ကန့်ကို ပေါင်တရာ။
 သုံးစက္ကန့်လျှင် ပေါင်တရာ။
သူကြီးမှာ သူ့ဆီ တည့်တည့်လျှောက်လာနေသည့် အမှိုက်စားသတ္တ၀ါကို ကြည့်ပြီး ကြောက်လန့်တကြားဖြင့် လူအုပ်ကြားသို့ ဝင်ပြေးသည်။ သတ္တဝါကြီးက ရွာသူကြီးနောက် အမြန်လိုက်သည်။ ပရိသတ် အားလုံးလည်း ပြေးကြ၊ လွှားကြ၊ အော်ကြ၊ ဟစ်ကြနှင့် လဲပြိုကျ ဖြစ်နေသည်မှာ ငရဲခန်းတမျှ။

အခန်း (၃)
   
ဒေါက်တာဝိတ်၊ ဒေါက်တာကျော်နှင့် ကမ္ဘာ့သိပ္ပံပညာရှင်ကြီးများ အထိန်းသိမ်းခံလိုက်ရသည်။  ကမ္ဘာ့ရွာ သူကြီးနှင့်အဖွဲ့ကို စနစ်တကျလုပ်ကြံ သတ်ဖြတ်မှုဖြင့် အရေးယူထားကြောင်း သတင်းသည် စကြဝဠာတခုလုံးသို့ ပြန့်နှံ့သွားသည်။
 စုံစမ်းစစ်ဆေးမှုများ အရ- အကြိမ်ပေါင်း များစွာ လက်တွေ့စမ်းသပ်ချက်များ၊ အသေးစိတ် စိစစ်ချက်များတွင် အမှားအယွင်း လုံးဝမရှိကြောင်း၊ ကွန်ပျူတာနည်းစနစ်၏ မှန်ကန်တိကျစွာ လုပ်ဆောင်တတ်မှုကြောင့်သာ ယခုကဲ့သို့ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း အစီရင်ခံစာတခု ထွက်ပေါ်လာခဲ့သည်။
   
သို့သော် ကမ္ဘာ့ရွာသူကြီးနှင့် သူ၏ တပည့် ၂ ယောက်ကို ကိုက်မြိုစားသောက်ပြီး လွတ်ထွက်သွားသည့်  အမှိုက်စားသတ္တဝါသည် အလွန်လျင်မြန်စွာ မျိုးပွားသဖြင့် အမှိုက်စားသတ္တဝါများ ပြန့်ပွားနေကြောင်း၊ လိုအပ်သော အပူချိန်နှင့် ဖိအားရရှိလျှင် အမှိုက်စား သတ္တ၀ါသည် နှစ်ကောင်၊ လေးကောင်၊ ရှစ်ကောင် စသည်ဖြင့် ပြန့်ပွားနိုင်ကြောင်း၊ ကမ္ဘာမြေပေါ်သာမက စကြဝဠာများအတွင်းထိ မျက်လုံးနီနီကြီးဖြင့် အမှိုက်များကို ဖျက်ဆီးနေကြောင်း ထိတ်လန့် တုန်လှုပ်ဖွယ် သတင်းများကြောင့် အမှိုက်လူများ၏ လုံခြုံရေး ပိုမိုတင်းကြပ်မည့် သတင်းများလည်း ပေါ်ထွက်လာပေသတည်း။

နိုင်စွမ်း

၃၁ ဇန်နဝါရီ ၂ဝဝ၆

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved